စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သူတို့အလှနှင့်၊ သူတို့ဘ၀ကြေးမုံ


မှတ်ချက်။ ။အရှင်ကေ၀လ(အလင်းစက်)
http://ko-thitsar.blogspot.com/
မကုဋာရာမ မြန်မာကျောင်းတိုက်၊
ကိုလံဘိုမြို့၊ သီရီလင်္ကာနိုင်ငံ၊
(10/1/2012) မှ ရေးသားသည်
အလင်းစက် မှ တဆင့် ပြန်လည်ကူးယူဖော်ပြသည်။
မြတ်စွာဘုရားလက်ထက်တော်အခါက အမျိုးသ္မီးရဟန်းသိန်းနှင့်ချီ၍ ရှိနေနိုင်သည်ဟု ခန့်မှန်းရပါသည်၊၊ ထိုအထဲမှ ထူးခြားသည့် အမျိုးသ္မီးရဟန်းများအကြောင်းကို ထေရီအပါဒါန်ကျမ်းတွင် မှတ်တမ်းတင်ထားပါသည်၊၊ ထိုအထဲမှ တမူထူးခြားသည့် ရဟန်းမများ၏ဘ၀အစိတ်အပိုင်းများကို တင်ပြဆွေးနွေးပါမည်၊၊
ဤနေရာတွင် မြတ်စွာဘုရားပွင့်တော်မူရာ အိန္ဒိယတိုက်ကြီးတွင်ထိုခေတ်က ဇာတ်စနစ်လေးမျိုးရှိသည်ကို မှတ်သားရပါမည်၊၊ ယနေ့တိုင်လည်း ရှိနေဆဲပင်ဖြစ်ပါသည်၊၊ သို့သော် ရှေးခေတ်များလောက်ကား ခွဲခြားမှုမပြင်း ထန်တော့ပါ၊၊ မျိုးရိုးဇာတ်(၄)မျိုးမှာ--
(၁) ဗြဟ္မဏမျိုးဇာတ်=ပုဏ္ဏားမျိုး၊
(၂) ခတ္တယမျိုးဇာတ်=မင်းမျိုး၊
(၃) ဝေဿမျိုးဇာတ်=ကုန်သည်မျိုး၊
(၄) သုဒ္ဓမျိုးဇာတ်=ဆင်းရဲသားမျိုး၊ တို့ဖြစ်ကြပါသည်၊၊
ဗြဟ္မဏမျိုးသည် အမြတ်ဆုံးမျိုးရိုးဖြစ်ရကား အခြားမျိုးဇာတ်များသည် ဗြဟ္မဏလူမျိုးတို့၏မြေမှ အရိပ်ကိုသော်မှ နင်းဝံ့ကြသည်မဟုတ်ချေ၊၊ ယနေ့ခေတ်တိုင် ကား၊ ရထားစသည်များတွင် မျိုးဇာတ်အလိုက်ခုံနေရာများကို သပ်မှတ် ထားသည်ကို သိရပါသည်၊၊
“မဟတ္တမဂန္ဓီသည် လန်ဒန်နှင့်၊ တောင်အာဖရိကတိုက်မှတက္ကသိုလ်တက်ပြီး၊ ဗိုလ်စိတ်ပေါက်နေသူဖြစ်သည်၊၊ (အသားရောင် ခွဲခြားမှု)ဇာတ်စနစ်ကိုအလေးမထားဘဲ ဇာတ်မြင့်များသာစီးရသည့် ရထားတွဲကိုတက်ထိုင်မိသဖြင့် ခြေနှင့်ကန်ချသည်ကို ခံခဲ့ရသည်၊ ထိုအချိန်မှစတင်ပြီး မဟတ္တမဂန္ဓီသည် ဇာတ်စနစ် ကိုဖြိုဖျက်မည်ဟု ကြွေးကြော်ပြီးနိုင်ငံရေးစတင်လုပ်ခဲ့သည်ဟု သူ၏ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင်လေ့ လာရသည်၊၊”ဘိက္ခုနီသာသနာတော်အတွင်းသို့ အမျိုးဇာတ်လေးမျိုးမှ ၀င်ရောက်လာခဲ့ကြသည်ကို မှတ်သားရသည်၊၊
ဤသည်ကို ထောက်ဆသောအားဖြင့် ထိုခေတ်က “ဘိက္ခုနီသံဃာ”ကို အများက သဘောကျလက်ခံကြသည်ကို သိနိုင်သည်၊၊ (‘ဘိက္ခုနီသံဃာ’ဟူသည်ကို မြန်မာအမည်ဖြင့် ‘ရဟန်းမ’၊ ‘အမျိုးသ္မီးရဟန်း’၊၊ ပါဠိအမည်ဖြင့် ‘ထေရီ’ဟုခေါ်ပါသေးသည်၊ အရှင်၏စာတမ်းများတွင် ဤအမည်သုံးမျိုးကို သင့်သလိုအသုံးပြုသွားပါမည်၊၊)
ဥပ္ပလ၀ဏ္ဏာထေရီ၊ မုတ္တာထေရီ၊ မေတ္တိကာထေရီ၊ ဘဒ္ဒကာပိလာနီထေရီ၊ သုန္ဒရီထေရီ၊ ရောဟိနီထေရီ၊ သုဘာဇီဝကမ္ဗ၀နိကာထေရီ၊ စန္ဒာထေရီတို့သည် ဗြဟ္မဏအမျိုးဇာတ်မှ ဘိက္ခုနီသာသနာသို့ဝင်လာသူများ ဖြစ်ကြပါသည်၊၊ သောမာထေရီသည် ဗိမ္ဗိသာမင်း၏ ဗြဟ္မဏဇာတ် ပညာရှိအမတ်ကြီး၏သ္မီး ဖြစ်ပါသည်၊၊ ဥတ္တမာထေရီ၊ သုက္ကာထေရီတို့သည် ကုန်သည်သူဌေးကြီးများ၏ သ္မီးဖြစ်သည်၊၊ အနောပမာထေရီသည် သာကေတမြို့မှ ဘဏ်သူဌေးကြီး၏သ္မီးဖြစ်ပါသည်၊၊ ပဋာစာရာထေရီသည် သူဌေးကြီးတစ်ဦး၏သ္မီးပင် ဖြစ်ပါသည်၊၊
ကိသာဂေါတမီထေရီ၊ ပုဏ္ဏိကာထေရီတို့သည်ဆင်းရဲသားမျိုးဇာတ်မှ ဖြစ်ပါသည်၊၊ ၀ဒ္ဒေသီထေရီ၊ ဇေန္တီထေရီ၊ သေ လာထေရီတို့သည်မင်းမျိုးမှ ရဟန်းပြုလာသည့်အမျိုးသ္မီးများ ဖြစ်ပါသည်၊၊ ‘ခေမာထေရီ’သည် ဗိမ္ဗိသာရမင်းကြီး၏ မိဖုရားဘ၀မှ ရဟန်းပြုလာသူဖြစ်ပါသည်၊၊' သီဟာထေရီသည် ၀ဇ္ဇီတိုင်းပြည်၏ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ ‘သီဟသေနာပတိ’၏ သ္မီးတော်ဖြစ်ပါသည်၊၊
‘သုမေဓာထေရီ’သည် ဘိက္ခုနီသာသနာတော်သို့အလွယ်တကူ ၀င်ခွင့်ရခဲ့သည်မဟုတ်ချေ၊ မိဘများမှ အမျိုးသားတစ်ဦးနှင့် သဘောတူထိမ်းမြားရန်ပြင်ဆင်နေသည်၊ သူမသည်အဆင်းအလွန်လှပသည်၊ သူမ၏ဆံပင်သည် ခြေဖျားအထိရှည်လျားသည်၊ သတို့သားလောင်းသည် သူမကိုလိုလားနေသည်၊၊
အမျိုးမျိုးငြင်းဆန်သော်လည်း မအောင်မြင်ပေ၊ နောက်ဆုံးသူမသည် “ဤအမျိုးသားသည် ငါ၏ဆံပင်အလှကို မက်မောသည်ဖြစ်ချေသည်ဟု သဘောပိုက်ပြီး၊ ဆံပင်ကိုဓားဖြင့် ဖျတ်တောက်ပြစ်လိုက်လေသည်၊၊” ထိုအခါမှ သူမအားမိဘများမှ ဘိက္ခုနီဝတ်ရန် ခွင့်ပြုခဲ့လေသည်၊၊
အဘိရူပနန္ဒာထေရီ၊ ဇနပဒကလျာဏီထေရီ၊ သုန္ဒရီနန္ဒာထေရီတို့သည် မြင်သူငေးရသည့် သာကီဝင်မင်းသ္မီး အချောအလှများဖြစ်ပါသည်၊၊ အရှင်သာရိပုတ္တရာ၏ ညီမများဖြစ်ကြသည့် စာလာထေရီ၊ ဥပစလာထေရီ၊ သီသူပစာလာထေရီတို့သည် အသက်အရွယ်အလွန်နုပျိုချိန်တွင် သာသနာဘောင်သို့ဝင်ခဲ့သူများ ဖြစ်ပါသည်၊၊ အနောပမာထေရီ၊ သေလာထေရီ၊ ဒန္တိကာထေရီတို့သည်လည်း ငယ်ရွယ်လှပသူများပင် ဖြစ်ပါသည်၊၊
‘သုမနာထေရီ’သည် ပသေနဒီကောသလမင်း၏ နှမတော်ဖြစ်ပါသည်၊၊ ‘ဓမ္မာထေရီ’သည် ငယ်စဉ်ကပင် သာသနာတော်သို့ ၀င်လိုသော်လည်း မိဘများ၏အစီအမံဖြင့် အိမ်ထောင်ပြုခဲ့ရသည်၊ လင်သားသေဆုံးသည်အထိ သည်းခံပေါင်းသင်းနေပြီးမှ သူမသည်သာသနာ့ဘောင်သို့ ၀င်ရောက်ခဲ့ပါသည်၊၊
အဒ္ဓကာသီထေရီ၊ ၀ိမလာထေရီ၊ အဘယမာတာထေရီ၊ အမ္ဗပါလီထေရီတို့သည် အလွန်ချမ်းသာသည့် ‘ပြည့်တန်ဆာ’ ဘ၀မှ သာသနာ့ဘောင်သို့ ၀င်လာသူများဖြစ်ပါသည်၊၊ “ပြည့်တန်ဆာ”ဟုဆိုသဖြင့်ယ နေ့ခေတ်မှာကဲ့သို့မြင်ရန်ကား မဖြစ်နိုင်ပါချေ၊ အဘယ့်ကြောင့်ဆိုသော် ထိုခေတ်ကပြည့်တန်ဆာသည် သာမန်အမျိုးသ္မီးများ ဖြစ်ခွင့်မရှိဘဲ၊ ‘အဆင်း၊ ပညာ၊ ကြွယ်ဝမှု’အင်္ဂါရပ်များစွာနှင့်ပြည့်စုံသည့် အမျိုးသ္မီးတစ်ဦးကို တိုင်းပြည်တစ်ပြည်တွင် တစ်ဦးသာဖြစ်ခွင့်ရှိသော အချောအလှ၊ ပညာတတ်အမျိုးသ္မီးများ ဖြစ်ပါသည်၊၊ ပြည့်တန်ဆာဖြစ်လောက်သည့် အရည်အခြင်းများစွာနှင့်ပြည့်စုံ သူကို ရှင်ဘုရင်မှတိုက်ရိုက်ခန့်ထားခြင်း ဖြစ်ပါသည်၊၊ နိုင်ငံရေးနှင့်လည်းများစွာပင် ဆက်စပ်ပါသည်၊၊
ဥဗ္ဗရီထေရီသည် သူဌေးမတစ်ဦးဖြစ်ပြီး၊ သူမ၏သ္မီးသေဆုံးရာမှသံဝေဂဖြစ်ပြီး သာသနာတော်သို့ဝင်လာခဲ့ သည်၊၊ သောမာထေရီသည် သူငယ်ချင်းအမျိုးသမီး သေဆုံးရာမှသံဝေဂဖြစ်ပြီး သာသနာတော်အတွင်း ၀င်လာခဲ့ပါ သည်၊၊ ၀ါသေဌီထေရီသည်လည်း တစ်ဦးတည်းသောရင်သွေးငယ်သေဆုံးရာမှ သာသနာတော်သို့ဝင်ခဲ့ပါသည်၊၊
‘ဣသိဒါသီထေရီ’သည် အလွန်ချမ်းသာသည့် သူဌေးသ္မီးပြီး၊ ရုပ်အဆင်း မြင်သူငေးရအောင် လှပသူဖြစ်သည်၊ သူမအရွယ်ရောက်သော် မိဘများမှသင့်တော်သည့် အမျိုးသားကိုရှာဖွေ၍ ထိမ်းမြားပေးခဲ့ သည်၊၊ မိဘပေးစားသဖြင့် သဘောတူကြည်ဖြူခဲ့ရသော်လည်း သူမသည်ခင်ပွန်းသည်ကို ရိုသေသည်၊ ကြင်နာခဲ့သည်၊၊ သို့သော် ခင်ပွန်းသည်မှ တူညီသည့်တုန့်ပြန်မှုကို မရသဖြင့်မိဘအိမ်သို့ ပြန်လာခဲ့ရသည်၊၊
သူမ၏မိဘတို့သည် သမီးငယ်သေးသည်ဟုဆိုပြီး နောက်ထပ်အမျိုးသားတစ်ဦးနှင့် ထိမ်းမြားပေးပြန်သည်၊ သူမ အတွက် ထူးမခြားနားပင်ဖြစ်နေပြန်သည်၊၊ ဤအကြိမ်တွင်တော့သူမသည် မိသားစုဘ၀ ကိုငြီးငွေ့သွားပြီဖြစ်၍ မိဘများအားခွင့်ပန်ကာ သာသနာဘောင်သို့ ၀င်လာခဲ့တော့သည်၊၊ “မိဘတို့ကဆင်စီးမြင်းရံစေလို၍ သားသ္မီးများ အိမ်ထောင်ရေးကို အတင်းအကျပ်စီစဉ်သော်လည်း သားသ္မီးတို့အတွက် ဘ၀တစ်ခုလုံးကို အမုန်းဆေးဖော်သောက် ရာ ရောက်စေတတ်သည့်သဘာဝကို ဣသိဒါသီထေရီ၏ဇာတ်လမ်းက သက်သေပြုနေပါသည်၊၊”
‘သောဏာထေရီ’သည် သားသ္မီးဆယ်ဦးရှိသည့် မိခင်ဖြစ်သည်၊၊ လင်သားဆုံးသွားသောအခါ ရှေးခေတ် အိန္ဒိယထုံး စံအရ စီးပွားကိုသားအကြီးဆုံးက ဦးဆောင်ရသည်၊၊ သောဏာသည် သားနှင့် ချွေးမတို့၏ အမျိုးမျိုးနှိပ်စက်သည့် ဒဏ်ကိုမခံနိုင်သည့်အဆုံး သာသနာတော်သို့ ၀င်ရောက်ခဲ့ပါသည်၊၊ သကုလာထေရီ၊ နန္ဒုတ္တရာထေရီ၊ သုဇာတာထေရီတို့သည် ဘာသာခြားမှ သာသနာတော်သို့ဝင်လာသူများ ဖြစ်ပါသည်၊၊ ကုဏ္ဍလကေသာထေရီသည် ဂျိန်းသီလရှင်တစ်ပါးဖြစ်ပြီး၊ ဂျိန်းသီလရှင်ဘ၀မှ သာသနာတော်သို့ ဘိက္ခုနီအဖြစ် ၀င်ရောက်လာသူဖြစ်သည်၊၊
ဆွေးနွေးဖော်ပြခဲ့ပြီးသော ဘ၀အလွှာမျိုးစုံမှ သာသနာတော်တွင် ‘ထေရီအနွယ်အစစ်’ရဟန်းအမျိုးသ္မီးများသည် သာသနာတော်တွင် တရားဓမ္မကိုကျိုးစား ကျင့်သုံးကြသဖြင့် သောတာပန်အဆင့်မှ ရဟန္တာအဆင့်များအထိ မဂ်ဖိုလ်ပန်းတိုင်များကို လျောက်လှမ်းနိုင်သွားခဲ့ကြသည်ကို အားကျအတုယူဖွယ် လေ့လာရပါသည်၊၊
ဘိက္ခုနီသာသနာတော်အတွင်းသို့ ၀င်ရောက်လာကြသည့် အမျိုးသ္မီးများကို သုံးသပ်လေ့လာကြည့်လျင် အရွယ် အမျိုးအမျိုး၊ အဆင့်အမျိုးမျိုး၊ အခြေအနေအမျိုးမျိုး၊ ဘာသာအမျိုးမျိုးတို့မှဖြစ်နေသည်ကို တွေ့ရပါမည်၊၊ ဘိက္ခုနီ ဘ၀သို့ သဒ္ဓါတရားသီးသန့်ဖြင့် ၀င်ရောက်လာသူများရှိသကဲ့သို့ ဘ၀အကြပ်အတည်းများ၊ နာကျင်ကြေကွဲဖွယ်ရာ အခြေအနေများမှ ၀င်ရောက်လာသူရှိခဲ့သည်ကိုလည်း ဖော်ပြထားပြီးစာမျက်နှာများကိုလေ့လာသဖြင့် သိရှိပြီး ဖြစ်ပေမည်၊၊
မည်သို့ဆိုစေ ဘိက္ခုသာသနာတော်ကြီးတည်ရှိသဖြင့် အမျိုးသ္မီးများအတွက် ‘လွတ်လပ်ခွင့်လမ်း၊ မှီရာဌာနကြီးတစ်ခု ရှိနေသကဲ့သို့’ပင် ဖြစ်ပါသည်၊၊ အမျိုးသ္မီးများအနေဖြင့် မိသားစုဘ၀တွင် အကယ်၍မနေလိုက သာသနာတော်သို့ ၀င်ရောက်ပြီး စနစ်ကျသည့်ဝိနည်းစည်းကမ်းများအတွင်းတွင် တရားဓမ္မကို ငြိမ်းအေးစွာအားထုတ်ခွင့် ရရှိနိုင်လေသည်၊၊

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...