စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အာဖရိက မော့စ် (သို့) N ! Xau


       ပူပြင်းလှသော နေ့တစ်နေ့၏ နေ့လယ်ခင်းအချိန်တွင် ဖြစ်သည် ။အာဖရိကတိုက် ဆာဗားနား သဲကန္တာရထဲရှိ ဆမ်ကွေ အမည်ရှိသော ရွာလေးတစ်ရွာသည် ငြိမ်သက် စွာ ပုံမှန်အတိုင်းရှိနေခဲ့သည် ။ မကြာမီ သူတို့ရွာအပေါ် ကောင်းကင်ယံမှ ဆူဆူညံညံ အရာတစ်ခု ဖြတ်သွားသည် ကို မသဲမကွဲမြင်လိုက်ရပြီး သူတို့ကြားဖူးနေကြ မဟုတ်သောအသံတစ်ခုကိုလည်း ကြားလိုက်ကြရသည် ။ ရွာသားများသည် တန်ခိုးကြီးသော နတ်သားတစ်ပါး ခြေနင်းစကြ်ာ နှင့် ဝေဟင်မှ တိုင်းခန်းလှည့်လည်သွားတာ ဖြစ်ကောင်းဖြစ်နိုင်ကြောင်း မှတ်ယူကြသည် ။ မိုးလေ၀သ မှန်ကန်ဖို့ အချို့က မိုးပေါ်မှ အရှင်ကြီးကို ရှိခိုးပသကြသည် ။ သူတို့ဘ၀၌ ရဟတ်ယာဉ်လို ၊ လေယာဉ်ပျံလို ကောင်းကင်မှာ ပျံသန်းသော စက်တပ်ယာဉ်မျိုးကို မဆိုထားဘိ ....အလွန်ခေါင်လှသော လူရိုင်းများ နေရာရွာဖြစ်၍ မြို့ပေါ်မှာ သူသူငါငါ သုံးနေသော ပုလင်းတစ်လုံးကိုပင် တစ်သက်နှင့်တစ်ကိုယ် မမြင်ဖူးရှာပါ ။
           ကောင်းကင်မှာ စက်သံဝေးသွားသော အခါ ပြောင်ပြောင်လက်လက် အရာတစ်ခု ကောင်းကင်မှကျလာသည် ။ ထိုအရာသည် တစ်စုံတစ်ယောက်က သောက်ပြီးလွှင့်ပစ်လိုက်ရာမှ 
မြေပေါ်သို့ ကျလာသော ကိုကာကိုလာ ပုလင်းခွံ တစ်လုံးသာ ဖြစ်သည် ။ကံကောင်းထောက်မ သဖြင့် ပုလင်းသည် သဲပေါ်သို့ ကျကာ မကွဲပေ ။ အကောင်းပကတိ ဖြစ်သည် ။ ပုလင်းလေးကို ရတော့ ရွာသားများက မမြင်စဖူး ထူးဆန်းသော ပစ္စည်းဖြစ်၍ ပျော်နေကြသည်။ အ၀တ်လျှော် ၊ ချည်ငင် ၊ ခလေးထိန်း စသော ကိစ္စများမှာ ပုလင်းက အတော်အသုံးဝင်လာသည် ။ ပုလင်းတစ်လုံးကို ဟိုအိမ်က လိုချင် ဒီအိမ်က လိုချင်ဖြစ်ကာ ပြဿနာဖြစ်လာရသည် ။ သူတို့ရွာလေး၌ ဘယ်သောအခါမှ မရှိခဲ့ဖူးသည့် လောဘ ၊ ဒေါသ ၊ မောဟ ၊ ဣဿမစ္ဆရိယ တွေ ရွာသားတွေထံမှာ ပေါ်လာသည် ။ ထိုအခါ ရွာအကြီးအကဲများက ဤပုလင်းကြောင့် မကောင်းမှုများဖြစ်ရသည်ဆိုကာ ရွာသားအားလုံးကိုယ်စား တစ်ယောက် ( N ! Xau ကို ပုလင်းအား သွား၍စွန့်ပစ်ခိုင်းသည် ။ လမ်း၌ ဒုက္ခ သုက္ခပေါင်းစုံကြုံရကာ ပျော်ရွှင်ဖွယ်ဇာတ်သိမ်းထားသော အဆင့်မြင့် ဟာသ ကား တစ်ကားဖြစ်သည် ။ ထိုဇာတ်ကားတစ်ကားတည်းဖြင့် အာဖရိက တိုက် နမီးဘီးယား နိုင်ငံမှ မထင်မရှားတောရွာသားလေး မှာ ကမ္ဘာကျော် ဟာသ သရုပ်ဆောင်တစ်ယောက်ဖြစ်သွား၏ ။ သူ့မျက်နှာကို တစ်ခါ မြင်ဖူးလျှင် ဘယ်သူမှ မမေ့နိုင် ရိုးသားသော အပြုံးပိုင်ရှင်ပင်ဖြစ်သည် ။
           သူ့ကို အင်တာဗျူးထားတာလေးကို ရယ်စရာ မဂ္ဂဇင်းမှ သရ၀ဏ် ရေးခဲ့တာလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ် ။


ခင်ဗျားရဲ့ နာမည်က ထူးဆန်းတယ်နော် ... တစ်ခါမှ မတွေ့ဖူးဘူး အာမေဋိတ်အမှတ်အသား ( ! ) ပါ နာမည်မှာ ပါနေတယ် ။ N ! Xau ဆိုတဲ့ နာမည်ဖြစ်လာပုံကိုရှင်းပြပါဦး။
တစ်ကယ်တော့ ကျုပ်နာမည်ကို အနောက်တိုင်းသားတွေဟာ ဘယ်သူမှ မှန်အောင် အသံမထွက်တတ်ဘူး ။ ကျုပ်နာမည်မှာ တောက်ခေါက်သလို အာခေါင်ကို ဖွပြီးထွက်ရတဲ့ အသံတစ်ခုပါတယ် ။အင်္ဂလိပ်စာလုံး "ow" နဲ့ နဲနဲ ဆင်တယ်လို့ လူတွေက ပြောတာကြားဖူးတယ် ။ နောက်ဆုံးတော့ ကျွန်တော့်နာမည်ကို စာလုံးပေါင်းဖို့ အင်္ဂလိပ် အက္ခရာရှာမတွေ့တာနဲ့    ( ! ) စာလုံးကို အစားထိုးထည့်ရာက     N ! Xau ဆိုတဲ့နာမည်ဖြစ်လာတာပါ ။အနီးစပ်ဆုံးနာမည်အသံက တော့ နောက်ဇိုးပါ ( မှတ်ချက် ။   ။ နိုင်စွမ်း မဟုတ်ပါ ဤကား စကားချပ် )

  ကဲ ထားပါတော့ ကိုနောက်ဇိုးရေ ခင်ဗျားရဲ့ မွေးသက္ကရာဇ်နဲ့ ဇာတိကိုသိပါရစေ ။
  မွေးသက္ကရာဇ်က ရေရေရာရာကတော့ မမှတ်မိဘူးဗျ .. မြို့က လူတွေပြောကြတာတော့ ကျုပ်ဟာ ၁၉၄၄ ဒီဇင်ဘာလ ( ၁၆ ) မှာ မွေးတာ ဖြစ်နိုင်တယ်တဲ့ ။ အတိအကျ တော့ မသိပါဘူး ။ ဇာတိရပ်ရွာ ကတော့ နမီးဘီးယားနိုင်ငံ Tsumkwe ရွာမှာ မွေးပါတယ် ။ ကာလာဟာရီ သဲကန္တာရ အနီးမှာ ရှိပါတယ် ။

  အဲဒီလောက် ချောင်ကျတဲ့ အရပ်ကနေ ဘယ်လိုလုပ်ပြီးရုပ်ရှင်ထဲကိုရော
က်လာတာလဲ ။
  တောင်အာဖရိက နိုင်ငံသား ရုပ်ရှင်ဒါရိုက်တာ ဂျေမီအူးရစ် ( Jamie Uys ) က ကျုပ်ကို ရှာတွေ့ပြီး ရုပ်ရှင်ရိုက်ချင်တယ်ပြောတာနဲ့ လုပ်ဖြစ်သွားတာပါ ။ ရုပ်ရှင်ဆိုတာ လဲ ကျုပ်အရင်က သေသေချာချာသိတာတော့ မဟုတ်ပါဘူး ။

  အဲဒီ မတိုင်ခင်ကရော နိုင်ငံခြားသားတွေကို မြင်ဖူးဆက်ဆံဖူးလား ။
  ရုပ်ရှင် စ မရိုက်ချင်အထိ ကျုပ်ဘ၀မှာ မျက်နှာဖြူ လူမျိုးဆိုလို့ သုံးယောက်ပဲ မြင်ဖူးခဲ့ပါတယ် ။နောက်တော့ မြို့ပေါ်ရောက်မှ နိုင်ငံခြားသားတွေကို မြင်ဖူးတာပါ ။

   The Gods Must  Be Crazy ဇာတ်ကားက ခင်ဗျားရဲ့ ပထမ ဆုံး ဇာတ်ကားပေါ့နော် ။
  ဟုတ်ပါတယ် ။ ကျုပ်ဟာ နမီးဘီးယား နိုင်ငံသားထဲမှာ အကျော်ကြားဆုံး ရုပ်ရှင်သရုပ်ဆောင်ပါ ။

  အဲဒီဇာတ်ကားအတွက်  သရုပ်ဆောင်ကြေး နည်းနည်းပဲ ရခဲ့တယ်ဆိုတာ ဟုတ်ပါသလား ။
  ဟုတ်ပါတယ် ။ ဒေါ်လာတို့ ဘာတို့လဲ မမြင်ဖူးဘူး ၊ ငွေကြေးတန်ဖိုးကိုလည်း နားမလည်တော့ သူတို့ပေးသလောက်ပဲယူခဲ့တယ် ။ အဲဒီဇာတ်ကားအတွက် ကျုပ်ဒေါ်လာ ( ၃၀၀ ) ပဲရခဲ့ပါတယ် ။

  အဲဒီဇာတ်ကားက ကမ္ဘာကျော်သွားတယ်လေ ။ အမေရိကားမှာလည်း အအောင်မြင်ဆုံး နိုင်ငံခြားရုပ်ရှင် အဖြစ် ၀င်ငွေ စံချိန်တင်တယ် ။ နောက်ကားဆက်ရိုက်တော့ရော ပိုက်ဆံ ထိုက်ထိုက်တန်တန် ပေးရဲ့လား ။
  နောက်ကား The Gods Must  Be Crazy 2 ရိုက်တော့ ကျုပ်ကလည် သွားပြီ ။ အဲဒီဇာတ်ကားအတွက် တောင်အာဖရိက ရမ်ငွေ ခြောက်သိန်း (အမေရိကန်ဒေါ်လာ ရှစ်သောင်းခန့် ) ရရှိခဲ့ပါတယ်။ ဒီငွေကလည်း ရွာမှာ တိုက်အိမ်တစ်လုံးဆောက်ဖို့ရယ် ရေနဲ့မီး သွယ်ဖို့ရယ် မိသားစုအတွက် လိုအပ်တဲ့ ပမာဏရယ်ပဲ တောင်းခဲ့တာပါ ။ ကျုပ်ဟာရုပ်ရှင်ထဲမှာ နေသလိုပဲ အပြင်မှာ နေပါတယ် ။ လူသိများလာပေမယ့် ကိုယ့်ရွာမှာပဲ ကိုယ်နေပါတယ် ။

  ရုပ်ရှင်မရိုက်တော့တဲ့အချိန်မှာ ဘာတွေလုပ်ဖြစ်ပါသလဲ ။
  ရုပ်ရှင်ရိုက်တာ ၁၉၉၄ မှာပြီးသွားပါတယ် ။ အဲဒီနောက်မှာ ရွာကိုပြန်ပြီး ပြောင်းဖူးစိုက်တယ် ၊ နွားမွေးတယ် ၊ ရွှေဖရုံသီးစိုက်တယ် ၊ ကားတစ်စီး ခဏ ၀ယ်စီးလိုက်သေးတယ် ။ ဒါပေမယ့် ဒရိုက်ဘာ ငှားထားရတာ ပိုက်ဆံကုန်လို့ ပြန်ရောင်းလိုက်တယ် ။ ရုပ်ရှင်ထဲမှာလိုပဲ အပြင်မှာလည်း ကျုပ်က ကားမမောင်းတတ်ဘူး ။

  မိသားစု အကြောင်း ပြောပြပါဦး ။
  ဇနီး သုံးယောက်ရှိပါတယ် ။ ခလေး ခြောက်ယောက်ရှိပါတယ် ။

  ရိုက်ခဲ့ဖူးတဲ့ရုပ်ရှင် ဇာတ်ကားတွေအကြောင်းပြောပြပါလား ။
  ဟုတ်ကဲ့ ကျုပ်ရိုက်ခဲ့တဲ့ ရုပ်ရှင်တွေကတော့
     1. The Gods Must Be Crazy ( 1980 )
     2. The Gods Must Be Crazy 2 ( 1989 )
     3. Crazy Safari ( 1991 )
     4. Crazy Hong Kong ( 1993 )
     5. The Gods Must Be Funny in China ( 1994 )
 တို့ဖြစ်ပါတယ် ။

  ခင်ဗျားတစ်သက်လုံးကျင်လည် နေခဲ့တဲ့ အသိုင်းအ၀ိုင်းက နေ ရုပ်ရှင် ရိုက်ဖို့ အပြင်လောကကို ခေါ်ထုတ်လာတာ အင်မတန် ရက်စက်ရာ ကျတဲ့အလုပ်ရယ်လို့ ခင်ဗျားရဲ့ ရုပ်ရှင် ဒါရိုက်တာ ၊ ဇာတ်ညွှန်းရေးဆရာ ၊ ထုတ်လုပ်သူ ဂျေမီအူးရစ် ကို လူတွေက ဝေဖန်တဲ့အပေါ်မှာ ဘာပြောချင်ပါသလဲ ။
  အပြင်လောကဟာ ရွာမှာ နဲ့တော့ မတူပါဘူး ။ ဒါပေမယ့် ရုပ်ရှင် ရိုက်ရတာ ကျွန်တော်ကြိုက်ပါတယ် ။ကျုပ်ဟာ သရုပ်ဆောင်ဖို့ မွေးဖွားလာတာပါ ။ ကျုပ်တို့ရွာက လူရိုင်းတော်တော်များများဟာ သဘာဝ သရုပ်ဆောင်စစ်စစ်တွေဖြစ်ကြပါတယ် ။ ကျွန်တော်ဟာ မြို့ကို မရောက်ဖူး ၊ မြို့ပြယဉ်ကျေးမှုနဲ့ တစ်ခါမှ မပတ်သတ်ဖူးလို့ ဒီရုပ်ရှင်မှာ ဒါရိုက်တာက ခေါ်သုံးတာပါ ။ မြို့မှာရှိနေပြီးသား လူကို လူရိုင်းအ၀တ်ဝတ်ပေးပြီး ရိုက်ရင် ကျုပ်တို့လောက် ဘယ်ပီပြင်မှာလဲ ။

  ဘယ်နိုင်ငံတွေရောက်ဖူးပါသလဲ ။
  ဒီဇာတ်ကားကို ယူဂန္ခာမှာ ရိုက်ခဲ့တာပါ ။ တရုတ်ပြည် ၊ ဟောင်ကောင် နဲ့ ဂျပန် ကိုလည်း ရုပ်ရှင်ကိစ္စနဲ့ရောက်ဖူးပါတယ် ။

  ဟောင်ကောင်မှာ ရိုက်တာ ဘာဇာတ်ကားလဲ
  သွေးစုတ်ဖုတ်ကောင်တွေရယ် ၊ ဘုန်းကြီးတစ်ပါးရယ် ၊ ဘရုစ်စလီရဲ့ ၀ိညာဉ်ကို ပြန်ခေါ်တဲ့ ဇာတ်လမ်းတစ်ခုပဲ ။ ဟာသ သရဲကားပေါ့ ။ တရုတ်ပြည်မှာ ရိုက်ခဲ့တဲ့
The Gods Must Be Funny in China က တောတွင်းဟာသ ကားပါ ...။

  ရုပ်ရှင်လောကမှာ အမှတ်ရစရာလေးတွေရှိလား ။
  ဟောင်ကောင်မှာ ရိုက်ခဲ့တဲ့ ကျုပ်ရုပ်ရှင်တွေမှာ ကျုပ် အသံကို မသုံးဘူးဗျ ကျုပ်အသံကိုထည့်ထားတော့ တစ်မျိုးကြီးပေါ့ဗျာ ။ ကိုယ်နဲ့မလိုက်ဖက်တဲ့ အသံမျိုးလို့ ခံစားရတယ် ။ ကျုပ်တို့ ရုပ်ရည်မျိုးဟာ ကျုပ်တို့ဘာသာ စကားနဲ့မှ ဘက်ညီပြီး လိုက်ဖက်ပါတယ် ။ ကိုယ့်တိုင်းပြည် ၊ ကိုယ့်ပရိသတ်အတွက်ဖန်တီးတယ်ဆိုပေမယ့် ရုပ်ရှင် ဒါရိုက်တာတွေဟာ ဒါကိုတော့ နားလည်သဘောပေါက်သင့်တယ်လို့ ကျုပ်ထင်ပါတယ် ။လူရိုင်းတစ်ယောက်ပါးစပ်က တရုတ်စကားသံတွေထွက်နေတာ ... ကျုပ်တို့ရွာမှာတော့ တကယ့်ကို ရယ်စရာဟာသတစ်ခုပါပဲ ။

            အထက်ပါ ပုလင်းကား အဓိက သရုပ်ဆောင် လူရိုင်းမင်းသားကြီး ကျွန်တော်တို့အခေါ် အာဖရိက မော့စ် ( သို့ ) N ! Xau သည် ၂၀၀၃ ခုနှစ် ၊ ဇူလိုင်လ ၁ ရက်နေ့ သူ့အသက် ၅၈ နှစ်အရွယ်တွင် ဇာတိရွာကလေးတွင် မထင်မရှား ကွယ်လွန်သွားပြီ ဟု သူ့ဇနီးက ပြော၏ ။ တီဘီရောဂါဖြင့် ကွယ်လွန်သွားသည် ဟုလည်း သိရသည် ။ တစ်ချို့ကလည်း ထင်းခုတ်သွားရင်း တောထဲတွင် ကွယ်လွန်သွားသည်ဟု ပြောကြသေးသည် ။ နာမည်ကြီးမင်းသား မင်းသမီးများ ၀မ်းချုပ်သည့် သတင်းက အစ လက်မနှေးပဲ မဂ္ဂဇင်းဂျာနယ် များက ထည့်နေကြသော်လည်း ဤသတင်းက ဘယ်မှာ မှ ပါတာမတွေ့ရ ။ ၀မ်းနည်းဖို့ကောင်းလှသည် ။

                   ရယ်စရာ မဂ္ဂဇင်း မှ သရ၀ဏ် ရေးသားသော အင်တာဗျူးအား ပြန်လည် ကူးယူ တင်ပြထားပါသည် ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...