စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အမေကျေနပ်မှာပါလေ (အမေများအားလုံးအတွက် အမေများနေ့ အမှတ်တရ)

- ၁ -

အလုပ်ဆင်းခါနီးမို့ လုပ်လက်စအလုပ်တွေကို လက်စသတ်ပြီး ကုလားထိုင်ပေါ်ပဲ ခြေပစ်လက်ပစ်
ပြန်ထိုင်လိုက်တော့တယ် ။ အခုဆို သူ ဒီမှာ ရှိတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှာ Store Keeper
ရာထူးနဲ့ အလုပ်ဝင်နေတာ သုံးနှစ်ဆိုတဲ့ ကာလတစ်ခု နီးနီးရောက်လုနေပြီ ။ ဒါနဲ့ လာမည့် အပတ်
ကျရင် သူဌေး ပြောထားတဲ့ နောက်ထပ် အလုပ်ပါမစ်တိုးဖို့ ကိစ္စလည်း HR ကို တိတိကျကျ
အကြောင်းပြန် ရဦးမယ် ။

စားပွဲပေါ်မှာ တင်ထားတဲ့ ပြက္ခဒိန်ဆီ အကြည့်ရောက်တော့ အခုဒီလဟာ ဇန်န၀ါရီလ၊  မြန်မာပြည်မှာ
ဆို တစ်နှစ်လုံးရဲ့ အအေးအကဲဆုံး ပြာသိုလဆိုတာကိုပါ အတွေးထဲ တစ်လက်စတည်း ရောက်လာမိ
ပြန်ပါတယ် ။

- ၂ -

ဒီအချိန်ဆို သူနေခဲ့သော မြို့လေးမှာ အရမ်းချမ်းနေလောက်ပြီလေ .. အမေရော အေးတဲ့အချိန်ဆို
နေလို့ထိုင်လို့ ကောင်းပါ့မလား ဆိုတာကိုပါ တွေးလိုက်မိသည် ။ အမေမှာက ထိပ်ကပ်နာရှိလို့
အရမ်း အေးတဲ့အချိန်ဆို သူ့ခမျာ အရမ်းပဲ သတိထားရတာ ။

သူ ဒီနိုင်ငံကို အလုပ်လာလုပ်ဖို့အတွက် သူ့အမေ၏ တွန်းအားများစွာ ပါရှိခဲ့ပါသည်။ နိုင်ငံခြားထွက်
တော့မှ မဟုတ်ပါဘူးလေ … သူ့အမေမှာရှိတဲ့ သားသုံးယောက်ထဲက သားလတ် တစ်ယောက်ဖြစ်
သည့် သူ့အပေါ် အမြဲတမ်း ခွန်အားတွေ ၊ တွန်းအားတွေ ပိုပိုသာသာ ပေးခဲ့တာ သူကိုယ်တိုင်
အသိဆုံး။ သားသုံးယောက်ထဲ ကမှ အမေ ပိုလို့ချစ်မှန်းသိလို့ သိသိကြီးနဲ့ ဆိုးခဲ့တာ နိုင်ငံခြား
မထွက်ခင်အချိန်ထိ ပါပဲလေ …. မိဘဆိုတာ မလိမ္မာသည့် သားသမီးကို ပိုချစ်တယ် ဆိုတာ ဒါပဲ
နေမှာ ။

သူငယ်ငယ်က ဆိုးခဲ့တာတွေကတော့ ပြောမကုန် … အရက်စသောက်သည့်နေ့က အဖေမသိအောင်
တိုးတိုး တိတ်တိတ် ဆူခဲ့တာတွေ … နောက်ပိုင်း သောက်တတ်လာတဲ့အခါ မကြိုက်ပေမယ့် ပြော
လို့ရမှန်း သိတော့  အမေက စိတ်မကောင်းပေမယ့် ထပ်ပြောမနေတော့ …  ကျောင်းပြီးလို့ ကုမ္ပဏီ
တစ်ခုမှာ ၀င်လုပ်တဲ့အခါ အပေါင်းအသင်းက ခပ်များများဆိုတော့ များပြားလှသည့် ခေါင်းစဉ်များ ၊
အထိမ်းအမှတ်ပွဲတိုင်း အောက်မှာ အရက်၏ ကျေးကျွန် ဖြစ်မှန်းမသိ ဖြစ်ခဲ့ရသည့် အချိန်တွေကို အခုချိန်
ပြန်တွေးတိုင်း နှမြောမဆုံး ။

မိုးဥတု၏ နေ့တစ်ခုမှာ သူကြိုက်တတ်သည့် ဖားသားကြော်စားချင်ကြောင်း ပူဆာမိတဲ့အခါတုံးက
သူတို့ ရပ်ကွက်ဈေးထဲမှာ ဖားဝယ်လို့မရလို့ အမေက သူကိုယ်တိုင် ဆိုက်ကားတစ်တန် ၊
ကုန်းကြောင်းတစ်တန်နဲ့ တစ်ခြား ရပ်ကွက်ဈေးသွားမှာ မရရအောင် ၀ယ်ပေးပြီး အကုသိုလ်တွေ
တစ်ပုံတစ်ပင် အတက်ခံကာ တကူးတက ကြော်ကျွေးခဲ့ပေမယ့် အမေသောက်နေကျ ဆေးကုန်သွား
လို့ လမ်းထိပ်က ဆေးဆိုင်လေးမှာ ၀ယ်ခိုင်းတော့ တီဗွီမှ ကြည့်လက်စ ဘောလုံးပွဲကြောင့်
မကြားချင်ယောင် ဆောင်ခဲ့မိတာ သူရယ်ပါ ။

သူဖျားနေစဉ်မှာ အရမ်းစားချင်နေတဲ့ ကြေးအိုးပြုတ်ကို မြို့ထဲမှာ တစ်ကူးတစ်က သွားဝယ်ပေးခဲ့တာ
အမေလေ ။ အမေ နေမကောင်းတဲ့အခါကျတော့ အမေ ခံတွင်းတောင်းတဲ့ မုန့်ဟင်းခါးကို အပြင်ထွက်
ဝယ်ရမှာ ပျင်းလို့ အိမ်မှာရှိတဲ့ ခေါက်ဆွဲခြောက်ထုတ်ကိုပဲ  ပြုတ်ကာ အမေ့ကို ချော့ကျွေးပြီး ၀တ်ကျေ
တန်းကျေ ပြုစုခဲ့တာတွေ ။

ဒါတွေ ပြန်တွေးမိလိုက်တိုင်း အခုချိန်မှာ သူ့ကိုယ်သူ အမှန်တကယ် ခွင့်မလွှတ်နိုင်ခဲ့ပါဘူး ။

သူအလုပ်က ဘယ်အချိန်ပဲ ပြန်လာလာ ။ သူအိမ်ပြန်လာသည်အထိ  စောင့်မျှော်တတ်တဲ့အမေ့ကို
လစ်လျှုရှုပြီး ပြန်လာချင်တဲ့အချိန်မှ ပြန်လာတာ။ အမေကတော့ ၀တ္တရားမပျက် သူပြန်ရောက်သည်
အထိ စိတ်ပုတီးလေး တချောက်ချောက် စိတ်ရင်း စောင့်နေမြဲ .. သူအသန့်ကြိုက်တာ ၊ အရက်မူးပေမယ့်
တွေ့သည့်နေရာ မအိပ်တာမျိုးကိုတော့ သားဆိုးကို ချစ်တဲ့အမေပီသစွာ သိနေသည်ပဲ ။

အမေ့မေတ္တာ ၊ စေတနာတွေအားလုံး ရေခြားမြေခြား တစ်နေရာရောက်မှ တစ်စတစ်စ ပိုမို သိရှိနားလည်
ခဲ့တာ မဟုတ်ပါလား … ဒီမှာ နေထိုင် မကောင်းတဲ့အခါမျိုးဆို အားလုံးက အလုပ်ကိုယ်စီ၊ တာဝန်ကိုယ်စီ
နဲ့မို့လို့ မိတ်ဆွေ သူငယ်ချင်း အချင်းချင်း နွေးနွေးထွေးထွေး မပြုစုနိုင်တာ … အလုပ်ချိန်မတူလို့ အိမ်သော့
တစ်ယောက်တစ်ချောင်းစီကိုင်ကာ ကိုယ့်အလုပ်ချိန်နဲ့ကိုယ် အပြင်ထွက်ရတာမို့  ဘယ်အချိန် အိမ်ပြန်
ရောက်ရောက် အမေ့အိမ်လို တစ်ယောက်နဲ့တစ်ယောက် တကူးတက အချိန်ပေး ကြိုလင့်မယ့်သူ မရှိတာ ..
တစ်ခါတစ်ခါ တွေးလိုက်မိတိုင်း အမေ့အိမ် အမေ့ရင်ခွင်ကို သတိရပြီး ရင်ထဲ ဟာတာတာတော့  ဖြစ်မိသား ..

- ၃ -

တစ်ချိန်သောအခါက သူ့ရဲ့ ချစ်သူဆန္ဒဖြစ်တဲ့ လက်ထပ်ဖို့ကိစ္စ တောင်းဆိုချက်ကို သူ့မှာ အစဉ်သင့်မဖြစ်
သေး၍ အချိန်ကာလတစ်ခုထိ စောင့်ရန် ချစ်သူကို နားချခဲ့မိသည်။ ဒါကို ချစ်သူက နားလည်မှု
လွဲမှားစွာဖြင့် နာကျည်းကာ အိမ်မှ သဘောတူသည့် လူတစ်ယောက်ကို လက်ထပ်သွားခဲ့သည် ။
အဲဒီနောက်ပိုင်းမှာတော့ သောက်နေကျပြီးဖြစ်တဲ့ အရက်ကို သတိလစ်သည်အထိသောက်ရင်း
အသည်းကွဲရောဂါကို လအနည်းငယ်ကြာအောင် ကုစားခဲ့တာ ...  အဲတာကို မကြည့် ရက်တာက
အမေရယ်လေ ...

အဲဒီတုန်းကဆိုရင် သူလူမှန်းမသိအောင် မူးနေတာကို  နှစ်ပတ်တစ်ခါမှ အိမ်ပြန်လာတတ်တဲ့ နယ်မှာအလုပ်
လုပ်တဲ့ အဖေမသိအောင် ဖုံးဖုံးဖိဖိ တစ်မျိုး ၊ သိပြန်တော့လည်း သူ့ဘက်က မှားမှန်းသိပါလျှက်နှင့် အဖေ
ပြောမှာ ၊ ရိုက်မှာစိုးလို့ အဖေ့ကို မျက်ရည်ခံထိုး တောင်းပန်ရတာက တဖုံ ၊ အစ်ကိုနဲ့ ညီနှစ်ယောက် ကြားရင်
ညီအစ်ကိုချင်း ပဋိပက္ခတွေ ထပ်ဖြစ်လာမှာစိုးရိမ်လို့ သိုသိုသိပ်သိပ်ဖြင့် တစ်နည်းဖြင့်  အအိပ်ပျက် ၊ အစားပျက်
ကာ အင်မတန်မှ ပင်ပန်းလွန်းသော အမေ့ကို မြင်မှ ၊ အမေ သူ့ကြောင့် မျက်ရည်ကျသည်ကို ကိုယ်တိုင်တွေ့မှ
အမေ့မေတ္တာကို တန်ဖိုးထားနားလည်စွာဖြင့် သူကြိုက်လွန်းလှသော (တစ်နည်းအားဖြင့် ဆိုရရင် သူ့ကိုထား
ခဲ့သော ချစ်သူထက် သူပို၍ ကြိုက်နှစ်သက်သော)  အရက်ကို အမေ့ရှေ့တွင် ဂတိပေး၍ ဖြတ်ခဲ့တာ ယနေ့
အချိန်ထိပဲ ဆိုပါတော့။

အဲဒီတုန်းက သူက ဘုရားရှေ့မှာ အရက်ကို ယတိပြတ် လှူချင်ပေမယ့် အမေက သူ တစ်နည်းနည်းနဲ့ ပြန်
သောက်မိရင် ဒုက္ခရောက်မှာစိုးလို့ ဘုရားမှာ မလှူစေခဲ့ဘဲ အမေ့ရှေ့မှာတင် ဂတိပြုစေခဲ့တာကိုလည်း မနေ့
တစ်နေ့က မြင်ကွင်းလို ထင်ထင်ရှားရှား ။


အဲဒီအချိန်က နိုင်ငံခြားဆိုတာကြီးကို မသွားချင်ပေမယ့် တစ်ဘ၀လုံးဆိုးလာခဲ့သမျှ အမေ့ကို စိတ်ချမ်းသာ
စေချင်တာရယ် ၊ ချစ်သူထားခဲ့တဲ့ မွေးရပ်မြေ နယ်မြို့ကလေးမှာ မနေချင်တော့တာရယ် ။ ဒီလို ခိုင်လုံသော
အကြောင်းနှစ်ရပ်နဲ့ပင် အဖေမလွှတ်ချင်သော ၊ အမေစေလွှတ်သော နိုင်ငံခြားကို သူ ရောက်ရှိခဲ့ရခြင်းပါ ။

- ၄ -

ရောက်ခါစတုန်းက ရေခြား မြေခြားနေရာမှာ လူမျိုးခြား ကိုးကွယ်ယုံကြည်မှုခြားတွေကြားထဲ ဘာသာစကား
ကပါ ခြားနားပြန်တော့ အလုပ်ထဲမှာက ဘယ်လိုမှ အဆင်မပြေ ။ အိပ်ရာဝင်တိုင်း နောက်နေ့ဆိုတာကြီးကို
ဘယ်လို ရင်ဆိုင် ရမလဲဆိုတာ တွေးရင်း အိမ်ကိုသာ ပြန်ချင်တဲ့ အိမ်ကိုသတိရတဲ့ Home Sick ဖြစ်မိတာ
ညတိုင်းပါ ။   ဒါပေမယ့် အမေမျက်နှာကို စိတ်ထဲ ပြန်မြင်လိုက်တိုင်း ၊ အိမ်ပြန်ချင်စိတ် ဖြစ်မိတိုင်းမှာ ဒီမလာခင်
အမေ ကုန်ကျခဲ့ရတဲ့ ငွေကြေးအရင်းအနှီးများ ၊ မိသားစုအပေါ် (အထူးသဖြင့် အဖေ့ကို) သူ့အတွက် ပေးခဲ့တဲ့
ကတိစကားများ ဒါတွေကို ပြန်စဉ်းစားဆင်ခြင်ပြီး စိတ်ကလေးလျှော့လို့ အမေ မှာလိုက်တဲ့ ရတနာသုံးပါး
မမေ့ဖို့ ဆိုတာကို ခေါင်းထဲ ပြန်ထည့်ရင်း ညတိုင်းလိုလို သရဏဂုံ ပုတီးစိတ်ကာ အိပ်ခဲ့ရတာ အခုဆို အကျင့်
ဖြစ်ပြီး ညတိုင်း ဂုဏ်တာ် ပုတီးစိတ်နေတတ်တာ ကောင်းသော ပြောင်းလဲခြင်း တစ်ခုပါပဲ ။

ပြီးတော့ နေသားမကျခင်မှာ တော်တော်စိတ်ညစ်ရတာ ။ ဒီမှာရော မြန်မာပြည်မှာပါ အလုပ်လုပ်ရပြီး
အိမ်ပြန်ရတာချင်း တူပေမယ့် အရာအားလုံးက မြန်မာပြည်က အမေ့အိမ်လို အဆင်သင့် မဖြစ် ။  မနက်
မနက်ကတည်းက ကြိုတင် မပြင်ဆင်ထားခဲ့ရင် အိမ်ရောက်ရင် အဆင်သင့်စားလို့မရ ။ အပြင်က ဆိုင်
တွေမှာ အလွယ်ဝယ်စားလို့ရပေမယ့် ဒီက အစားအစာတွေတော်တော်များများက မြန်မာအစားအစာ ၊
မြန်မာဟင်း ကြိုက်သော သူ့အတွက် သိပ်ပြီး အဆင်မပြေလှပါ ။ ထမင်းစားတိုင်း အကျင့်ဖြစ်နေတဲ့
ငါးပိရည်နှင့် ရေနွေးကြမ်း မပါလျှင် စား၍ အဆင်မပြေသော ဒီအကျင့်က အခုထိ မပျောက် ။ ဒါတောင်
အခုတော်တော် ကျင့်သားရလာတာ။ ရောမ ရောက်တော့လည်း ရောမလိုကျင့်ရတော့တာပေါ့ ။
နိုင်ငံရပ်ခြားမှာ နှစ်ရှည်လများ နေဖို့ဆိုတာ တော်ရုံပါရမီ မဟုတ်ကြောင်း ဒီရောက်မှ တစ်စတစ်စ
သိလာရခြင်းပါ ။


ဒီမှာ လူကြိုက်များတဲ့ အနောက်တိုင်း အစားအစာတွေ ဖြစ်တဲ့ KFC တို့ Mac Donald တို့ Pizza
တို့ဆိုတာ ဥရောပအစားအစာတွေရဲ့ ထုံးစံအတိုင်း အကောင်းတကာ့ အကောင်းဆုံးတွေနဲ့ ပြင်ဆင်
ထားတာ ဆိုပေမယ့် အရင်ကတော့ မစားဖူးသေး၍ မြည်းစမ်းကြည့်ယုံမျှသာ .. လားလားမှ မကြိုက် ... 
သူ့ဟာနဲ့သူတော့ ကောင်းပေ့ ၊ ညွန်ပေ့ဆိုတာ တွေနဲ့ပြင်ဆင်ကြော်ချက်ထားပေမယ့် သူအခု အမှန်
တကယ် စားချင်နေတာ ဘာလဲလို့ မေးရင် အမေလက်ရာ ချဉ်ပေါင်ကြော်လို့ပဲ ဖြေမှာ အသေအချာ ။
အမေ ချဉ်ပေါင်ကြော်ရင် မျှစ်ကလေးထည့် ၊ ငါးပိစိမ်းစားလေး ထည့်ပြီး ပုစွန်ခြောက်မသုံးပဲ ပုစွန်စိမ်း
လတ်လတ် ဆတ်ဆတ်တွေနဲ့ မိုးမျှော်တောင့်လေးတွေ ချိုးထည့်ပြီး စပ်စပ်ကလေး ချက်တာ ။ အမေ
ချဉ်ပေါင်ကြော်တဲ့နေ့မျိုးဆိုရင် သူတို့ ညီအစ်ကိုတစ်တွေ ထမင်းဝိုင်းမှာ ထမင်း ထည့်မလောက်
ဖြစ်တာက ခနခန ။

ဒီကအလုပ်ထဲမှာ Annual Dinner လုပ်တဲ့အခါဆို လူဆယ်ယောက်စာလောက်အတွက် ပြင်ဆင်ပေးတဲ့
စားဝိုင်းတစ်ဝိုင်း အတွက် မြန်မာငွေ နှစ်သိန်းဝန်းကျင်လောက်တန်တဲ့ စားဝိုင်းမှာ စားတဲ့အခါမျိုးကျရင်
အမေပြင်ပေးတဲ့ ထမင်းဝိုင်းလေးကို ဘာကြောင့်မှန်းတော့မသိ မဆီမဆိုင်နဲ့ပဲ သတိရတယ် ။  အိမ်မှာ
အဖေနယ်က ပြန်ရောက်တဲ့အခါမျိုးဆို မိသားစု ငါးယောက်လုံးစုံမှ ထမင်းစားလို့ရတာ ။ အဲဒီအခါကျ
အမေက လက်စွမ်းပြပြီး မီးဖိုထဲကနေ မထွက်တော့ပဲ ချက်တော့တာပဲ ။ ပြီးရင် ထမင်းစားခန်းမှာ မစားကြဘဲ
အိမ်ရှေ့ခန်းမှာ စားပွဲဝိုင်းလေးခင်း၊ ပြီးတော့ မိသားစုငါးဦး လက်ဆုံစားကြတာလေ ။ အဲဒီ အရသာက
တန်ဘိုးရှိတဲ့ စားဝိုင်းကြီးထဲက သူစိမ်းတရံစာတွေကြား တစ်ဦးတည်း စားရတာထက်စာရင် အပုံကြီး
သာပါတယ် ။


တကယ်တမ်းပြောရရင် အမေ့လက်ရာ ထမင်းဝိုင်းလေးဟာ ခမ်းခမ်းနားနား ထည်ထည်ဝါ၀ါ မရှိပါဘူး ။
ဒါပေမယ့် ဖွယ်ဖွယ်ရာရာလေးပါ ။ အမေ ပြင်ထားတဲ့ ထမင်းဝိုင်းလေးမှာ တန်ဖိုးကြီး ဟင်းတွေ ၊ နာမည်ကြီး
အစားအစာတွေတစ်ခုမှ မပါပေမယ့် အမှန်တကယ် မြန်မာဆန်လှပြီး မိသားစုတစ်စုရဲ့ အငွေ့အသက်တွေ
ဖြစ်တဲ့ ဖခင်တစ်ယောက်ရဲ့ နွေထွေးခြင်းတွေ မိခင်တစ်ယောက်ရဲ့ ကြင်နာခြင်းတွေနဲ့ သူတို့ ညီအစ်ကို
တစ်တွေရဲ့ ချစ်ခြင်း တရားတွေကို ပြသနေတဲ့ နေရာတစ်ခုလို့ဆိုရင် မှားမယ် မထင်ပါ ။

- ၅ -

သူ ဒီနေ့ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်နိုင်စွာပဲ ချလိုက်ပြီးပြီမို့ အမေ့ဆီ ဦးဦးဖျားဖျား ဖုန်းဖြင့် အကြောင်းကြား
လိုက်တော့ အမေ ၀မ်းသာနေကြောင်း ဖုန်းထဲက မမြင်ရသော်လည်း သူသိပါသည်။  အဲဒီဆုံးဖြတ်ချက်က
ဘာလဲဆိုတာ ကိုတော့ အထူးအထွေ ပြောပြရန် လိုတော့မည်မထင်ပါ ။ မြန်မာပြည်ကို (တနည်းဆိုရင်
အမေ့အိမ်ကို) ပြန်ဖို့ပဲပေါ့ ။ အလုပ်ထဲက လူကြီးတွေကတော့ အလုပ်ထဲ ဆက်လုပ်စေချင်တာမို့ အလည်ပြန်ပြီး
ပြန်လာရန် ပြောပေမယ့် စိတ်ထဲက သေချာစွာ ဆုံးဖြတ်ပြီးသားမို့ ထပ်ပြီး မပြင်ချင်တော့ ။ 

အရင်နှစ်နှစ်က အအလုပ် သိပ်မကောင်း ။  အိမ်ကို ငွေပို့တာကလည်း ပို့တယ်ဆိုရုံမျှ ၊ နောက်ဆုံး စာချုပ်ပြည့်
ခါနီး ဒီနှစ်မှာမှ ကုမ္ပဏီက တရှိန်ထိုး ထိုးတက်ပြီး အလုပ်က ကောင်းလာတာ ။ အလုပ်ကောင်း ၊ နေရာကောင်း
ပေမယ့် အခုတော့ သူတကယ် ပြန်ချင်နေတာ အမေ့အိမ်ကိုပါ ။

အမှန်အတိုင်း ၀န်ခံရလျှင် နိုင်ငံခြားဆိုတာကြီးက သူနေခဲ့သော နယ်မြို့လေးထက် အဆပေါင်းများစွာ
သာပါတယ်။ ၀ယ်ချင်တာ ၊ စားချင်တာ ပေါ်သရွှေ့ အားလုံးက နောက်ဆုံးတကာ့ နောက်ဆုံးပေါ်ချည်းသာ ။
ဒါပေမယ့် သူ မနေချင်တော့ မနေနိုင်တော့ပါဘူး ။

လောကမှာရော သူ့အတွက်ပါ ငွေက အရေးကြီးပေမယ့် ငွေနောက်ကို မလိုက်ချင်တော့ပါ ။ ဘ၀မှာ ဆုံးရှုံးခဲ့
ပြီးသော လူတစ်ယောက်၏ တန်ဖိုးနှင့် ငွေကြေးများအား တိုင်းတပါးမှာ နေထိုင်ရင်း အချိန်ကာလ အတိုင်းအတာ
တစ်ခုအထိ သူပေးဆပ်ခဲ့ပြီး ဖြစ်ပါသည် ။ 

သူရဲ့သက်တမ်းတလျှောက်လုံး အမေပေးခဲ့တဲ့ မေတ္တာတရားတွေ ၊ ချစ်ခြင်းတွေအတွက် အမေ့ကို တတ်နိုင်
သမျှ ခွန်နဲ့အားနဲ့ ပြန်လည် ပြုစုပေးရဦးမည်လေ ။ အမေလည်း တစ်သက်လုံး ပင်ပန်းလွန်းလှပါသည် ။
အထူးသဖြင့် သူ့အတွက် ပို၍ စိတ်ရော လူပါ တစ်ချိန်တုံးက ပင်ပန်းခဲ့ရပါသည်။ ဒါတွေကို သူတတ်နိုင်သမျှ
နို့တစ်စက်ဖိုးပင် ကျေကျေ အချိန်မှီ ပြန်ဆပ်ချင်သေးပါသည်။  သူ့နောင်တတရားသည် အချိန်မနှောင်းသေး
ကြောင်း အပြည့်အ၀ ယုံကြည်ပါသည် ။

အမေ့အတွက် သူ နိုင်ငံရပ်ခြားမှ သယ်ဆောင်လာနိုင်တာကတော့ ငွေထုတ်ကြီး မဟုတ်ပါ။  သားတစ်ယောက်ရဲ့
အမေ တစ်ယောက်အပေါ် သိတတ် နားလည်ခြင်းများ ၊ ဘ၀မှာ အချိန်ပေးပြီး သင်ယူမှ ရသော လူတစ်ဦး၏
ရင့်ကျက်ခြင်းများနဲ့ ဘာသာတရားပေါ် နက်နက်နဲနဲ ယုံကြည်အားကိုးမှုများသာ ဖြစ်ပါသည်။

ဒီအတွက်တော့ အမေကျေနပ်မည် ဆိုတာကို သူအမှန်တကယ် သိနေပါသည် ။ ဟုတ်ပါတယ် ။ အမေ ကျေနပ်မှာပါလေ ....



ဝီရသွင် (ပီနန် - မလေးရှား)
wirathwin@gmail.com


ဒီရသ ၀တ္တုတိုလေးနဲ့ ကျွန်တော့်အမေနဲ့ ကမ္ဘာပေါ်ရှိ အမေအားလုံးကို မြန်မာပြည်က အမေများနေ့မှာ
ကန်တော့လိုက်ပါတယ် ။ ဒီစာဖတ်ကြသူများ အမေနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ အသိ တစ်ခုခုလေး ရသွားရင်
ကျွန်တော် စာရေးရကျိုးနပ်ပါပြီဗျာ ...

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...