စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဗုဒ္ဓ ၏ ကမ္မနိယာမ နှင့် အနှစ်သာရ -အပိုင်း - ၂

by Young Buddhist's Association on Tuesday, November 23, 2010 at 1:33pm

                           ဗုဒ္ဓ ၏ ကမ္မနိယာမ နှင့် အနှစ်သာရ -အပိုင်း - ၂

အမှားဝါဒ ပယ်လိုက်ကြ

ကံသက်သက်ယုံသောအမှား ဝါဒ

ကံတခုတည်းကိုသာ လုံးလုံးယုံကာ မကောင်းလည်းကံ၊ ကောင်းလည်းကံ ဟုအတိတ်ကံကိုသာလုံးဝပုံချလျှင်လည်း ဒိဋ္ဌိအယူမှားပင် ( ပုဗ္ဗေကတဟေတုဒိဋ္ဌိ)

အတိတ်ကံတခုတည်းကိုသာ အားကိုးကာ ပစ္စုပ္ပန် ကံ၊ ဥာဏ်၊ ဝီရိယတို့ ကို လျစ်လျုရှုလိုက်ပါက မိမိကိုယ်ကိုအား ကိုး လိုစိတ်မရှိတော့ဘဲ အတိတ်၏ကံအပြစ်များဟုသာဆိုနေရာ၏။ ကံကိုယုံ၍ ဆူးပုံမနင်းသင့်၊ ကျားရဲရာ ကြမ္မာမယိုးသာ ဟူသောစကားပုံများရှိခဲ့သည်၊  အယူမှားက (သို့ ) ကံအကြောင်းကိုနားမလည်လျှင် လူကောင်းကို လူဆိုးလူညံ့ဟု၊ လူဆိုးကို လူတော်လူကောင်းဟု ထင်ယောင်မှားသွားတတ်သည်။


ဖန်ဆင်းရှင်ယုံသော အမှားဝါဒ

သတ္တဝါတွေတွေ့ ကြုံနေရသည့် ခံစားမှုအားလုံးသည် အစိုးရသော တန်ခိုးရှင် ( creater  ) က ဖန်ဆင်းထား၍ သာဖြစ်သည်ဟု ယူဆ ယုံကြည်လျှင် ဒိဋ္ဌိအယူမှားပင် ( ဣဿနိမ္မာန ဝါဒ)။
ဖန်ဆင်းရှင် တန်ခိုးရှင်သည် သတ္တဝါများ ကို မတူအောင်အဘယ်ကြောင့် ဖန်ဆင်းရသနည်းဟုမတွေးတော့၊ မိမိကိုသူ့ အသက်သတ်သောသူ၊ သူ့ ဥစ္စာခိုးသူများ ဖြစ်အောင်အဘယ်ကြောင့် ဖန်ဆင်းရသနည်းဟုမစဉ်းစားတော့။ ချမ်းသာသူ နှင့် ဆင်းရဲသူ အဘယ်ကြောင့်ကွဲပြား၍ ဖန်ဆင်းရသနည်းဟုမမေးချင်တော့၊ တန်ခိုးရှင်၏ဖန်ဆင်းမှုတခုတည်းကိုယုံကြည်စွဲမှတ်ထားသူသည် အမှုတခုကို ကောင်းသည်၊ မကောင်းသည် ၊ ပြုသင့် သည် မပြုသင့်သည် မစဉ်းစား ဥာဏ်နှင့် ဝီရိယကို မသုံးတော့ချေ။ ဖန်ဆင်းရှင် အလိုအတိုင်းဟုသာ သတိလက် လွတ်မကောင်းမှု မှန်သမျှ ဆက်လုပ်နေမည်သာ။


ကျိုးကြောင်း မဲ့ ယုံသော အမှားဝါဒ

သတ္တဝါများ တွေ့ ကြုံခံစားနေရသော ဆင်းရဲမှု၊ ချမ်းသာမှုအားလုံးသည် အကြောင်းအထောက် အပံ့ မရှိဘဲ သူ့ အလိုလို ဖြစ်ပေါ်လာသည်ဟု ယုံကြည်သော ဒိဋ္ဌိအယူမှား ( အဟေတု အပ္ပစ္စယ - ဝါဒ)


အယူမှန်မှ ကံကောင်းရ ၊ ကံ၊ဥာဏ်၊ဝီရိယ ယုံလိုက်ကြ။

ကောင်းကံလုပ်လျှင်-  ကောင်းကျိုးပေးမည်။မကောင်းကံလုပ်လျှင် - မကောင်းကျိုးပေးမည်။ကံအကြောင်းကို သိလိုလျှင် ကမ္မနိယာမကို သိရမည်။ကံ၏အကျိုးကို ယုံ၊ ဥာဏ်ဖြင့် ချင့်ချိန်၊ ကောင်းကံဖြစ်အောင် ဝီရိယစိုက်၊



ဆိုးကံကြုံက သူတစ်ပါး အပြစ်မတင်ရ ၊ အမှန်စင်စစ် ကိုယ့်အပြစ်

ကံဆိုသည် အကျိုးပေးတတ်သည့်အရာဟုနားလည်ထားပါက ကံဆိုးကြုံက သူတစ်ပါးကို အပြစ်ပုံချ နေစရာမလို။ဤဘဝ ဆင်းရဲရခြင်း၊ အဆိုးကံနှင့်သာကြုံနေရခြင်း၊ အရှုံးနှင့်သာရင်ဆိုင်နေရခြင်း၊ ရောဂါဝေဒနာဆိုးများခံစားနေရခြင်းသည် အမှန်စင်စစ် လွန်ခဲ့သောအချိန်များက မိမိသာပြုခဲ့မိသော ကံစေတနာအဆိုးများကြောင့်ပင်။ အမှန်စင်စစ် မိမိအပြစ်များသာ၊
ကောင်းမှုလုပ်သော်လည်း ဘာကြောင့် ဆင်းရဲဒုက္ခရောက်ရသလဲဟူ၍ မေးခွန်းများစွာ ထုတ်တတ်ကြသည်။
ယခုဘဝတွင် ကောင်းမှုများလုပ်နေသော်လည်း အကုသိုလ်ဆိုးကံဆိုးများနှင့်သာကြုံတွေ့ နေရသူသည် အတိတ်က ဝိပါက်ကံဆိုးများအလှည့်ကျနေချိန်ကြောင့်ဟုဖြေရမည်။

မကောင်းမှုလုပ်သော်လည်း ဘာကြောင့် ချမ်းသာအောင်မြင်မှုတွေ ရနေရသလဲဟုမေးသော်

ယခုအချိန် အကုသိုလ်အလုပ်များဖြင့်အသက်မွေးမှုပြုနေသော်လည်း အတိတ်ကံကောင်း၏အကျိုးကို ရနေချိန်ကြောင့် ယခုချမ်းသာနေသေးသည်ဟု ယုံရမည်။ယခုလုပ်နေသော မကောင်းမှုတို့ ၏အကျိုးပေးချိန် ရောက်လာသော် မကောင်းမှုကံဆိုးများကြုံရမည်မှာ မလွဲပင်။



ကံကောင်းချင်လျှင်

ကံကောင်းချင်သည်ဟု အော်ဟစ်ကာ ဆုတောင်းနေရုံနှင့်မရ။ ကံကောင်းအောင် ဘယ်သို့ လုပ်ရမည်ကို ဥာဏ်ဖြင့်စဉ်းစားကာ ကောင်းကံကို ဝီရိယသုံးကာ ကျိုးစားပါ။  ဥပမာ- တောင်ပေါ်သို့ တက်ချင်လျှင် တက်ချင်သည်ဟု ဟစ်အော်ငိုကျွေးနေ၍ တောင်ပေါ်သို့ မရောက်။ ဥာဏ်ဖြင့် သက်သာသောလမ်းကို ရွေးကာ ဝီရိယအားထုတ်ပြီး တောင်ပေါ်သို့ တက်ရပေမည်။  ကံ၏အကျိုးပေးပုံလေ့လာလျှင် ပို၍အမြင်မှန်လာပေမည်။
ကံကိုယုံကြည်ရမည်။ကံအကျိုးပေးကိုယုံကြည်ရမည်။ ကံကျိုး၊ ဥာဏ်ကျိုးများကို ကွဲကွဲပြားပြား ခွဲခြားမြင်တတ်သည့် မှန်သောအယူရှိရမည်။



ကံစေတနာ အကျိုးပေးပုံ ဥပမာ

   >>>>>        

                           နေ + ရေ + မြေ တို့ ထောက်ပန့် မှုကြောင့်  သရက်သီးများသီးရသည်။

သရက်ပင်တွင်အသီးမသီးခင်ကြည့်ကြစို့ ၊ အသီးတွေကို အဘယ်အရပ်တွင်သိမ်းဆည်းထားသည်ကို မပြောနိုင်၊ နေရောင်ခြည်၊စိုထိုင်းမှု၊ ရေအစရှိသည့် အခြေအနေများ ပေါင်းဆုံမိကြသောအခါ သရက်သီးများ သီးပွင့်လာကြသည်။ ထိုနည်းအတိုင်းပင် မိမိပြုလုပ်သမျှ ကံစေတနာသည် နောင်ကာလတွင် အကျိုးတရားများ ပေးမည်ဟု ယုံကြည်လက်ခံ ထားရမည်။



ဖန်ဆင်းရှင်သည် ကံသာလျှင်

အသက်တိုခြင်း၊ အသက်ရှည်ခြင်း၊
(သူတပါးအသက်သတ်ခဲ့၊ကြမ်းကြုတ်ရက်စက် ၊ သွေးစွန်းလက်များကအသက်တို၍ နဲက အသက်ရှည်ရသည်။)


အနာရောဂါများခြင်း၊ နည်းခြင်း၊
(သတ္တဝါများကိုညှင်းပန်းနှိပ်စက် ရက်စက်မှုများများခဲ့လျှင် အနာရောဂါများ၍ မများခဲ့လျှင်ကျမ်းမာ၏။)


အဆင်းချောလှသူ၊  ရုပ်ဆိုးသူဖြစ်ရခြင်း၊
(အမျက်ဒေါသ မကြီးက မေတ္တာစိတ်အားများခဲ့က ချောလှရသလို အမျက်ဒေါသများ စိတ်တိုစိတ်မချမ်းသာမှုများသူ ရုပ်ဆိုးရပေသည်၊)


ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊
(ရဟန်း၊သူတော်ကောင်း ကိုအစားအစာ၊ အဝတ်အထည်၊ ယာဉ်ရထားပေးလှုခဲ့မှုကြောင့် ချမ်းသာရ၊ မပေးလှုခဲ့သူ ဆင်းရဲရ၏)


အမျိုးညံ့ ခြင်း၊ အမျိုးမြတ်ခြင်း၊
(ခက်ထန်မာနကြီးမားက အမျိုးညံ့ရာမွေးဖွားကာ မာန်မာနမကြီး ရိုသေသူကိုရိုသေတတ်သူ အမျိုးမြတ် ဘဝ မွေးဖွားရ၏)/


ဥာဏ်ထိုင်းခြင်း ၊ ဥာဏ်ကောင်းခြင်း၊
(ပညာရှိသူတော်ကောင်းများထံ မသိသည်များ ကုသိုလ်၊ အကုသိုလ်၊ အပြစ်ရှိ၊ အပြစ်မရှိတရားများ၊ ပြုသင့် မပြုသင့်အရာများကို လေ့လာချည်းကပ် မေးမြန်းစုံစမ်းမှုမပြုခဲ့က ဥာဏ်ထိုင်းရ၊ပြုခဲ့က ဥာဏ်ကောင်းရ၏)


ကံကောင်းလိုလျှင် ကံကိုပြင် ဖန်ဆင်းရှင်သည် ကံသာလျှင်

မိမိဘဝသံသရာတွင် သုခနှင့် ဒုက္ခကို စံစား ခံစားဘို့ ရာ မိမိတစ်ဦးတည်းသာလျှင် တာဝန်ရှိသည်ကို နားလည်လာပါက
---မကောင်းမှုမှန်သမျှကိုရှောင်ကာ
---- ကောင်းမှုမှန်သမျှဆောင်စေရန် ကြိုးစားရပေမည်၊
မိမိ၏အနာဂတ် ကောင်းမွန်ရေးအတွက် မိမိသည်သာစွမ်းဆောင်ရှင်။ မိမိတစ်ဦးတည်းသာ ဖန်ဆင်းရှင်ဖြစ် တော့သည်။ သူတစ်ပါး မည်သူ အခြားသူတစ်ဦးဦးကိုမှ မှီခိုအားထား အားပြုစရာမလိုကြောင်းသိလာရသည်။
ကမ္မနိယာမသဘောတရားကို သိရှိနားလည်လာသူသည် မိမိဘဝကို မိမိကိုယ်တိုင် ရေးဆွဲနိုင်၊ ပုံသွင်းနိုင်စွမ်းရှိ လာမည်။


ကံအကျိုးပေး ကာလ ၃ ပါး

ယခုမျက်မှောက်ဘဝ တွင် အကျိုးပေးသောက၊ံ
နောက်ဒုတိယဘဝ တွင် အကျိုးပေးသောကံ၊
နောက် တတိယဘဝမှစ၍ သံသရာမှလွတ်မြောက်သွားသောကာလအထိ အကျိုးပေးတတ်သော ကံ၊


ကံကို ဥာဏ်ဖြင့်ပြင်

ကိလေသာမှန်သမျှသည် ကံကိုဖြစ်စေသည်။ ဥာဏ်ရှိက ဥာဏ်ကိုသုံးက ကံကိုပြတ်စေသည်။
ကာယကံ၊ ဝစီကံ၊ မနောကံ များကို ဖြစ်စေမည့်ကံစေတနာမှန်သမျှကို မနောထဲမှာဥာဏ် ထဲ့ ထဲ့သုံး၍ ( သမာဒိဋ္ဌိဥာဏ်) ဖြင့် ကံကိုဖြတ်ဖြတ်သွားရမည်။စေတနာကောင်းမှ ကံကောင်းမည်။ စေတနာဆိုးက ကံဆိုးပေမည်။ စေတနာမွဲလျှင် ကံမွဲပေမည်။


မည်သို့ ဥာဏ်ဖြင့်ဖြတ်ရမည်နည်း။

မြင်လျှင်မြင်သည်ဟု၊ ကြားလျှင်ကြားသည်၊ နံလျှင်နံသည်၊ စားလျှင်စားသည်၊ ထိလျှင်ထိသည်၊ တွေးလျှင် တွေးသည် ဟု မနောထဲတွင်ဥာဏ်ဖြင့် သိသိနေခြင်းသည် ကိလေသာဒုက္ခများကို မှန်ကန်သော အသိရှိလိုက်တိုင်း ပယ်၍ပယ်၍ နေနေခြင်းမည်၏၊ ထိုသို့ သိတိုင်းသိတိုင်း မှတ်တိုင်းမှတ်တိုင်း မှတ်စရာ၊ သိစရာရုပ်ကတမျိုး၊ မှတ်သိနေသည့်နာမ်က တမျိုးဖြင့် ဒီရုပ်၊ ဒီနာမ် ဒီနှစ်ခုသာရှိပါလားဟု ကိုယ်ပိုင်ဥာဏ်ဖြင့် ရှင်းရှင်းသိလာမည်။ ဥာဏ်ဖြင့်ရှုမှတ်ဖန်များလာသောအခါ သမာဓိအားကောင်းလာသည်နှင့်အမျှ ဤရုပ် ဤစိတ် မျက်စိတမှိတ်ခန့် မှာ တရိပ်ရိပ်နှင့်ဖြစ်ဖြစ်ပြီး တခဏချင်း ပျောက်ပျောက်သွားသည်ကို ဥာဏ်ယှဉ်ကာ မြင်အောင်သိ၊ မြင်အောင်ကြည့် တတ် လာမည်။ မမြဲခြင်းကို သိနေသောဥာဏ်မရရအောင် အသိကိုသတိနှင့်ယူကြရမည်။ကိုယ်ထဲ စိတ်ထဲတွင် အခံရခက်မှုများ ပိုပိုသိသိလာလေ ဥာဏ်ဖြင့်ဤသည်ကားဒုက္ခများပါတကား ဟုသိမြင် တတ်ရမည်။ မှတ်သိသမျှ ရုပ်နာမ်များသည် ငါမပိုင်၊ငါ့အလိုအတိုင်းမဖြစ်ကြ၊ သူ့ သဘောအတိုင်းသူ ဖြစ်ပျက်နေကြပါ ကလား ဟုဥာဏ်ဖြင့် သိသိလိုက်ခြင်းသည် ကိလေသာမဝင် ငါစွဲ ဒိဋ္ဌိစွဲ ပြုတ်မည့်လမ်းစဉ်ပင်။
အတိုချုန်းပြောရလျှင် ဝိပဿနာဥာဏ်ဖြစ်သော အနိစ္စ၊ ဒုက္ခ၊ အနတ္တ နုပဿနာ ဥာဏ်များဖြင့် နေနေခြင်း သည် ကံကို ဥာဏ်ဖြင့်ဖြတ်နေခြင်းပင်။


အချိန်ကောင်းကို ကုသိုလ်ဖြစ်ဘို့ အသုံးချ

ယခုရရှိနေသော အချိန်ကောင်း၊ ဘဝကောင်း၊ ကာလကောင်းတွင် အကောင်းဆုံးကျင့်စဉ်များကိုကျင့်နေခြင်း၊ လောဘ၊ဒေါသ၊ မောဟ၊ မာန မခြံရံသော ကုသိုလ်ကာယကံ၊ ကုသိုလ်ဝစီကံ၊ ကုသိုလ်မနောကံများသဒ္ဓါ တရားရှိသောအခါ ပြုလုပ်အားထုတ်နေခြင်းသည် ကံမဦးခင် ဥာဏ်ဦးနေခြင်းပင်၊ ကံကောင်းချင်သောကြောင့် ကံကိုပြင်သည်တော့လက်ခံပါပြီ၊


အဘယ်ကြောင့် ကောင်းကံကိုပါဖြတ်ရမည်နည်း၊

ကုသိုလ်ကောင်းမှုများကြောင့် နောက်ဘဝ ကောင်းသော လူ၊ နတ်၊ ဗြဟ္မဘဝရချင်သေးသည်။ ပါရမီဖြည့်ဆဲပုဂ္ဂိုလ်များသည် မကောင်းသော အကုသိုလ်စေတနာကံများကို ရှောင်ကာ ကုသိုလ်ကောင်းမှုလုပ်တိုင်းလုပ်တိုင်း ဥာဏ်ဖြင့်ယှဉ်ထားရမည်။
ကံပြုလုပ်နေသမျှ အိုနာသေ ထပ်ရအုံးမည်။ ၃၁ ဘုံတွင် ဒုက္ခပင်လယ်ဝေရပေအုံးမည်။
အဘိဓမ္မာအရပြောရလျှင် မဟာကုသိုလ်စိတ်များ ၊ မဟဂ္ဂုတ်စိတ်များ ဈာန်စိတ်များဖြင့်နေခြင်းသည် ကောင်းပေသည်။ သို့ သော် ခန္ဓာရခြင်းသည် ဆင်းရဲခြင်းပင်။ ဒုက္ခကိုတောင်းနေခြင်းပင်။


သံသရာမလွတ်သမျှ ဒုက္ခ

ဒုက္ခခန္ဓာကို မည်သည့်အတွက်ကြောင့်တောင်းတချင်ရသနည်း၊
ဒုက္ခခန္ဓာကို သုခထင်နေသူများ၊ ဒုက္ခခန္ဓာကိုဒုက္ခဟုမသိသူများအတွက် ဘဝကိုတောင့်တနေနေအုံးမည်သာ။ခလေးအသိမျှသာရှိသေးသူ၊ နားလေးနေသေးသူ၊ပါရမီအခွင့်လမ်း အမိမဖမ်းချင်သေးသူ၊ ကိလေသာကို အဖော်လုပ်ကာ သုဿန်ပေါင်းများစွာသွားချင်နေသူဟုသာယူဆ၍ မသိသူကျော်သွား၊ သိသူဖော်စားဟုသော စကားအရ  ဘုရား၏ အဆုံးအမ တရားများအနားမှာရှိနေပါလျက် မမြင်သူ၊ မကြားသူ၊ မသိသူများမဖြစ်စေရန်ကြိုးစားသင့်သည်။



အရိယာတို့ သွားသောလမ်းနှင့်ပြုသောကံ

အရိယာသူတော်ကောင်းများ၊ စူဠသောတပန်များ၊ ကလျာဏပုထုစဉ်များသည် မိမိအတွက်ရော သူတပါးအတွက်ပါ သံဝေဂဥာဏ်၊ တရားအသိ ဝိပဿနာအသိများ လူအားလုံးတွင်ကိန်းကြစေရန် ဘုရားစကား တရားများကို  ဆက်၍ဆက်၍ လေ့လာသင်ယူ မှတ်သားကာ ကျင့်ရင်းကြံရင်း အားထုတ်ရင်း၊ ပြောရင်း ဟောရင်းရှေ့ ဆက်၍ သာ တကြောင်းတည်းသော မဂ္ဂင်လမ်းသို့ လျောက်ကြစေရန် တိုက်တွန်းနေမည်သာ။


ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်ကံကိုယ်ရေး၊ သံသရာ့ဘေးမှ လွတ်အောင်ပြေး

သူတော်ကောင်းများဖြစ်က ကောင်းသောမဂ္ဂင်လမ်းကိုသာအချင်းချင်းကူညီအားပေးတိုက်တွန်းကြရမည်သာ ။
သင်သည် သူတော်ကောင်းဖြစ်ခဲ့သော် သူတော်မကောင်းများတွေ့ က တတ်နိုင်သမျှလမ်းညွှန်ပြပေးကာ တရားစကား လက်မခံ မိမိအားရန် ပြုပြောဆိုမှုလုပ်လာလျှင် ဆိတ်ဆိတ်နေ၍ သည်းငြီးခံ၍ အခွင့်သာက ဆက်ဟောကြရင်း နေနေရမည်၊ ကိုယ့်ပိုင်ဥစ္စာသည် မိမိပြုသောကံသည်သာ။ ထိုကံသည်သာ သံသရာသို့ လိုက်မည်ဆိုသည့်အတွက်ကြောင့် မိမိကံကို မိမိပြင်၊ အသိဥာဏ်ဖြင့်ယှဉ်။ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်ကံကိုယ်ရေး၊ သံသရာဘေးမှ ပြေးထွက်မရသေးခင် တရားကို ဥာဏ်နှင့်သာဆင်ခြင် နေကြပေတော့၊


ကံကိုဥာဏ်ဖြင့်ဖြတ်နေသူများ - အရိယာပုဂ္ဂိုလ် ၄ ဦး

သောတပန်၊ သကဒါဂမ်၊ အနာဂါမ်၊ ရဟန္တာဟူသော အရိယာပုဂ္ဂိုလ် ၄ ဦးတို့ သည် ဤဘဝတွင် ဤဒုက္ခခန္ဓာကြီးကို အသုံးချကာ ကံစေတနာကို အကုသိုလ်ဘက်မရောက်အောင်၊ ကိလေသာများဝင်ခွင့်မရလေ အောင် ဥာဏ်ဖြင့်အသိကို ဥာဏ်ယှဉ်ထားကာ ကံဖြတ်နေသူများပင်ဖြစ်သည်။

ရဟန္တာပုဂ္ဂိုလ် ကာယကံ၊ ဝစီကံ၊မနောကံများကို မနောဥာဏ်ဖြင့် အပြီးပယ်သတ်ဖြတ်ထားသူဖြစသည်။ကိလေသာများဝင်ခွင့်မရတော့ချေ။ ကိလေသာအားလုံး၊ သံယောဇဉ်အားလုံး၊ အာသဝေါ အားလုံး ကုန်ဆုံးအောင် ပယ်သတ် ထားနိုင်သူဖြစ်သည်။
အနာဂမ် ပုဂ္ဂိုလ်သည် ထို့ အတူပင် မနောတွင်ဥာဏ်စိုက်ကာထား၍ ဒေါသကို အပြီးတိုင်ပယ်သတ်ထားသူ ဖြစ်သည်။
သကဒါဂမ် ပုဂ္ဂိုလ်သည် ကာမရာဂစိတ်များနဲသထက်နဲစေရန် သမာဒိဋ္ဌိဥာဏ်ကို မနောတွင်ဆင်ခြင်ကာ ကိလေသာ ကြောင့်ဖြစ်မည့်အကုသိုလ်ကံများကို ပယ်သတ်နေသူဖြစ်သည်။
သောတာပန်ပုဂ္ဂိုလ်သည် သမာဒိဋ္ဌိဥာဏ်ကို မနောဥာဏ်အဖြစ်ဆင်ခြင်ကာ ကိလေသာအကုသိုလ်ကြောင့် အပယ်ရောက်ရမည့် ကာယကံ၊ဝစီကံ၊မနောကံများကို ရှောင်ကြဉ်နေသူဖြစ်သည်။


သိ-ပယ်-ဆိုက်-ပွား၊ သိပွားပယ်ဆိုက်

သမာဒိဋ္ဌိဥာဏ်ကို ကာယဥာဏ်၊ ဝစီဥာဏ်၊ မနောဥာဏ်ထဲတွင် အသိဖြင့်အမြဲထည့်ထား ပွားများကျင့်သုံးပါက သမုဒယဆိုသော ဒုက္ခခန္ဓာဖြစ်ကြောင်းကို ပယ်ရာမည်၏၊  ဤသည်ကို ဝိဇ္ဖာဥာဏ်၊ ပညာဥာဏ် ရသည်ဟုဆိုသည်။  ထိုဥာဏ်ကြောင့်ကိလေသာမှလွတ်မြောက်ကြောင်းသိခြင်းကို ပညာဝိမုတ္တိ၊ သမာဓိဖြင့်ကိလေသာမှ လွတ်မြောက်ခြင်း ကို စိတ္တဝိမုတ္တိ၊ ဟုဆိုသည်။

- ဗုဒ္ဓ ၏ ကမ္မနိယာမ နှင့် အနှစ်သာရ - ပြီး၏။



.....................................

ref : http://www.nandathitsa.com

· · Share

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...