စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နှလုံးသားမိတ္တူ (အရှင်ဆန္ဒာဓိက-ရွှေပါရမီတောရ)

၁၅) နှလုံးသားမိတ္တူ (အရှင်ဆန္ဒာဓိက-ရွှေပါရမီတောရ)

အရှင်ဘုရား..
           ဂုဏ်တော်ပွားခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးတရားများကို လက်တွေ့ကျကျ ရှင်းပြပေးပါရန် ရိုသေလေးစားစွာ လျှောက်ထားအပ်ပါတယ်ဘုရား။
မောင်မင်းသီဟသော်၊ လှိုင်မြင့်မိုရ်အိမ်ယာ။
ဒကာမင်းသီဟသော်ရေ…
            ဘုရား၊ တရား၊ သံဃာ လို့ ရတနာသုံးပါးရှိတဲ့အတွက် ဂုဏ်တော်ကလည်း ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်လို့ သုံးမျိုးရှိပါတယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာဝင် အများစုက ဘုရားဂုဏ်တော်ကိုပဲ ပုတီးစိပ်ကြ၊ ပွားများကြတဲ့အတွက် ဂုဏ်တော်ပုတီးစိပ်တယ်၊ ဂုဏ်တော်ပွားများ တယ်လို့ ပြောလိုက်ရင် ဘာဂုဏ်တော်လဲလို့ မေးနေစရာ မလိုဘဲ ဘုရားဂုဏ်တော်ဆိုတာ ချက်ချင်းသိကြပါတယ်။
            အခု ဒကာ မင်းသီဟသော် သိချင်တဲ့ ဂုဏ်တော်ပွားခြင်းအကျိုးဆိုတာလည်း ဘုရားဂုဏ်တော် ပွားခြင်းအကျိုးပဲလို့ ယူဆပါတယ်။
            ဂုဏ်တော်ပွားတယ်ဆိုတာ တကယ်တော့ မိတ္တူကူးတာပါ။ မြတ်စွာဘုရားရှင်မှာရှိတဲ့ စိတ်ကောင်း စိတ်မြတ်တွေ၊ ဓာတ်ကောင်း ဓာတ်မြတ်တွေကို ကိုယ့်စိတ်ထဲ၊ ကိုယ့်နှလုံးသားထဲမှာ စိမ့်ဝင်ပျံ့ နှံ့လာအောင် မိတ္တူကူးယူတာပါ။ မြတ်စွာဘုရားရှင်ရဲ့  စိတ်ဓာတ်အရည်အသွေးတွေ၊ လုပ်ရပ်အရည်အသွေးတွေ ကိုယ့် ဘ၀ထဲ ရောက်လာအောင် မိတ္တူကူးယူတာပါ။
            မြတ်စွာဘုရားရှင်ရဲ့  ဂုဏ်တော်တစ်ခုကိုပွားရင် အဲဒီဂုဏ်တော်တစ်ခုရဲ့  အရည်အသွေးမျိုး ကိုယ့်စိတ်မှာ ကူးစက်လာပါတယ်။ ဥပမာ - " လိုချင်မှုကင်းစင်တော်မူသော မြတ်စွာဘုရား " လို့ ပွားလိုက်ရင် ကိုယ့်စိတ်မှာလည်း လိုချင်မှု ကင်းစင်တဲ့ ဓာတ်တွေ ကူးစက်လာပါတယ်။ " သံယောဇဉ် ကင်းစင်တော်မူသော မြတ်စွာဘုရား " လို့ ပွားလိုက်ရင် ကိုယ့်စိတ်မှာလည်း သံယောဇဉ် ကင်းစင်တဲ့ ဓာတ်တွေ စိမ့်ဝင်လာပါတယ်။
             တစ်ခါပွားရင် တစ်ခါကူးစက်၊ တစ်ခါပွားရင် တစ်ခါစိမ့်ဝင်နဲ့ ပွားဖန်များလာတဲ့အခါ ကူးစက်စိမ့်ဝင်မှု အားကောင်းပြီး မြတ်စွာဘုရားရှင်မှာရှိတဲ့ အရည်အသွေးမျိုး ကိုယ့်မှာလည်း ကိုယ့်အတိုင်းအတာနဲ့ကိုယ် ပြည့်စုံလာပါတယ်။ မြတ်စွာဘုရားနဲ့ ထပ်တူထပ်မျှကြီးတော့ မဖြစ်နိုင်ဘူးပေါ့။
            ဂုဏ်တော်ပွားခြင်းကြောင့် မြတ်စွာဘုရားရှင်ရဲ့  စိတ်ကောင်း စိတ်မြတ်တွေ၊ ဓာတ်ကောင်း ဓာတ်မြတ်တွေ ကိုယ့်နှလုံးသားထဲမှာ ကူးစက်လာပြီဆိုရင် ကိုယ့်နှလုံးသားဟာလည်း နှလုံးသားကောင်း နှလုံးသားမြတ် ဖြစ်သွားပါတယ်။
            ကောင်းမြတ်တဲ့နှလုံးသားပိုင်ရှင်ဟာ ဘာပဲလိုလို ရပါပြီ၊ ဘာပဲ တတ ရပါပြီ။ ကောင်းကျိုးချမ်းသာ တွေဆိုတာ စိတ်ကောင်းစိတ်မြတ်ရဲ့  ရလဒ်၊ ဓာတ်ကောင်းဓာတ်မြတ်ရဲ့  အကျိုးဆက်တွေပဲ မဟုတ်လား။
            ဒါကြောင့်လည်း မြတ်စွာဘုရားရှင်က " ဂုဏ်တော်ပွားရင် လိုအင်ဆန္ဒပြည့်ဝတယ် " လို့ မိန့်ကြားတော်မူထားပါတယ်။ ဂုဏ်တော်ပွားသူရဲ့  နှလုံးသားမှာ လိုတရဓာတ်တွေ ကိန်းဝပ်နေတာမို့ " ဂုဏ်တော်နှလုံးသား " ဟာ လိုအင်ဆန္ဒကိုလည်း ပြည့်ဝစေနိုင်၊ လိုအပ်ချက်ကိုလည်း ပြည့်စုံစေနိုင်တဲ့ " လိုတရနှလုံးသား " ပါပဲ။
            ကိုယ့်စိတ် ကိုယ့်နှလုံးသားကိုတော့ ကောင်းမြတ်အောင်မလုပ်ဘူး၊ ကောင်းကျိုးချမ်းသာကျတော့ လိုတ ရချင်တယ်ဆိုရင် သဘာဝမကျပါဘူး။ " စိတ်ကောင်းမှ ကံကောင်းတယ်၊ ကံကောင်းမှ အကျိုးပေးကောင်းတယ် " ဆိုတာကို လုံးဝ မမေ့လိုက်ပါနဲ့ ။ ဂုဏ်တော်ပွားတယ်ဆိုတာ ကိုယ့်စိတ်ကို အကောင်းဆုံးဖြစ်အောင် လုပ်နေတာပါ။
            စံပယ်ပန်း ထုပ်ထားတဲ့ဖက်ရွက် စံပယ်ပန်းရနံ့ သင်းသလို ဂုဏ်တော်ပန်းထုပ်ထားတဲ့ နှလုံးသား ဖက်ရွက်ဟာလည်း ဂုဏ်တော်ရနံ့ သင်းပျံ့  လာပါတယ်။ ကိုယ်ပွားနေတဲ့ ဂုဏ်တော်နဲ့ သက်ဆိုင်တဲ့ သဘောသဘာဝတွေ၊ ဓာတ်သတ္တိတွေ အရှိန်ဟပ် ကူးစက်လာပါတယ်။ စိတ်အေးတဲ့ဂုဏ်ကိုပွားနေရင် ကိုယ့်စိတ်လည်း အေးလာပြီး ဉာဏ်ကြီးတဲ့ ဂုဏ်ကိုပွားနေရင် ကိုယ့် ဉာဏ်လည်း ကြီးလာပါတယ်။
            မိတ္တူစာရွက်မှာ မူရင်းစာသား၊ မူရင်းပုံရိပ်တွေ ကောင်းကောင်းထင်ဖို့အတွက် မိတ္တူကူးစက် အရည်အသွေးကောင်းဖို့ လိုအပ်သလို နှလုံးသားစာရွက်မှာ ဂုဏ်တော်သတ္တိ၊ ဂုဏ်တော်ပုံရိပ်တွေ ပီပီပြင်ပြင် ထင်ထင်ရှားရှား ကူးစက်ဖို့အတွက်လည်း " ဂုဏ်တော်အသိ " ဆိုတဲ့ မိတ္တူကူးစက် အရည်အသွေးကောင်းဖို့ အထူးလိုအပ်ပါတယ်။
            ဂုဏ်တော်တွေကို ပါဠိသက်သက်သိထားရုံနဲ့ မိတ္တူကူးစက်အရည်အသွေး မကောင်းသေးပါဘူး။ ကိုယ်နေ့စဉ်အမြဲသုံးနှုန်းနေတဲ့ ဘာသာစကားနဲ့ ပိုင်ပိုင်နိုင်နိုင် အဓိပ္ပာယ်သိမှ မိတ္တူကူးစက် အရည်အသွေး ကောင်းပါတယ်။ မြန်မာစကား အမြဲသုံးနှုန်းနေရင် မြန်မာလို၊ မွန်စကား အမြဲသုံးနှုန်းရင် မွန်လိုပေါ့။ အင်္ဂလိပ်စကား အမြဲသုံးနှုန်းရင် အင်္ဂလိပ်လို၊ ဂျပန်စကား အမြဲသုံးနှုန်းရင် ဂျပန်လိုပေါ့။
            မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာစကားကိုပဲ အဓိကသုံးနှုန်းနေကြတာဖြစ်လို့ ဘုရားဂုဏ်တော် တွေကို မြန်မာလို အဓိပ္ပာယ် ကျေကျေညက်ညက်သိအောင် လေ့လာထားဖို့ သိပ်အရေးကြီးပါတယ်။
            ဂုဏ်တော်မပွားခင်မှာသာ မြန်မာလို သိထားရမှာ မဟုတ်ပါဘူး၊ တကယ် ဂုဏ်တော်ပွားနေတဲ့ အချိန်မှာလည်း မြန်မာလို ပွားရမှာပါ။ မြန်မာလူမျိုးတွေအတွက် ဘုရားဂုဏ်တော်ကို မြန်မာလို ပွားတာ အကောင်းဆုံးပါပဲ။ ပါဠိပါမှ အားရတယ်ဆိုရင်လည်း ပါဠိ-မြန်မာ တွဲဖက်ပြီး ပွားနိုင်ပါတယ်။ ပါဠိသက်သက် ရွတ်ပွားနေတာထက် အဆပေါင်းများစွာ ပိုထိရောက်ပါတယ်။ လူကြိုက်များစကားနဲ့ပြောရရင် အဆပေါင်း များစွာ ပိုအစွမ်းထက်ပါတယ်။ အဆပေါင်းများစွာ ပိုတန်ခိုးကြီးပါတယ်။
            ပါဠိသက်သက်ရွတ်နေတာထက် ပါဠိ-မြန်မာ တွဲပွားတာ၊ သို့မဟုတ် မြန်မာလိုသက်သက် ပွားတာက အခေါက်ရေ၊ အပတ်ရေတော့ နည်းသွားနိုင်ပါတယ်။ ဒါပေမယ့် တစ်ကျပ်တန်အရွက် တစ်ရာထက် တစ်ထောင်တန်တစ်ရွက်က ပိုတန်ဖိုးကြီးတာမို့ အခေါက်ရေ၊ အပတ်ရေ ဆိုတဲ့ အရေအတွက်ကို အဓိကမထားဘဲ တစ်ခေါက်ဆိုတစ်ခေါက် အရည်အသွေး ပြည့်ဝဖို့ကိုပဲ ဦးစားပေးစေ ချင်ပါတယ်။
            မြန်မာလို ဆက်တိုက်ပွားနေမှ အဓိပ္ပာယ် ဆက်တိုက်သိပြီး ဘုရားကို ကြည်ညိုတဲ့စိတ်တွေလည်း ဆက်တိုက် ဖြစ်ပေါ်လာပါတယ်။ ဂုဏ်တော်ရဲ့  ဓာတ်သတ္တိတွေလည်း နှလုံးသားမှာ ဆက်တိုက် ကူးစက် လာပါတယ်။
            မြန်မာလို အဓိပ္ပာယ် သိမနေဘဲနဲ့ မြန်မာတစ်ယောက်ရဲ့  နှလုံးသားမှာ ဂုဏ်တော်ရဲ့  ဓာတ်သတ္တိ တွေ ကူးစက်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဖြစ်ခဲ့ရင်တောင်မှ နည်းနည်းပါးပါး လျားလျားလှပ်လှပ် မဆိုစလောက်လေးပဲ ဖြစ်ပါလိမ့်မယ်။ ပါဠိသက်သက် ရွတ်ပွားနေတဲ့အတွက် ကုသိုလ်တော့ ရချင်ရမှာပေါ့။ ဓာတ်ကူးစက်ဖို့တော့ သိပ်မလွယ်ပါဘူး။
            မီးအားပြည့်မှ မိတ္တူအရည်အသွေးကောင်းသလို သတိဝီရိယအားကောင်းမှလည်း ဓာတ်ကူးစက်မှု အရည်အသွေး ပြည့်ဝနိုင်ပါတယ်။ ဘုရားရှေ့  ရောက်မှ ဂုဏ်တော်ပွားတာမျိုး မဟုတ်ဘဲ သွားရင်းလာရင်း၊ လုပ်ရင်းကိုင်ရင်း၊ စားရင်းသောက်ရင်း၊ လျှော်ရင်းဖွပ်ရင်းနဲ့ အမြဲမပြတ် မကြာမကြာ ပွားများသွားမယ်ဆိုရင် သတိဝီရိယ မီးအားကောင်းတဲ့အတွက် ဘုရားမှာရှိတဲ့ ဓာတ်ကောင်းဓာတ်မြတ်တွေ ကူးစက်ချင်တိုင်း ကူးစက်ပြီး ကိုယ့်စိတ်၊ ကိုယ့်နှလုံးသားဟာလည်း အကောင်းဆုံး၊ အမြတ်ဆုံး ဖြစ်နေတော့မှာပါပဲ။
            မိတ္တူစာရွက် အရည်အသွေးကောင်းမှ မိတ္တူပုံရိပ် ပိုထင်ရှားသလို စိတ်အခံ ဖြူဖွေးသန့်စင်မှ ဓာတ်ကူးစက်မှု ပိုထင်ရှားနိုင်ပါတယ်။ စိတ်အခံ ဖြူဖွေးသန့်စင်ဖို့အတွက် စိတ်ကောင်းနှလုံးကောင်းလည်း မွေး၊ လေ၀င်တိုင်း၊ လေထွက်တိုင်း နှာသီးဝမှာ လေထိသွားတဲ့သဘောကိုလည်း မကြာခဏ သတိကပ်ပြီး ရှုမှတ်ပြီး ကိုယ့်စိတ်ကိုယ် ဖွပ်လျှော်ပေးသင့်ပါတယ်။
            စနစ်တကျ ဂုဏ်တော်ပွားခြင်းကြောင့် ဘုရားမှာရှိတဲ့ ဓာတ်ကောင်းဓာတ်မြတ်တွေ ကူးစက်ပြီး စိတ်ကောင်းစိတ်မြတ်ပိုင်ဆိုင်သူ လူကောင်းလူမြတ်ဖြစ်နိုင်ပါတယ်။ မကောင်းမှု အကုသိုလ်တွေ ရှောင်ကြဉ်ဖြစ်ပြီး ကောင်းမှုကုသိုလ်တွေ တစ်နေ့တစ်ခြား တိုးပွားလာနိုင်ပါတယ်။ စိတ်ဓာတ်ခိုင်မာ ရင့်ကျက်ပြီး အသိဉာဏ် တိုးတက်မြင့်မားလာနိုင်ပါတယ်။ ကောင်းမြတ်တဲ့ ကံဟောင်း၊ ကံသစ်တွေ လမ်းပွင့်ပြီး စည်းစိမ်အထွေထွေ၊ ကျက်သရေအမျိုးမျိုးနဲ့ ပြည့်စုံနိုင်ပါတယ်။ ကံအရှိနဲ့ ထိုက်တန်စွာ လိုတိုင်းရ၊ တတိုင်းပြီးနိုင်ပါတယ်။ အနာဂတ်သံသရာမှာလည်း ထူးခြားဆန်းကြယ် အံ့သြဖွယ်ကောင်းတဲ့ အကျိုးတရားတွေ အလျှံပယ်ရရှိနိုင်ပါတယ်။ နောက်ဆုံးမှာ မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်မြင်ပြီး သံသရာ ဇာတ်သိမ်း ဒုက္ခငြိမ်းနိုင်ပါတယ်။
            ကိုယ့်စိတ်မှာ သောကတစ်ခုခု ဖြစ်နေတဲ့အချိန် ဘုရားဂုဏ်တော် ဘယ်လိုပွားရမလဲ စဉ်းစားမနေပါနဲ့။ " သောကခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား " လို့သာ ထပ်တလဲလဲ ပွားလိုက်ပါ။ နှလုံးသားထဲက သောကမီးတောက်တွေ ချက်ချင်း၊ သို့မဟုတ် တဖြည်းဖြည်းငြိမ်းသွားပါလိမ့်မယ်။
            " ကိုယ်တော်တိုင်သာ သောကငြိမ်းသာမဟုတ်ဘူး ၊ သတ္တ၀ါတွေရဲ့  သောကကိုလည်း ငြိမ်းအောင် လုပ်ပေးတယ်၊ သတ္တ၀ါ ဝေနေယျတွေရဲ့  သောကဆူးငြောင့်ကို ပယ်နုတ်ပေးတော်မူသော မြတ်စွာဘုရား၊ သောကငြိမ်းကြောင်း တရားကောင်းများကို ဟောကြားတော်မူသော မြတ်စွာဘုရား " လို့ပါ ဆက်ပွားနိုင်မယ်ဆိုရင်တော့ စိတ်ထဲက သောကမီးတွေ ငြိမ်းအေးသွားတဲ့အပြင် ဘုရားရှင်ကို ကြည်ညိုမြတ်နိုးတဲ့စိတ်တွေလည်း အလေးအနက် ပေါ်ပေါက်လာပါတယ်။ သူတစ်ပါးတို့ရဲ့  သောကကို ပယ်ဖျောက်ပေးချင်တဲ့ မေတ္တာကရုဏာတရားတွေလည်း တိုးပွားလာပါတယ်။
            ဒီလိုဆိုရင် ဂုဏ်တော်ပွားတာဟာ အန္တရယ်ကင်း  လာဘ်ရွှင်ဖို့၊ စီးပွားတက် ရာထူးတိုးဖို့၊ အကြံအောင်မြင် လိုအင်ပြည့်ဝဖို့ မဟုတ်ဘူးဆိုတာ သဘောပေါက်လောက်ပါပြီ။ ကိုယ့်စိတ်ဓာတ်နဲ့ ကိုယ့်လုပ်ရပ်ကို အကောင်းဆုံး၊ အမြတ်ဆုံးဖြစ်အောင် ပြုပြင်ဖန်တီးတည်ဆောက်ဖို့ ဂုဏ်တော်ပွားတာပါ။
            စိတ်ဓာတ်နဲ့လုပ်ရပ် ကောင်းမြတ်ခြင်းဆိုတဲ့ ပင်မအကျိုးရနေမှတော့ အန္တရယ်ကင်း၊ လာဘ်ရွှင် စတဲ့ ဘေးထွက်အကျိုးတွေကို တမင် တောင့်တနေစရာ မလိုတောပါဘူး။ မလိုချင်အဆုံး ရမှာပါ။ တကယ်တော့ အဲဒီ ဘေးထွက်အကျိုးတွေက ဂုဏ်တော်ပွားခြင်းရဲ့  ဘာမှ မပြောပလောက်တဲ့ မလွမ်းလောက်စရာ ပါမွှား အကျိုးတွေပါပဲ။
            ဂုဏ်တော်ပွားခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ နှစ်သက်ဝမ်းမြောက်မှု၊ ငြိမ်းအေးကြည်လင်မှုတွေကို သတိပဋ္ဌာန်နည်းအတိုင်း " ၀မ်းမြောက်တယ်" ၊ " ငြိမ်းအေးတယ် " … စသည်အားဖြင့် ဖြစ်ပျက်မြင်တဲ့အထိ ၀ိပဿနာ ဆက်ရှုနိုင်မယ်ဆိုရင် ဖြစ်ပျက်ဉာဏ် အထွတ်အထိပ် ရောက်သွားတဲ့အခါ မဖြစ်မပျက်ဉာဏ် ဘွားခနဲ ပေါ်လာနိုင်ပါတယ်။ မဖြစ်မပျက်က နိဗ္ဗာန်၊ မဖြစ်မပျက်ဉာဏ် (မဖြစ်မပျက်မြင်တဲ့ဉာဏ်) က မဂ်ဉာဏ်ပါ။ ဂုဏ်တော်ကို ပင်တိုင်ထားပြီး ပွားရင်လည်း နိဗ္ဗာန်ရောက်နိုင်ပါတယ်လို့ ဆိုလိုပါတယ်။
            မြတ်စွာဘုရားရှင်လက်ထက်တုန်းက ခုနစ်နှစ်သား ကလေးငယ်တစ်ဦး ဂုဏ်တော်ပွားရင်းနဲ့ ရဟန္တာ ဖြစ်ခဲ့ဖူးပါတယ်။ ဂုဏ်တော်ပွားလိုက်၊ ဖြစ်လာတဲ့ ပီတိနဲ့တကွ ရုပ်နမ်တွေကို ၀ိပဿနာရှုလိုက်၊ ဂုဏ်တော်တစ်လှည့် ၀ိပဿနာတစ်လှည့် ပွားရှုလိုက်တာ တစ်ထိုင်တည်းနဲ့ ရဟန္တာ ဖြစ်သွားခဲ့ပါတယ်။ လူဝတ်နဲ့ ခုနစ်နှစ်အရွယ်မှာ ရဟန္တာဖြစ်ပြီးမှ ရဟန်းဘ၀ကို ကူးပြောင်းလိုက်တာပါ။
            ပါဠိလို ဂုဏ်တော်ပွားတာထက် မြန်မာလို ဂုဏ်တော်ပွားတာက ဂုဏ်တော်ရဲ့  ဓာတ်သတ္တိတွေ နှလုံးသားထဲ စိမ့်ဝင်ပျံ့ နှံ့ကူးစက် စွဲထင်တယ်ဆိုတာကို လက်တွေ့ စမ်းသပ်ကြည့်နိုင်ဖို့အတွက် ဘုရားရှင်ရဲ့  ဂုဏ်တော်တချို့ ကို မြန်မာလို လက်ဆင့်ကမ်းလိုက်ပါတယ်။
            " စွဲလမ်းခြင်း ကင်းတော်မူသော မြတ်စွာဘုရား "
            " စိတ်ဆင်းရဲခြင်း ကင်းတော်မူသော မြတ်စွာဘုရား "
            " ဒေါသအမျက် ကင်းစင်တော်မူသော မြတ်စွာဘုရား "
            " မေတ္တာတရား ကြီးမားတော်မူသော မြတ်စွာဘုရား "
            " သိစရာအားလုံး သိတော်မူသော မြတ်စွာဘုရား "
            " မှန်ကန်၍ အကျိုးရှိသော စကားကိုသာ ဆိုတော်မူသော မြတ်စွာဘုရား "
            " အမြဲတမ်း စိတ်အေးချမ်းတော်မူသော မြတ်စွာဘုရား "
            " အနှောင်အဖွဲ့အားလုံးမှ လွတ်မြောက်တော်မူသော မြတ်စွာဘုရား "
            ဘုရားဂုဏ်တော်ပွားတယ်ဆိုတာ ဘုရားအကြောင်းစဉ်းစားတာပါပဲ။ ကိုယ်သိထားသလို ရိုးရိုးရှင်းရှင်း စဉ်းစားရင်း ဘုရားကိုလည်း ပိုကြည်ညို၊ ကိုယ့်ကိုယ်ကိုယ်လည်း ပြုပြင်ပြောင်းလည်းပြီးသား ဖြစ်သွားပါတယ် ဒကာ မင်းသီဟသော်ရေ… ။         ။


            မိတ္တူအားလုံးလှပါစေ။
            (အလင်းတန်းဂျာနယ်၊ ဇူလိုင် (14)၊ 2003။)


ဘုရားဂုဏ်တော်ကိုးပါး


အရဟံ                ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား၊ ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို
                               ပြုတော်မမူသော မြတ်စွာဘုရား၊ လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းနှင့်တကွ လူ၊ နတ်၊ ဗြဟ္မာ၊
                               သတ္တ၀ါအားလုံးတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား 
သမ္မာသမ္ဗုဒ္ဓေါ       သိစရာအားလုံးတို့ကို အမှန်အတိုင်း ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူသော မြတ်စွာဘုရား 
ဝိဇ္ဇာစရဏသမ္ပန္နော    အသိဉာဏ်ရော အကျင့်ပါ ပြည့်စုံတော်မူသော မြတ်စွာဘုရား 
                               (၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏ တစ်ဆယ့်ငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား)

သုဂတော            ကောင်းသောစကားကိုဆိုတော်မူသော မြတ်စွာဘုရား၊ ကောင်းသောနိဗ္ဗာန်သို့ ကြွတော်
                               မူသော မြတ်စွာဘုရား (မှန်ကန်၍ အကျိုးရှိသောစကားကို ဆိုတော်မူသော မြတ်စွာဘုရား) 
လောက၀ိဒူ          လောကသုံးပါးကို သိတော်မူသော မြတ်စွာဘုရား
အနုတ္တရောပုရိသဒမ္မသာရထိ
       ဆုံးမထိုက်သော သတ္တ၀ါတို့ကို ဆုံးမရာတွင် အတုမရှိ ဆုံးမတော်မူတတ်သော မြတ်စွာဘုရား
သတ္တာဒေ၀မနုဿာနံ   နတ်လူတို့၏ ဆရာတစ်ဆူဖြစ်တော်မူသော မြတ်စွာဘုရား
  (နတ်လူတို့အား ကောင်းရာကောင်းကြောင်း ညွှန်ပြတော်မူသော မြတ်စွာဘုရား)

ဗုဒ္ဓေါ                  သစ္စာလေးပါးကို ကိုယ်တိုင်လည်း သိတော်မူ၊ သူတစ်ပါးတို့ကိုလည်း သိအောင် ဟောတော်
                               မူတတ်သော မြတ်စွာဘုရား
ဘဂ၀ါ                        ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
(၁) Áဿရိယဘုန်းတော်    မိမိစိတ်ကိုရော တစ်လောကလုံးကိုပါ အစိုးရတော်မူသောမြတ်စွာဘုရား
(၂) ဓမ္မဘုန်းတော်               မဂ်၊ဖိုလ်၊နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
(၃) ယသဘုန်းတော်           များပြားသာအခြံအရံ၊ ပျံနှံ့သော အကျော်အစောနှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရား
(၄) သီရိဘုန်းတော်             အတုမရှိသော ကျက်သရေတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
(၅) ကာမဘုန်းတော်           လိုအင်ဆန္ဒတောင်းတမှုမှန်သမျှ ခဏချက်ချင်း ပြည့်ဝတော်မူသော မြတ်စွာဘုရား
(၆) ပယတ္တဘုန်းတော်         အတုမရှိသော လုံ့လ၀ီရိယနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား

လောကသုံးပါး                    (၁)  သတ္တလောက (သက်ရှိသတ္တ၀ါ)
                                        (၂)  သြကာသလောက (သက်မဲ့ဘုံဌာန)
                                        (၃)  သင်္ခါရလောက (ရုပ်နမ်ပရမတ်)
သစ္စာလေးပါး                     (၁)  ဒုက္ခသစ္စာ (ဆင်းရဲအမှန် - ရုပ်ခန္ဓာ)
                                        (၂)  သမုဒယသစ္စာ (ဆင်းရဲကြောင်းအမှန် - ကာမဂုဏ်၊ ကိလေသာ)
                                        (၃)  နိရောဓသစ္စာ (ဆင်းရဲချုပ်ရာအမှန် - နိဗ္ဗာန်)
                                        (၄)  မဂ္ဂသစ္စာ (ဆင်းရဲချုပ်ရာရောက်ကြောင်းအမှန် - သတိပဋ္ဌာန်၊ မဂ္ဂင်ရှစ်ပါး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...