စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အသားအရေတွန့်ခြင်း

အသားအရေတွန့်ခြင်းဆိုသည်မှာ ကျွန်တော်တို့ အသက်ကြီးလာသည့်အခါ အရေပြားတွင် ဖြစ်ပေါ်လာသော အစင်းများ၊ မြောင်းများ နှင့် အချိုင့်များ ဖြစ်ကြပါသည်။ လူတိုင်းလူတိုင်း ဓမ္မတာ အားဖြင့် အသက်ကြီးလာလျှင် ဖြစ်မည်သာဖြစ်သည်။ အသားတွန့်ခြင်းသည် ရေထဲတွင် အကြာကြီးစိမ်နေလျှင်လည်း ဖြစ်တတ်သည်။
နေလောင်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ရေဓာတ်ဆုံးရှုံးခြင်း နှင့် အချို့သောဆေးများသည် အသားအရေတွန့်ခြင်းကို ဖြစ်စေပါသည်။
အသားအရေတွန့်ခြင်းကို လူတိုင်း ရှောင်လွဲ၍ မရပါ။ အသက်ကြီးလာပါက အရေပြားသည် ပါးလာပြီး ပိုမိုခြောက်သွေ့လာကာ ကြုံ့နိုင် ဆန့်နိုင်သော သတ္တိများလည်း နည်းပါးလာပါသည်။ ထို့အပြင် အရေပြား၏ ထိခိုက်ဒဏ်ရာကို ကာကွယ်နိုင်စွမ်းလည်း ကျဆင်းလာပါသည်။ နောက်ဆုံးတွင်တော့ အရေပြားတွင် အစင်းများ ပေါ်လာပါတော့သည်။ အထက်တွင် ဖော်ပြထားသောအချက်များအပြင် လူတစ်ယောက်၏ မျိုးရိုးဗီဇ သည်လည်း ထိုသူ၏ အသားအရေတွန့်ချိန်ကို လွှမ်းမိုးနိုင်ပါသည်။
သားအရေတွန့်ခြင်းသည် အသက်ကြီးခြင်းကို ညွှန်းဆိုသောကြောင့် ပညာရှိသကဲ့သို့ တင်စားကြသော်လည်း လူအများစုကတော့ မနှစ်မြို့ကြပါ။ တစ်ကမ္ဘာလုံးတွင် ဒေါ်လာ ဘီလီယံနှင့် ချီသော ငွေကြေးတို့ကို အသုံးချကာ အသားမတွန့်အောင် ကုသနေကြပါသည်။ အချို့ဆေးများက ပျောက်မည်ပြောပြီး ဘာမှ မထူးသော်လည်း အချို့သော ဆေးများကတော့ အနည်းနှင့် အများ ထိရောက်သည်လည်း ရှိကြပါသည်။
အသားအရေတွန့်ခြင်းသည် လူတစ်ကိုယ်လုံးတွင် ဖြစ်ပေါ်နိုင်သော်လည်း နေရောင်ဖြင့် အများဆုံးထိတွေ့သောနေရာများတွင် အများဆုံးပေါ်ပေါက်တတ်ပါသည်။ ထိုနေရာတွေကတော့ -
လက်ဖမိုး၊မျက်နှာ၊ဂုတ်၊လက်ဖျံ တို့ ဖြစ်ကြပါသည်။
အသားအရေတွန့်ခြင်းတွင် နှစ်မျိုးရှိပါသည်။ အပေါ်ယံ အစင်းများ နှင့် အောက်သို့ရောက်သော အစင်းများ ဖြစ်ကြသည်။ လိမ်ဆေးအများစုသည် အပေါ်ယံတွင် ရှိသော အစင်းများလောက်ကိုသာ သက်သာအောင် ပြုလုပ်ပေးနိုင်ပါသည်။ အောက်သို့ ရောက်သော အစင်းများကိုမူ လေဆာ သို့မဟုတ် ခွဲစိတ်သည့် နည်းဖြင့်သာ ကုသပေးနိုင်ပါသည်။
အသားအရေတွန့်ခြင်းကို ဖြစ်စေသော အဓိက အကြောင်းအရာများ
ပုံမှန်အသက်ကြီး၍ ဖြစ်ခြင်းမှ အပ အောက်ပါ အချက်များသည် အသားအရေတွန့်ခြင်းကို ပိုမို ဖြစ်ထွန်းစေပါသည်။
ဆေးလိပ်သောက်ခြင်း - ဆေးလိပ်သောက်ပါက အရေပြားသို့ သွေးစီးနှုန်း နည်းသွားပြီး အရေပြားအိုခြင်းကို ပိုမိုမြန်ဆန်စွာ ဖြစ်စေပါသည်။
အသားဖြူခြင်း - အသားဖြူပါက နေရောင်ဒဏ်ကို ပိုမိုခံရပြီး အသားတွန့်ခြင်းကို မြန်စေပါသည်။
မျိုးရိုးဗီဇ - အဖေ အမေတို့တွင် အသက်ငယ်ငယ်ကတည်းက အသားအရေ တွန့်တတ်ပါက မိမိတွင် လည်း ထိုသို့ ငယ်ငယ်ကတည်းက အရေတွန့်နိုင်သည်။
အ၀တ်အစား - ဦးထုပ် နှင့် လက်ရှည် အင်္ကျီ တို့ကို ၀တ်ဆင်လေ့ရှိသူသည် မ၀တ်သောသူတို့နှင့်ယှဉ်လျှင် နောက်ကျမှ အသားတွန့်ပါသည်။
အလုပ်အကိုင်- နေပူထဲတွင် ကြာကြာအလုပ်လုပ်ရသောသူတို့သည် အသားအရေ တွန့်ခြင်းကို စောစီးစွာ တွေ့ကြုံရသည်။
မျက်နှာထား - တစ်ချိန်လုံး ပြုံးနေရသူများ၊ ခဏခဏ မျက်နှာ အမူအရာကို ကစားနေရသူများတွင်လည်း ကြွက်သားများ စောစောစီးစီး အိုမင်းကာ အသားအရေတွန့်တတ်ပါသည်။
အသားအရေတွန့်ခြင်းကို မည်ကဲ့သို့ ကုသနိုင်သနည်း။
လိမ်းဆေးများ
Vitamin A နှင့် သူ၏ compound များပါဝင်သော လိမ်ဆေးများ လိမ်းလို့ ရပါသည်။ သို့သော် မိမိအရေပြားနှင့် မတည့်ပါက ဓာတ်မတည့်မှုများ ဖြစ်တတ်ပါသည်။ အဆိုပါ ဆေးများ၏ ထိရောက်မှုမှာ မည်သူမှ သေချာပေါက်မပြောနိုင်ပေ။ လူတစ်ဦးနှင့် တစ်ဦးကွာပေလိမ့်မည်။ အခြားတစ်ယောက်တွင် အဆင်ပြေသော်လည်း မိမိနှင့် အဆင်ပြေချင်မှ ပြောပါလိမ့်မည်။
ခွဲစိတ်ခြင်း
plastic surgery တွင် မျက်နှာကို ခွဲစိတ်ရခြင်းသည် အဓိက အစိတ်အပိုင်းအဖြစ်ပါဝင်ပါသည်။ ခွဲစိတ်သည့် နည်းပေါင်းများစွာ ရှိသော်လည်း နာမည်ကြီးသော နည်းလမ်းများမှာ Botox ဆေးထိုးခြင်း နှင့် Face Lift ခေါ် အရေပြားကို ခွာကာ ပုံပြန်သွင်းခြင်းတို့ ဖြစ်ပါသည်။ Laser ဖြင့် အောက်ခံအရေပြားကို အသားနု ပြန်တက်အောင် လုပ်သည့်နည်းလည်း ရှိပါသည်။
တကယ်တော့ Botox ဆိုသည်မှာ ဘက်တီးရီးယားမှ တဆင့် ရရှိသော အဆိပ်တစ်မျိုးဖြစ်ပါသည်။ လူ၏ ကြွက်သားများကို ပျော့စေပါသည်။ ထိုအဆိပ်ကို မိမိအသားအရေတင်းလိုသော နေရာသို့ ထိုးသွင်းရသည်။ နဖူး နှင့် မျက်စိ ၀န်းကျင်နေရာများသည် ကြွက်သားများ အလုပ်လုပ်လွန်သောကြောင့် အသားတွန့်ရသည်။ ထို့ကြောင့် ထိုနေရာများကို အဆိပ်ထိုးထားပါက ကြွက်သားများ လျော့သွားပြီး အသားက ချောသွားသလို ဖြစ်သွားလေသည်။ ထိုဆေးသည် အရေပြားထဲတွင် ၃ လခန့်သာ ခံသောကြောင့် ထပ်ခါထပ်ခါထိုးရန် လိုအပ်ပါသည်။
Face Lift ကို ဆေးပညာအရ rhytidectomy ဟု ခေါ်ပါသည်။ မိမိ၏ မျက်နှာ အပေါ်ယံအရေပြားကို ဆွဲခွာလိုက်ပြီးနောက် မလိုသည်များကို ဖယ်၊ လိုချင်တာကို နည်းမျိုးစုံဖြင့် ပုံပြန်သွင်းပြီး မျက်နှာကို နုပျိုသကဲ့သို့ ဖြစ်အောင် ပြုလုပ်ခြင်းဖြစ်ပါသည်။ တစ်ခါခွဲပြီးပါက ၅ နှစ်မှ ၁၀ အထိ ခံပါသည်။ ခွဲပြီးပါက မျက်နှာသည် ခွဲစိတ်သည့်ဒဏ်ကြောင့် ဖူးယောင်နေတတ်ပြီး ရက်သတပတ် အနည်းငယ်ကြာမှ နဂိုအတိုင်း ပြန်ဖြစ်လာမည် ဖြစ်သည်။
အသားအရေတွန့်ခြင်းကို ကာကွယ်ခြင်း
အသက်တွေ ကြီးမလာအောင် ကျွန်တော်တို့ လုပ်လို့ မရသေးပါ။ လူတိုင်းလူတိုင်းတော့ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အသားအရေတွန့်မည်သာဖြစ်သည်။ သို့သော် အောက်ပါ အချက်များကို လိုက်နာခြင်းဖြင့် အချိန်မတန်မီ အသားအရေတွန့်ခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။
အရေပြားနှင့် နေရောင်ခြည် - အရေပြားသည် နေရောင်ဖြင့် ထိတွေ့ချိန်ကြာလေလေ ပျက်စီးလေဖြစ်သည်။ ထို့ကြောင့် နေပူထဲသို့သွားပါက ဦးထုတ်၊ ထီး နှင့် နေလောင်ဒဏ်ကို ကာကွယ်ပေးသော လိမ်ဆေးများကို လိမ်းသင့်သည်။ သို့သော် ပုံမှန် အသားအရေရှိသော မြန်မာလူမျိုးများအတွက် မဆိုလိုပါ။ အလွန်အမင်းအသားဖြူသူများကို ဆိုလိုပါသည်။
Moisturizers - ၎င်းတို့သည် အသားတွန့်ခြင်းကို မကာကွယ်ပေးသော်လည်း သိပ်ပြီး မသိသာအောင် ပြုလုပ်ပေးနိုင်ပါသည်။
ဆေးလိပ်သောက်ခြင်း - လုံးဝ ရှောင်သင့်ပါသည်။
အိပ်ရေ၀ခြင်း - တစ်နေ့ကို အိပ်ချိန် ၇ နာရီ ခန့်ရှိသူများသည် ကိုယ်ပိုင်း စိတ်ပိုင်း ပိုမို ကျန်းမာသလို အရေပြားလည်း ပိုမို နုပျိုသည်ကို တွေ့ရပါသည်။
Original Author - Christian Nordqvist
Translated by - ဇီဝက (ဆေး-၂)
Reference : www.medicalnewstoday.com

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...