စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အမေမှ သားရဟန်းသို့ပေးစာ

သား…
အမေ စာပြန်လိုက်ပါတယ်။ သားရဲ့ စာကိုဖတ်ပြီး အမေရွာမှာ ဘယ်လိုခံစားရနေရတယ်ဆိုတာ သားမသိဘူးနော်။ သားရဲ့စာထဲမှာ “ရန်ကုန်က ဒကာ ဒကာမတွေက ကိုရင့်ကို ပဉ္စင်းခံမှာ ဖြစ်လို့ အမေ ပဉ္စင်း ခံမယ့် အစီအစဉ်ကို ဖျတ်လိုက်ပါတော့”တဲ့။ ပြီးတော့ သီတင်းကျွတ်လပြည့်ကျော်(၉)ရက်နေ့ ပဉ္စင်းခံမှာဖြစ်လို့ သီတင်းကျွတ်လပြည့်ကျော်(၅)ရက်နေ့ အရောက်လာပါတဲ့။
သားရဲ့စာက တိုတိုနဲ့ နည်းနည်းလေးပါ။ ဒါပေမယ့် အမေ့မှာ အများကြီးခံစားရပါတယ်။ ဒီလိုခံစားမှုမျိုးဟာ ဒါပါနဲ့ဆို နှစ်ခါရှိပြီသား၊ တကယ်တော့ အမေခံစားရလွန်းလို့ ပွင့်လာတာပါသား။ ဒီအကြောင်းတွေကို သား အပြည့်အစုံ မသိခဲ့ဘူး။ ဘယ်သိပါ့မလဲ သားက အဲဒီတုန်းက ငယ်သေးတာကိုး။ သားသိအောင် အမေ နည်းနည်း ပြန်ပြောချင်တယ် သား။
သား(၇)နှစ်အရွယ်မှာ သားအဖေဆုံးခဲ့တယ်။အဲဒီတုန်းက သားရဲ့ညီမလေးက (၅)နှစ်၊ သားရဲ့ညီလေးက(၃)နှစ်ပဲ ရှိသေးတယ်။ ကလေး(၃)ယောက်နဲ့ အမေဟာ သားအဖေရဲ့ လယ်လုပ်ငန်းကိုပဲ ဆက်လက်လုပ်ခဲ့တယ် သား။
လယ်လုပ်ငန်းဆိုတာ ယောင်္ကျားတွေဦးစီးပြီးလုပ်ရတာ မဟုတ်လား သား။ ယောင်္ကျားမရှိတော့တဲ့ အမေ့မှာ သူရင်းငှားနဲ့ သူတစ်ဝက် ကိုယ်တစ်ဝက်ပုံစံမျိုးနဲ့ ဆောင်ရွတ်ခဲ့ရတယ်။ ဒီကြားထဲ “ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ”ဆိုတဲ့အတိုင်း အမေတို့ ကံမကောင်းခဲ့ပြန်ဘူးသား။ နှစ် နှစ်ဆက်တိုက် မိုးတွေရွာလို့ လယ်တွေ ရေနစ်တဲ့အတွက် စပါး သိပ်မရခဲ့ပြန်ဘူးသား။ ဒီလိုနဲ့ သား(၉)နှစ်သားအရွယ် ရောက်လာတယ်သား။
(၉)နှစ်ဆိုတာ “မဂဏန်း”ဆိုတော့ ဗေဒင်ကိန်းဂဏန်းအရ ရှင်ပြုလို့ကောင်းတဲ့ အရွယ်ပဲလေ။အဲဒီတော့ သားကို ရှင်ပြုဖို့အရေး တွေးရတော့တာပေါ့သား။ အမေတွေးသလို တွေးကြတဲ့သူတွေကလည်း ရှိနေပြန်တယ် သား။ တခြားတော့ မဟုတ်ပါဘူး။ သားရဲ့ အမေကြီး အဘကြီးတွေလေ။ အမေရဲ့ ယောက္ခမတွေပေါ့သား။
တစ်ညနေမှာ သားရဲ့ အမေကြီး အဘကြီးတွေက အမေ့ကို လူလွှတ်ပြီး ခေါ်တယ်လေ။ အမေလည်း တစ်ခါတည်း လိုက်သွားဖြစ်လိုက်ပါတယ် သား။ အိမ်ရောက်တော့ ထင်တဲ့အတိုင်းပါပဲ၊ သားရဲ့ အမေကြီး အဘကြီးတွေက “ဒီမယ် နှင်းမြ.. ပွင့်ပွင့်လင်းလင်းပဲ ပြောကြရအောင် ငါတို့မြေးဟာ ရှင်ပြုရမယ့်အရွယ် ရောက်နေပြီ”တဲ့။”ငါတို့အနေနဲ့ ခမ်းခမ်းနားနားနဲ့ ကြီးကြီးကျယ်ကျယ် ပြုပေးမယ်။ ငါတို့ကိုပေးပါတဲ့။”သား။အဲဒီ စကားကြရတော့ အမေဘယ်လောက် ခံစားရတယ် ထင်သလဲသား။ ရူးမတတ်အောင်ပါပဲ သား။ အမေ့ကို အတ္တဆန်တယ်ပဲပြောပြော ကိုယ့်သားကို ကိုယ်တိုင်ပဲ ရှင်ပြုချင်တယ်။ ဘယ်သူ့ကိုမှမပေးချင်ဘူး သား။ အဲဒီ စကားကို စိတ်ထဲက ပြောသာပြောရတယ် အင်အားတော့မရှိလှဘူးသား။ ဘာဖြစ်လို့လဲဆိုတော့ လယ်တွေက ဆက်တိုက်ရေနစ်ထားတော့ ငွေကြေး မပြည့်စုံဘူးလေ။ မဖြစ်ဖြစ်တဲ့နည်းနဲ့ ပြုမယ်ဆိုရင်တော့ ရတာပေါ့။ ရွာဦးကျောင်းက ဘုန်းကြီးကို အကျိုးအကြောင်းပြောပြီး ဘယ်သူ့မှ မဖိတ်ဘဲနဲ့ အကျဉ်းချုံးပြုလိုက်လို့ ရတယ်လေ။ ဒါပေမယ့်သားရယ် သားကို ငဲ့ရသေးတာပေါ့။ အဲဒီလိုလည်း အမေ မလုပ်ရက်ပြန်ဘူး သား။
ဒီလိုဖြစ်သလို အကျဉ်းချုံးပြီး ပြုပေးလိုက်ရင် သား ဘယ်လိုခံစားရမလဲ။ ကလေးပဲသား အိမ်ရှေ့မှာ မဏ္ဍပ်ကြီး ထိုး မြင်းတွေလှည်းတွေနဲ့လှည့်၊ ရွာနီးဝန်းကျင်က လာသမျှ ဧည့်သည်တွေကို ထမင်းအဝကျွေး ညကျတော့ ဆိုင်းနဲ့ ဧည့်ခံပေါ့။ ကလေးပီပီ အဲလိုဖြစ်ချင်မှာပဲလေဆိုပြီး သားရဲ့အမေကြီး အဘကြီးတွေကို ရှင်ပြုခွင့် ပေးလိုက်ရတယ် သား။
ဟုတ်တော့လည်းဟုတ်ပါတယ် သား။ သားရဲ့ အမေကြီး အဘကြီးတွေက သားရဲ့ ရှင်ပြုပွဲကို ခြိမ့်ခြိမ့်သဲသဲ ပြုပေးခဲ့ပါတယ်သား။ ရှင်လောင်းလှည့်တဲ့အခါ မြင်းနဲ့ လှည့်ပြီး ညကျတော့ ရန်ကုန်က” မြဖိုးသာအောင်”ဆိုင်းနဲ့ ဧည့်ခံခဲ့တယ်လေ။ သားကတော့ ပြုံးလို့ ရွှင်လို့ပေါ့။ အမေကတော့ ကိုယ်တိုင် ရှင်မပြုနိုင်ဘူးဆိုတဲ့ အသိနဲ့ မပျော်နိုင်ခဲ့ပါဘူး။ ဒါတင်ဘယ်ကမလဲ သားရှင်ပြုတဲ့နေ့က ဆံချတော့လည်း ကိုယ့်သားခေါင်းက ရိတ်ချ လိုက်တဲ့ ဆံပင်တွေကို ပိတ်ဖြူနဲ့ ကိုယ်တိုင်ခံယူချင်တာပေါ့သားရယ်။ ရှင့် ဒါယကာမ မဟုတ်လေတော့ အခွင့်အရေးက မသာခဲ့ပါဘူး။ သားရဲ့ အဘိုးအဘွားတွေပဲ ဆံခံယူကြပါတယ်။ မနက်ရှင်လောင်းလှည့်တန်းတုန်း ကလည်း သားဆီးမယ့် သင်္ကန်းထည့်ထားတဲ့ မောင်းထောင်ခွက်ကို အမေ့ရင်ခွင်မှ ပိုက်ခွင့်မရခဲ့ဘူးသား။ အခု သိတတ်တဲ့အရွယ် ရောက်ပြီဖြစ်တဲ့ သားဟာ ရှင်ပြုတုန်းက အမေဘယ်လိုခံစားရမလဲဆိုတာ စဉ်းစားကြည့်ပါ သား။”အရှေ့ကို လျှောက်ပါလို့ အနောက်ကိုတဲ့ မျှော်လိုက်ရင်”သီချင်းဟာ ဆံခံခွင့် မရတဲ့ အမေ့အသည်းကို ဓားပါးပါးနဲ့ မွှန်းသလို ခံစားခဲ့ရတယ်သား။ အဲဒီတုန်းက အမေမုဆိုးမတစ်ယောက် ခံစားခဲ့တာတွေဟာ စိတ်အမာရွတ်အဖြစ်နဲ့ ဒီနေ့အထိ ကျန်နေပါသေးတယ် သားရယ်။ ရှင်လောင်းအသွင်းမှာ တီးလိုက်တဲ့ ဗျောစည်သံဟာ အမေ့ရင်ကို ဝေဒနာများစွာ ဖိစီးခဲ့ပါတယ် သား။ သားရှင်ပြုလို့ အမေပျော်နေရမယ့်အချိန်မှာ ပျော်ဖို့ အခွင့်မသာခဲ့ဘူး သားရယ်။
ဒီလိုနဲ့ သားဟာ သင်္ကန်းဝတ်နဲ့ မထင်မှတ်ဘဲ မြဲသွားတယ်။ အဲဒီတော့ ဘုန်းကြီးက သားကို စာသင်ဖို့အတွက် ရန်ကုန်က စာသင်တိုက်ကို ပို့ပေးခဲ့တယ်လေ။ အဲဒီမှာ အမေ့အတွက် မျှော်လင့်ချက်တစ်ခု ရလိုက်ပြန်တယ် သား။ဘာလို့လဲဆိုတော့ ကိုယ်တိုင် ရှင်မပြုလိုက်နိုင်ပေမယ့် ပဉ္စင်းခံတာကိုတော့ ကိုယ်တိုင်ပဉ္စင်းခံရတော့မယ် ဆိုတဲ့ မျှော်လင့်ချက်ပါပဲ သား။ တကယ်တော့ ကံကြမ္မာဟာ အဆန်းပဲသား။ လူတစ်ယောက်ဟာ အမြဲတမ်း နိမ့်ကျမနေသလို၊ အမြဲတမ်းလည်း မြင့်မနေပါဘူးသား။ လမိုက်ညတွေချည့် ဖြစ်မနေသလိုပေါ့သားရယ်။ ဟုတ်တယ်သား အမေတို့ ကံကောင်းတယ်ပဲပြောရမလား မသိဘူး။ သားစာသင်တိုက်တက်ပြီး နောက်ပိုင်းမှာ အမေတို့လယ်တွေ တအားကောင်းခဲ့တယ် သား။ အဲဒီတော့ အမေ့အတွက် သားကို ပဉ္စင်းခံရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်ဟာ ပိုပြီးဖြစ်ရတာပေါ့သား။ အမေအလုပ်ကိုကြိုးစားပြီး လုပ်ဖြစ်တယ်။ ကြိုးစားသလောက်လည်း အကျိုးဖြစ်ထွန်းခဲ့ပါတယ် သား။
သားကို ပဉ္စင်းခံပေးဖို့ တစ်နှစ်အလိုမှာပဲ သားအတွက် သင်္ကန်းပရိက္ခရာအားလုံးကို ဝယ်ပြီးဖြစ်နေတယ် သား။ ဧည့်ခံကျွေးမွေးဖို့ အစီအစဉ်အားလုံးကိုလည်း စီစဉ်ပြီးသားဖြစ်နေခဲ့တယ်သား။
ဒီလိုနဲ့ပဲသားကို ပဉ္စင်းခံဖို့(၃)လလောက်အလိုမှာ သားရဲ့စာကို ဖတ်ရတော့တာပဲသား။ မုဆိုးမတစ်ယောက် အတွက် မျှော်လင့်ချက်ဆိုတာ ဒါကိုပဲထားနိုင်ခဲ့တာ။ အဲဒီမျှော်လင့်ချက် ပျောက်ပြီဆိုတော့ အမေဘယ်လို ခံစား ရမလဲဆိုတာ သားတွေးသာကြည့်လိုက်ပါတော့ သား။ မဖြစ်ဘူး သား..သားကို လက်လွှတ်ခံလို့ မဖြစ်ဘူး။ အမေနှစ်ခါ မခံစားချင်တော့ပါဘူး။ ရန်ကုန်ကို သွားပြီး သားကို လုံးဝမပေးနိုင်တဲ့အကြောင်း ပြောရမယ်ဆိုတဲ့ အတွေးဟာချက်ချင်းပဲ ဝင်လာခဲ့တယ် သား။
ရန်ကုန်ကိုမသွားခင် သားရဲ့စာကို ရွာဦးကျောင်းက သားရဲ့ဆရာဘုန်းကြီးကို သွားပြမိတယ် သား။ ပြီးတော့ သားကို လုံးဝမပေးနိုင်တဲ့အကြောင်းပါ တစ်ခါတည်းလျှောက်ထားမိတယ်။ ဘုန်းကြီးက သားရဲ့စာကို ဖတ်ပြီး သက်ပြင်းချတယ်။ ပြီးတော့အမေ့ကို တွေပြီးတစ်ချက်ကြည့်တယ်။ နောက်စက္ခုနြေ္ဒချရင်း စကားကို ဖြည်းဖြည်း နဲ့ မိန့်တယ်သား။
“နှင်းမြ…နင် ဘယ်လိုခံစားရမယ်ဆိုတာ ငါသိပါတယ်”တဲ့။”ငါတို့ တစ်မျိုးလှည့်တွေးကြည့်ရအောင်”တဲ့။ “နင့် သား တစ်ခုခုလိုမယ်။ ဒါမှမဟုတ်အရေးပေါ် ကျန်းမာရေး ချို့ယွင်းမယ်။ အဲဒီလို လတ်တလော ဖြစ်လာခဲ့ရင် နင့်သားက ရန်ကုန်မှာ နင်ကရွာမှာ၊ နင်ဘယ်လိုလုပ် ချက်ချင်းပြုစု စောင့်ရှောက်နိုင်မလဲ။အဲဒီလို အချိန်မှာ နင့်သား အနားမှာ ပဉ္စင်းခံထားတဲ့ ဒကာ ဒကာမတစ်ဦးဦးရှိနေခဲ့ရင် အဆင်မပြေနိုင်ဘူးလား”တဲ့။ “လူစိမ်းကို ဦးစားပေးလိုက်ပါ”တဲ့။ “ကိုယ်က မိဘပဲ”တဲ့ သား။
ဘုန်းကြီးစကားဟာ အမေ့အတွက် အထိုက်အလျောက်ပဲ သက်သာစေခဲ့ပါတယ်။ ရာခိုင်နှုန်းပြည့်မသက်သာ စေပါဘူး။ဒါပေမယ့် အမေ ဘုန်းကြီးကို ဘာတစ်ခွန်းမှပြန်မလျှောက်ခဲ့ပါဘူး။ ဦးချပြီး ခေါင်းငိုက်စိုက် ငိုက်စိုက် နဲ့ပဲ အိမ်ပြန်ခဲ့တယ် သား။ အိမ်ပြန်ရောက်တော့ ဘာမှလုပ်ချင်ကိုင်ချင်စိတ် မရှိတာနဲ့ အိမ်တိုင်ကိုမှီပြီး ထိုင်နေမိတယ် သား။ အဲဒီမှာ ထိုင်နေရင်း ဘာသွားတွေ့သလဲဆိုတော့ အမေ့ရှေ့တည့်တည့်က သေတ္တာပေါ်မှာ ဆရာချစ်စံဝင်းရဲ့ “အမေနှင့် အမေ့အကြောင်း”ဆိုတဲ့ စာအုပ်ပဲ သား။ အဲဒီစာအုပ်ကို မြင်တော့သားကို ပိုပြီး သတိရသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီစာအုပ်က သားနဲ့ ဆက်စပ်နေပြန်တယ်လေ။
မှတ်မိသေးလား သား။ သားရဲ့ ညီမလေးနဲ့ ညီလေးက သိပ်ပြီးမလိမ္မာတော့ အမေက သားကို စာရေးပြီးတိုင်ခဲ့ တယ်လေ။ သားက နွေရာသီကျောင်းပိတ်လို့ ရွာပြန်ကြွလာတော့အဲဒီ “အမေနှင့် အမေ့အကြောင်း” ဆိုတဲ့ စာအုပ်ကို ဝယ်လာပြီး ညီမလေးနှင့် ညီလေးကို ပေးဖတ်ခဲ့တယ်လေ။ ပြီးတော့ သားကပြောသေးတယ်။ တရုတ် စကားပုံဆိုလား မသိပါဘူး။ “မိခင်ရဲ့ မေတ္တာကို သိချင်ရင် သင်ကိုယ်တိုင် ကလေးမွေးကြည့်လိုက်ပါ”ဆိုတဲ့ စကားပုံလေးနဲ့ ဆုံးမခဲ့တယ်လေ။ ခုလဲ သားကို သားပြောခဲ့သလို ပြန်ပြောရမလိုဖြစ်နေပြီသား။ အမေ့ခံစားမှုကို သိချင်ရင် သားကိုယ်တိုင်ပဲ အမေ့နေရာက ခံစားကြည့်လိုက်ပါတော့ သားရယ်။
ဘာရယ်တော့မဟုတ်ပါဘူး သား။ သားပေးခဲ့တဲ့ “အမေနှင့် အမေ့အကြောင်း”ဆိုတဲ့စာအုပ်ကို ပြန်ယူကြည့်မိ တယ် သား။ ဟိုလှန်ဒီလှန်နဲ့ ဘာသွားတွေ့လဲသလဲဆိုတော့ ဂျပန်ပုံပြင်လေးတစ်ပုဒ်ကို သွားတွေ့မိတယ်။ ဆရာ ဦးသော်ဇင်က ဆရာချစ်စံဝင်းတို့အဖွဲ့ကို ပြောပြတဲ့ ပုံပြင်လေးပါ သား။
တစ်ခါတုန်းက ဂျပန်ပြည်မှာ မိခင်မုဆိုးမကြီးနဲ့ သားတစ်ယောက်ရှိတယ်တဲ့။ မိခင်မုဆိုးမကြီးက သားကို ချစ်လွန်းလို့ အရွယ်ရောက်တဲ့အထိ ပြုစုလုပ်ကျွေးခဲ့တယ်တဲ့။ ဒီလိုနဲ့ အဲဒီသားဟာ အရွယ်ရောက်လာတော့ မိန်းကလေးတစ်ယောက်ကိုချစ်မိတယ်တဲ့။ သူချစ်တဲ့အကြောင်းကို မိန်းကလေးကိုသွားပြောတဲ့အခါ မိန်းကလေး က ဘာပြန်ပြောသလဲဆိုတော့ “ကျွန်မမှ သိပ်ချစ်ရတဲ့ ခွေးတစ်ကောင်ရှိတယ်။ အဲဒီခွေးစားဖို့ ရှင့်အမေ အသည်းကို ရရင် ကျွန်မပြန်ချစ်မယ်”လို့ ပြောသတဲ့သား။
ဒီတော့ သားဖြစ်သူက အမေ့ဆီ အပြေးပြန်လာပြီး အမေ့ကို အကျိုးအကြောင်းပြောပြတော့ အမေက ချက်ချင်းပဲ ရင်ကိုစားနဲ့ခွဲပြီး၊ အသည်းကို ပေးလိုက်သတဲ့ သား။ သားဖြစ်တဲ့သူက အမေ့အသည်းရတာနဲ့ ချစ်သူမိန်းကလေး ကိုပေးဖို့ဆိုပြီး အပြေးသွားတော့တာပေါ့။ ပေးချင်ဇောနဲ့ အဆောတလျင်ပြေးတော့ လမ်းမှာ ခလုတ်တိုက်ပြီး လဲကျသွားသတဲ့ သား။ အဲဒီလို လဲကျသွားတော့ အမေ့အသည်းက ဘာပြောသလဲဆိုတော့ “သားလေး.. ဘယ်များနာသွားသေးလဲ”လို့ မေးသတဲ့။ ပုံပြင်လေးဟာ ဒီမှာတင်အဆုံးသတ်သွားတယ်။ အသည်းက စကားပြောတဲ့ ပုံပြင်လေးပေါ့ သား။
ဒီပုံပြင်လေးကိုဖတ်ပြီး အမေ တွေခနဲ ဖြစ်သွားတယ် သား။ ပြီးတော့ မိဘဆိုတာ ပေးဆပ်ခြင်းလို့ တစ်ဆက်တည်း နားလည်လိုက်ပြန်တယ်။ ဒါမျိုးဟာ ခုမှဖြစ်ပေါ်နေတာမှမဟုတ်ဘဲ။ ဟိုး…….ကမ္ဘာဦး အစကနေ ဒီနေ့အထိ နေ့စဉ်ဖြစ်နေတဲ့ လောကဓမ္မတာ တစ်ခုပဲလေ။ အဲဒီအချိန်ကစပြီး အမေ အရာအားလုံးကို နားလည်ခဲ့ပါပြီ သား။ အဲဒီနားလည်မှုအနေနဲ့ အတွေးသစ် အသိသစ်တွေ ရခဲ့ပါတယ်သား။ ဒါကြောင့်လည်း သားဆီကို ဒီလိုစာမျိုး ရေးနိုင်တာပေါ့သားရယ်။
ကဲ…ထားလိုက်ပါတော့ ။ အမေ့စာလည်းတော်တော်ရှည်သွားပြီ။ အဲဒီတော့ သားရဲ့စာပါအတိုင်း အမေရဲ့ ပဉ္စင်းခံဖို့ အစီအစဉ်အားလုံးကို ကျေကျေနပ်နပ်ပဲ ဖျတ်လိုက်ပါတော့မယ်သား။ သားကို ပဉ္စင်းခံကြမယ့် ရန်ကုန်က ဒကာ ဒကာမတွေကိုလည်း အမေက ကြည်ကြည်ဖြူဖြူ ခွင့်ပြုတဲ့ အကြောင်းကိုပါ သားက တစ်ဆင့် ပြောပြလိုက်ပါသား။ ပြီးတော့ သားရဲ့ ပဉ္စင်းခံပွဲကို သားညီမလေး၊ ညီလေးနဲ့အတူ အမေအရောက်လာခဲ့ပါမယ်။
သားရဟန်း ကျန်းမာချမ်းသာပါစေ။
အမေ…
မှတ်ချက်။ ။ဆရာတော် ရဝေနွယ်(အင်းမ)ရဲ့ အမြဲစီးဆင်းနေသော မြစ်တစ်စင်းအကြောင်း စာအုပ်မှ ကောက်နှုတ်ရေးသားခြင်းဖြစ်ပါသည်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒတက္ကသိုလ် အိန္ဒိယနိုင်ငံ)
http://www.wiradhamma.blogspot.com/
ဦးဇင်းဘလော့မှာလည်းလာရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...