စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သံကွင်းဆက် အီမေးလ်ဆင်ခြင်စရာ

သံကွင်းဆက် အီးမေးလ်
အင်တာနက်မှာ တစ်နေ့ကို မေးလ်အစောင်ပေါင်း သိန်းသန်းချီပြီး ပို့နေကြပါတယ်။ ၂၀၁၀ စစ်တမ်းအရ ၂၀၁၀ ခုနှစ်မှာ တစ်နေ့ကို မေးလ်အစောင်ပေါင်း ၂၄၉ ဘီလျံ ပို့ကြတယ်လို့ တွေ့ရှိရပါတယ်။ ၂၄၉ ဘီလျံဆိုတော့ တစ်စက္ကန့်ကို မေးလ်အစောင်ပေါင်း ၂.၈မီလျံနဲ့ချီ ပို့နေကြတာ ဖြစ်ပါတယ်။ အဲဒီထဲကမှ ၉၀ ရာခိုင်နှုန်းဟာ Spam တွေနဲ့ ဗိုင်းရပ်စ်မေးလ်တွေပဲ ဖြစ်ပါတယ်။ အကျိုးမရှိတဲ့ မေးလ်တွေထဲက နောက်တစ်မျိုးကတော့ “သံကွင်းဆက်မေးလ်” ပဲ ဖြစ်ပါတယ်။

သံကွင်းဆက်စာ
အင်တာနက်မှာ မုန်းစရာအကောင်းဆုံး မေးလ်တစ်စောင်ရှိပါတယ်။ ဘာမေးလ်လဲဆိုရင် Chain Letters  ခေါ် သံကွင်းဆက်စာပဲ ဖြစ်ပါတယ်။ လူတစ်ယောက်ဆီကနေ ပို့ပေးလိုက်တာ ဖြစ်ပြီး ဒီစာကို ဘယ်နှစ်ရက်အတွင်း ဘယ်နှစ်ယောက် ဖြန့်ဝေပေးရင် ဘာဖြစ်မယ်၊  မဖြန့်ဝေပေးရင် ဘာဖြစ်မယ်ဆိုတာတွေ ရေးထားတဲ့စာပဲ ဖြစ်ပါတယ်။  ဒီစာကို ထပ်ဆင့် ပြန်ပို့နေကြတဲ့သူတွေထဲမှာ မိတ်ဆွေ ပညာတတ်တွေတောင် ပါနေတဲ့အတွက် ၀မ်းနည်း အံ့သြမိရပါတယ်။ ဒါကြောင့် သံကွင်းဆက်စာတွေရဲ့ သဘောသဘာဝကို သိစေဖို့ ရည်ရွယ်ပြီး ဖော်ပြလိုက်ရပါတယ်။

သံကွင်းဆက်စာဆိုတာ ဘာလဲ
တရားမ၀င်တဲ့ မေးလ်တစ်စောင်ဖြစ်ပြီး မိမိအချိန်ကို အလဟဿ ကုန်ဆုံးစေတဲ့ မေးလ်တစ်စောင်လည်း ဖြစ်ပါတယ်။ သံကွင်းဆက်မေးလ်တွေဟာ သင့်ကို ရိုးရှင်းသောနည်းနဲ့ ကမ်းလှမ်းမှုတစ်ခု အမြဲ ပြုလုပ်ကြပါတယ်။ ဘာလဲဆိုတော့ ပေါ့ပါးသော၊ ၀န်ပိုမဖြစ်သော၊ ကရိကထ မများသော၊ အားထုတ်မှု အသေးစားလေးဖြင့် ကြီးမြတ်သော၊ ကောင်းမွန်သော အကျိုးရလာဒ်များ ပေါ်ထွန်းလာစေရန် ကတိက၀တ် ရဲစွာ ပေးထားမှုပင် ဖြစ်ပါတယ်။ ၁၀၀၀ တန် ဆုလာဘ်ကို ၁ကျပ်ဖိုးလေး လုပ်ရုံနဲ့ ရရှိမယ်လို့ ကတိပေးရဲတာ ဖြစ်ပါတယ်။ သံကွင်းဆက်စာမှာ တစ်ယောက်ယောက် သင့်မိတ်ဆွေ၊ သင့်ဆွေမျိုး၊ သင်ချစ်ရတဲ့သူတွေဆီ အစရှိသဖြင့် ထပ်ဆင့် ပြန်ပို့ခိုင်းတတ်ပါတယ်။ ဒါကိုလည်း အနည်းဆုံး ဆယ်ယောက်ခန့် ပို့ခိုင်းလေ့ ရှိကြပါတယ်။ ဒီလိုပို့ရုံလေးနဲ့ ဘာဖြစ်မယ်၊ ညာဖြစ်မယ်ဆိုတဲ့ ကတိတွေကိုယုံစား၊ ကိုးစားပြီး ပြန်ပို့နေကြတာ ဖြစ်ပါတယ်။ ပို့သူ ဘယ်လောက်များထားသလဲဆိုတာ အရိုးရှင်းဆုံးဖြစ်တဲ့ ဒီနည်းနဲ့ လုပ်စားတာ အတော်လေး အောင်မြင်ကြောင်း သံကွင်းဆက်မေးလ်တွေ လာလို့ကြည့်တိုင်း တွေ့နေရပါတယ်။ သံကွင်းဆက်စာဟာ အသိလောင်းစရာ သတင်းကောင်း မေးလ်တစ်စောင် မဟုတ်ပါဘူး။ ယေဘုယျအားဖြင့် သံကွင်းဆက်မေးလ် အမျိုးအစား (၄)မျိုးရှိပါတယ်။

ဟာသ သံကွင်းဆက်စာ
“သင့်ရဲ့အနာဂတ် ချစ်သူလောင်းနဲ့ ပတ်သက်ပြီး သိချင်လား။ သိချင်တယ်ဆိုရင် မြားနတ်မောင်ဆီမှာ ဆုတောင်းပါ။ ခဏစောင့်ပါ။ ခဏလေးစောင့်ပါဆိုပြီး အောက်မှာ ပြန်ရေးထားတာက မြားနတ်မောင် အလုပ်များနေလို့ ဒီစာကို သင့်မိတ်ဆွေဆယ်ယောက်ဆီ ပို့ရင် မြားနတ်မောင်က ဘယ်နှရက်အတွင်း အကြောင်းပြန်မယ်၊ အယောက်၂၀ ပို့ရင် ဒီထက်စောစော အကြောင်းပြန်မယ်” စတဲ့ မေးလ်မျိုးလည်း ရှိပါတယ်။ မြားနတ်မောင်က ဆက်သွယ်မှု ဧရိယာပြင်ပ ရောက်နေရလောက်အောင် ဘာတွေ အလုပ်များနေသလဲတော့ မသိပါဘူး။ ဒီလို ပေါကြောင်ကြောင် မေးလ်မျိုးလည်း ရှိပါသေးတယ်။

အသနားခံစာ
( ) နေရာမှာနေတဲ့ မိဘမဲ့ ကောင်လေးတစ်ယောက်ဟာ ခြေမရှိ၊ လက်မရှိနဲ့ အတော်လေးကို ဆင်းရဲ မွဲတေနေပါတယ်။ ဒါမှမဟုတ် ဒီစာကို လူတစ်ယောက်ကို forward လုပ်ရင် အဲဒီ ကလေးလေးအတွက် 3 Cent  ရပါတယ်။ ကျေးဇူးပြုပြီး forward လုပ်ပေးကြပါဦး ဆိုပြီး ပုံနဲ့တကွ ပို့တဲ့ မေးလ်မျိုးလည်း ရှိပါတယ်။ ဘယ်လို ပိုက်ဆံရသလဲတော့ မသိပါဘူး။

ဘ၀ အာမခံ ပေးသောစာများ
တချို့သံကွင်းဆက်မေးလ်တွေက လူတွေရဲ့ဘ၀ကိုပါ အာမခံ ရဲရဲကြီး ပေးတဲ့ စာတွေ ဖြစ်ပါတယ်။ ဒီပုံတွေကို လူအနည်းဆုံး (၁၀) ယောက်ပို့ပေးမှ သင့်အနာဂတ် ထွန်းလင်းမယ်ဆိုတဲ့ မေးလ်တွေဖြစ်ပါတယ်။ တစ်ခါတလေ ဘာသာရေးကိုတောင် ခုတုံးလုပ်ပြီး ရေးထားတာ တွေ့ရပါသေးတယ်။ အတော်လေးကို ဆိုးရွားတဲ့ မေးလ်တွေပဲ ဖြစ်ပါတယ်။ တချို့ဆို ၁၁ နာရီ မိနစ်၂၀ မတိုင်ခင်လေးမှာ လူအယောက် ဘယ်နှစ်ယောက်ကို ပို့ပေးပါက ဘာဖြစ်မယ်၊ မပို့ပေးပါက ဘာဖြစ်မယ်ဆိုပြီး အချိန်အတိအကျနဲ့တောင် လူကို အရူးလုပ်တဲ့ မေးလ်တွေ ရှိပါတယ်။

ခြိမ်းခြောက်စာ
“ကောင်လေးတစ်ယောက် သောကြာနေ့  ကျောင်းကနေအပြန် လမ်းမှာ မေးလ်တစ်စောင်ကို ရရှိခဲ့ပါတယ်။ ဒါပေမဲ့ သူ အမှုမဲ့ အမှတ်မဲ့ပဲ ထားလိုက်တယ်။ နောက်တော့ချော်လဲပြီး အကြောလွဲသွားတယ်”စသဖြင့် ဘာသာရေး အရသော်လည်းကောင်း၊ ဘယ်နတ်၊ ဘယ်ပုဂ္ဂိုလ်က သော်လည်းကောင်း၊ ဘယ်လိုဖြစ်တယ်၊ ဘာညာဖြစ်တယ်ဆိုပြီး ရေးထားတဲ့ မေးလ်တွေလည်းရှိပါတယ်။ တချို့ဆို မပို့ပေးရင် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တယ်ဆိုပြီး ခြိမ်းခြောက်တဲ့ မေးလ်တွေတောင် ရှိပါတယ်။ သူတို့ပြောတိုင်း ဟုတ်တယ်ဆိုရင် ဒီစာတောင် မရေးနိုင်တော့ပါဘူး။ အခါ ၁၀၀ မက သေနေပြီ ဖြစ်ပါတယ်။
နွေးဦးအိမ် မူရင်းဆိုက်လေးပါ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...