စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရဟန်းတော်များ နိုင်ငံရေးလုပ်ကောင်းပါသလား



ရဟန်းတော်များ နိုင်ငံရေးလုပ်ကောင်းသလားဆိုရင် ငယ်လတ်ကြီးမှာ ၀ိနည်းကို ဟုတ်တိပတ်တိ သင်ယူခဲ့ဘူးသူတိုင်း ဓမ္မာစရိယတန်း သီလက္ခန်သင်ဘူးတဲ့သူတိုင်း မလုပ်ကောင်းဘူးဆိုတဲ့ အဖြေကို သိကြမှာပါ။ နို့ပေမယ့် ဘုရားရှင်တောင် လုပ်သေးတာပဲဆိုပြီး မြစ်ရေလုပွဲကို အကြောင်းပြုပြီး စစ်ပွဲဖြစ်လို့ ဘုရားရှင်သွားတရားဟောတာတွေ ၀ိဋဋူဘက သာကီဝင်မင်းတွေ သွားစစ်ထိုးတော့ ဘုရားရှင်က တားမြစ်တာတွေကို ထုတ်ပြပြီး လုပ်ကောင်းသယောင် ပြောကြဆိုကြ ရေးကြဟောကြပြန်ပါတယ်။

ရောဟိနီမြစ်ရေကို သူ့နိုင်ငံကပဲ အသုံးပြုသင့်တယ် ငါ့နိုင်ငံကပဲအသုံးပြုသင့်တယ်ဆိုပြီး ငြင်းခုန်ရာကနေ နှစ်နိုင်ငံ စစ်တိုက်မယ့်အထိဖြစ်သွားခဲ့ပါတယ်။ ရောဟိနီမြစ်ကမ်းမှာ နှစ်နိုင်ငံစစ်ဖြစ်လုဆဲဆဲအချိန်မှာ ဘုရားရှင်ကကြွလာပြီး ခိုက်ရန်ဖြစ်ခြင်းရဲ့အပြစ် ညီညွတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကိုပဲ ဟောကြား တော်မူခဲ့ပါတယ်။ ဒါလဲ စစ်ပွဲဖြစ်မှာမဖြစ်မှာထက် စစ်တိုက်မယ့် နှစ်နိုင်ငံက မင်းသားငါးရာဟာ ရဟန္တာဖြစ်မယ့် သူတွေမို့ စစ်ပွဲထဲအထိကြွပြီး ညီညွတ်ရေးတရား ဟောကြားတော်မူတာပါ။ မဟုတ်ရင် ဘုရားရှင်မကြွပါဘူး။ ကောလသမင်းနဲ့ အဇာတသတ်မင်းတို့ တခြိမ်းခြိမ်းစစ်တိုက်နေကြတာပါပဲ။ ဘုရားရှင်စစ်ပွဲထဲသွားပြီး တစ်ခါမှ တရားမဟောပါဘူး။

တစ်ခါ ၀ိဋဋူဘကနေ ဘုရားရှင်ရဲ့ တိုင်းပြည်ဖြစ်တဲ့ ကပိလ၀တ်ကို စစ်ထိုးသွားရာမှာ ဘုရားရှင်က ကပိလ၀တ်နယ်နမိတ်ထဲမှာရှိတဲ့ အရိပ်ကျိုးတို့ကျဲတဲဖြစ်နေတဲ့ ဇီးပင်လေးအောက်မှာ သီတင်းသုံးနေတဲ့ ဘုရားရှင်ကို တွေ့လိုက်ရပါတယ်။ ဒါနဲ့ ဘုရားရှင်ဆီသွားပြီး သူစိုးမိုးအုပ်ချုပ်ရာ မဂဓတိုင်းနယ်နမိတ်ထဲမှာ ပေါက်နေတဲ့ နေပြောက်မထိုးနိုင်အောင် အရိပ်ဝေဖြာနေသော ညောင်ပင်အောက်မှာ သီတင်းသုံးဖို့ လျှောက်ပါတယ်။ ဒီအခါမှာ ဘုရားရှင်က ``ဆွေမျိုးအရိပ်က အေးချမ်းတယ်´´လို့ ပြန်ပြောပါတယ်။ ဒီစကားအပြင် အခြားဘာစကားကိုမှ ဘုရားရှင် လုံးဝမပြောခဲ့ပါဘူး။ စောင်းပါးရိပ်ချေသဘောနဲ့ စစ်ဖြစ်ခြင်းရဲ့ ဆိုးကျိုးတရားတွေတောင် ဘုရားရှင်မဟောခဲ့ပါဘူး။ ၀ိဋဋူဘသူဟာ သဘောပေါက်ပြီး စစ်ချီလာတာကို ပြန်သိမ်းသွားခဲ့တာပါ။

ကောသလမင်းကြီးက ဘုရားရှင်နဲ့ အမျိုးတော်ချင်တာကြောင့် ကပိလ၀တ်က သာကီဝင်မင်းတွေဆီကို သာကီဝင်မင်းသမီးတစ်ယောက် သူ့ကို မိဖုရားအဖြစ်ပေးဖို့ လှမ်းတောင်းပါတယ်။ ဒါကို ဘုရားရှင်က သာကီဝင်မင်းတွေဆိုတာ အခြားဆွေမျိုးမတော်သူတွေနဲ့ အိမ်ထောင်မပြုရတာကြောင့် ဒကာတော်မင်းကြီး မတောင်းယူပါနဲ့စသဖြင့် ၀င်ရောက်စွက်ဖက်တာမျိုးမရှိခဲ့ပါဘူး။ ကပိလ၀တ်က သာကီဝင်မင်းတွေ ကောသလမင်းကြီးရဲ့ တောင်းဆိုမှုကြောင့် ဘေးကြပ်နံကြပ်ဖြစ်နေတဲ့အချိန်မှာလည်း ဘယ်လိုလုပ်လိုက်ဆိုပြီး ၀င်ရောက်မျိုးဆိုတာမျိုး ဘုရားရှင်လုံးဝမလုပ်ခဲ့ပါဘူး။

သာကီဝင်မင်းသမီးမပေးရင် စစ်တိုက်ရတော့မှာမို့ သာကီဝင်မဟာနာမ်မင်းကြီးက သူနဲ့ ကိုယ်လုပ်တော်နဲ့ ရထားတဲ့ ၀ါသဘခတ္တိယဆိုတဲ့ မိန်းမပျိုလေးကို ပေးလိုက်ပါတယ်။ ကောသလမင်းကြီးဟာ ၀ါသဘခတ္တိယကို သာကီဝင်မင်းသမီးအထင်နဲ့ မိဖုရားကြီးမြောက်ပါတယ်။ သူနဲ့ ၀ါသဘခတ္တိယမိဖုရားကြီးနဲ့ ရတဲ့ဝိဋဋူဘကို အိမ်ရှေ့မင်းအရာ ပေးပါတယ်။ နောင်တစ်ချိန်မှာ ၀ါသဘခတ္တိယဟာ သာကီဝင်မင်းသမီး မဟုတ်ဘူးဆိုတာ သိသွားတော့ ကောသလမင်းကြီးက မိဖုရားကြီးအရာကချပါတယ်။ ၀ိဋဋူဘကိုလည်း အိမ်ရှေ့မင်းအရာက ရုတ်သိမ်းပါတယ်။

ဘုရားရှင်က နန်းတွင်းဆွမ်းစားကြွတော့ ၀ါသဘခတ္တိယမိဖုရားကြီးမမြင်လို့ မေးတော့ ဒီလိုဒီအကြောင်းအကြောင့် မိဖုရားကြိးအရာကနေ ချထားကြောင်းလျှောက်ပါတယ်။ ဒီအခါမှာ ဘုရားရှင်က ``မွေးလာတဲ့ ကလေးဟာ အဖေက အဓိကပြဋ္ဌာန်းကြောင်း၊ ၀ါသဘခတ္တိယဟာ သာကီဝင်မဟာနာမ်မင်းကြီးရဲ့ သမီးရင်းဖြစ်တာမို့ အမေဖြစ်သူက သာကီဝင်မဟုတ်ပေမယ့်

သာကီဝင်မင်းသမီးဖြစ်ကြောင်း´´ ရှင်းပြပါတယ်။ ၀ါသဘခတ္တိယကို မိဖုရားကြီးအရာချတာနဲ့ပတ်သက်ပြီး ကောင်းခြင်းဆိုးခြင်းကို မပြောသလို မိဖုရားကြီးအရာကို ပြန်ပေးဖို့လဲ တစ်ခွန်းမှ မပြောခဲ့ပါဘူး။

ဗန္ဓုလစစ်သူကြီးရဲ့တူကို ဗန္ဓုလစစ်သူကြီးသေလို့ စစ်သူကြီးရာထူးပေးစဉ်မှာလည်း ``မင်းကြီးကို တစ်ချိန်ကြရင် ဘုရင်ရာထူးကဖြုတ်ချမယ်သူဖြစ်တယ်။ ဒါကြောင့် စစ်သူကြီးရာထူး မခန့်နဲ့´´လို့ ၀င်ရောက်တားမြစ်တာမျိုး မရှိခဲ့ပါဘူး။ တစ်ချိန်ကြရင် ၀ိဋဋူဘဟာ သာကီဝင်မင်းတွေကို လူမျိုးတုန်းသတ်ဖြတ်မယ်ဆိုတာလည်း ဘုရားရှင်ကြိုသိပါတယ်။ ဒါပေမယ့် ၀ိဋဋူဘကို အိမ်ရှေ့မင်းရာထူးပေးတော့ မပေးဖို့ ၀င်ရောက်စွက်ဖက်တာမျိုး မလုပ်ခဲ့ပါဘူး။

ဘုရားရှင်ဟာ ဘုရင်ကိုပဲဖြစ်ဖြစ် ၀န်ကြီးစစ်သူကြီးကိုပဲဖြစ်ဖြစ် လမ်းဘေးက ဖုန်းတောင်းယာစကာကိုပဲဖြစ်ဖြစ် အကြောင်းတိုက်ဆိုင်တိုင်း ဆုံးမစရာကြုံတိုင်း ဆုံးမပါတယ်။ ဒါပေမယ့် ဆုံးမတဲ့စကားဟာ ဓမ္မကနေပဲဖြစ်ဖြစ် ကျင့်ဝတ်စည်းမျဉ်းကနေပဲဖြစ်ဖြစ် သွေဖယ်သွားခြင်း လုံးဝမရှိခဲ့ပါဘူး။ ငါ့အမျိုးရင်းချာတွေဆိုပြီး ဓမ္မကို သွေဖယ်ပြီး အမျိုးဘက်က ပါခဲ့တာမျိုး လုံးဝမလုပ်ခဲ့ပါဘူး။ ဘုရားရှင်ဟာ ကိုယ့်အလုပ်ကိုလုပ်ရင်း သမာသမတ်ကျကျပဲ ရပ်တည်ခဲ့တာပါ။ ဘုရားရှင်ကို နိုင်ငံရေးလုပ်တယ်လို့ ပြောဆိုသူတွေအနေနဲ့ မိမိတို့လက်ညှိုးပြနေတဲ့ သမိုင်းတွေကို သေချာပြန်လည်သုံးသပ်သင့်ပါတယ်။ ကျင့်ဝတ်နဲ့ မသွေဖယ်တဲ့ ကိုယ့်အလုပ်ကို ကိုယ်လုပ်တာကို နိုင်ငံရေးလုပ်တယ်လို့ သတ်မှတ်တာဆိုရင်တော့ မပြောတတ်တော့ပါဘူး။

ရာဇကထာ-မင်းအစိုးရကို အကြောင်းပြု၍ ပြောဆိုအပ်သောစကား၊ မဟာမတ္တကထာ-အမတ်ကြီး ၀န်ကြီးများ၏ ကောင်းကြောင်း မကောင်းကြောင်း။ သေနာကထာ- စစ်တပ်၏ အရည်အချင်းရှိကြောင်း မရှိကြောင်းကို ရဟန်းတော်တွေ မပြောဆိုရဘူးလို့ အတိအလင်းဟောကြားခဲ့ပါတယ်။

အကယ်၍ မဖြစ်မနေပြောဖို့ အကြောင်းဖန်လာခဲ့ရင်တောင် ကျင့်ဝတ်ကိုသွေဖယ်ပြီး တိုင်းပြည်ကိုမအုပ်ချုပ်ဖို့ ကျင့်ဝတ်ကိုသွေဖယ်ပြီး အုပ်ချုပ်ရင် သံသရာခရီးအတွက် မကောင်းဘူးစသဖြင့် တရားနဲ့ယှဉ်စပ်ပြီး ပြောကြားရမယ်လို့ မိန့်တော်မူခဲ့ပါတယ်။ ပုဂ္ဂိုလ်ရေးကိုဦးတည်ပြီး ဓမ္မမပါပဲ အသလွတ်ကြီးမပြောရပါဘူး။ ဘုရားရှင်ဟာ ကျင့်ဝတ်ကနေ ဓမ္မကနေသွေဖယ်ပြီး နိုင်ငံလုပ်လဲမလုပ်ခဲ့သလို ပြောလဲမပြောခဲ့ပါဘူး။ ရဟန်းတော်တွေနဲ့လည်း ကျင့်ဝတ်ကနေ ဓမ္မလမ်းကြောင်းကနေ သွေဖယ်ပြီး ဟိုပါတီကိုထောက်ခံတယ် ဒီပါတီကိုမထောက်ခံဘူးစသဖြင့် လုံးဝနိုင်ငံရေး မလုပ်ကောင်းပါဘူး။

တစ်ခါတုန်းက ရန်သူစစ်တပ်တွေကို သွားရောက်နှိမ်းနှင်းဖို့ရန် ကောသလမင်းကြီးဟာ မိမိစစ်တပ်ကြီးနဲ့အတူ နန်းတော်ကနေ စစ်ချီလာတာကို ဆဗ္ဗဂ္ဂီရဟန်းတွေက သွားကြည့်ကြပါတယ်။ ရဟန်းတွေလာကြည့်ကြတာကို မြင်ရတဲ့ ကောလသမင်းကြီးက ခေတ္တရပ်ပြီး အမတ်တစ်ဦးကို ရဟန်းတွေသွားပင့်ခိုင်းပါတယ်။ ရဟန်းတွေ ရောက်လာတဲ့အခါမှာ ``ဘာလာလုပ်ကြတာပါတုန်း´´လို့ မေးပါတယ်။ ``မဟာရာဇာကို လာကြည့်တာပါ´´လို့ ပြန်ဖြေတဲ့အခါမှာ ``ကိံ ဘန္တေ မံ ဒိဋ္ဌေန ယုဒ္ဓါဘိနန္ဒနံ=စစ်တိုက်မှုကို လွန်စွာနှစ်သက်သော ဒကာတော်ကို ကြည့်ရခြင်းဖြင့် ဘာအကျိုးရှိမှာလဲဘုရား။ နနု ဘဂ၀ါ ပဿိတဗ္ဗာ= ဘုရားရှင်ကို ဖူးမြင်ပြီး နေထိုက်သည်မဟုတ်ပါလော´´လို့ ပြောလွှတ်လိုက်ပါတယ်။ ဒီအခါမှာ စစ်သားတွေကလည်း ရဟန်းတွေဖြစ်ပြီး စစ်ချီတာကို ကြည့်ရကောင်းလားဆိုပြီး ကဲ့ရဲ့ကြပါတယ်။

ဒါကို ကြားသိရတဲ့ ဘုရားရှင်က ``ဆွေမျိုးစစ်သား၏ မကျန်းမမာ ဖြစ်နေခြင်းစသော ထိုသွားထိုက်သော အကြောင်းမရှိပဲ တိုက်ဖို့ရန်ထွက်လာသော စစ်တပ်ကို ကြည့်ရှု့ဖို့ရန် သွားသောရဟန်းမှာ ပါစိတ်အာပါတ် သင့်၏လို့ သိက္ခာပုဒ်ပညတ်တော်မူခဲ့ပါတယ်။

သာဝတ္ထိမြို့သား ဆဗ္ဗဂ္ဂီရဟန်းရဲ့ ဆွေမျိုးတော်တဲ့ စစ်သားတွေ မကျန်းမာဖြစ်တာကြောင့် စစ်တပ်ထဲကို လာဖို့ ပင့်ဖိတ်တာကြောင့် ဆဗ္ဗဂ္ဂီရဟန်းတွေဟာ စစ်တပ်ထဲကို သွားရောက်တွေ့ဆုံကြပါတယ်။ ပြီးတော့ စစ်တပ်ထဲမှာ လေးငါးခြောက်ရက် နေထိုင်ကြပါတယ်။ ဒါကို အခြားစစ်သားတွေက ``ငါတို့မှာ ၀မ်းရေးအတွက် သားကျွေးမှု မယားကျွေးမှုအတွက်ကြောင့် စစ်တပ်မှာ နေကြရတယ်။ ငါတို့မှာ လူ့ဘ၀အရမတော်ကုန်။ ငါတို့မှာ လူဖြစ်ရကျိုး မနပ်ကုန်။ ရဟန်းတော်တွေကား ဒီအပူတွေမရှိပဲနဲ့ ဘာကြောင့် စစ်တပ်ထဲမှာ နေကြရတာလဲ´´ဆိုပြီး ကဲ့ရဲ့ကြပါတယ်။ ဒီကဲ့ရဲ့စကားကို ပြန်ကြားရတဲ့ ဘုရားရှင်က အကြောင်းကိစ္စရှိလို့ စစ်တပ်ထဲသွားခဲ့ရင် သုံးရက်သုံးညထက် ပိုမနေရင် နေရင်ပါစိတ်အာပါတ်သင့်၏လို့ သိက္ခာပုဒ် ပညတ်တော်မူခဲ့ပါတယ်။ အခုကာလမှာ ရဟန်းအချို့ နိုင်ငံရေးလုပ်နေတာကို လူတွေမကြိုက်နှစ်သက်တာကြောင့် ကဲ့ရဲ့အတင်း ဆိုနေကြပါတယ်။ အကယ်၍ ဘုရားရှင် သက်တော်ထင်ရှားရှိခဲ့နေဦးမယ်ဆိုရင် ဒီအဖြစ် အပျက်တွေကို ထောက်ဆပြီးတော့ နိုင်ငံရေးမလုပ်ဖို့ သိက္ခာပုဒ်ပညတ်မယ်ဆိုတာ သေချာသလောက်ရှိပါတယ်။

တကယ်တော့ ဘုရားရှင်ရဲ့တပည့်သားဖြစ်တဲ့ ရဟန်းသံဃာဆိုတာ ဘုရားရှင်နည်းတူ ဆိုဆုံးမ၍ လမ်းမှန်ပြသသူသာဖြစ်ပါတယ်။ ဆိုဆုံးမ၍ လမ်းမှန်ပြတဲ့အခါမှာလည်း ဓမ္မလမ်းကြောင်းနေ ကျင့်ဝတ်ကနေသွေဖယ်ပြီး ဆိုဆုံးမခြင်းကို မပြုလုပ်ရပါဘူး။ ဓမ္မလမ်းကြောင်းပေါ်ကနေပဲ ချစ်ခြင်းမုန်းခြင်းကင်းစွာနဲ့ ဆိုဆုံးမရမယ်။ ဘုရားရှင်ဟာ ဆူပူနေတဲ့အရာတွေကို ငြိမ်းအေးအောင် ဓမ္မနဲ့ပြုလုပ်ခဲ့တာပါ။ ရဟန်းတော်တွေအနေနဲ့လည်း ဆူပူနေတဲ့လောကကြီးကို ဆူသထက်ဆူ ပူသထက်ပူအောင် မီးလောင်ရောလေပင့် မလုပ်သင့်ပါဘူး။ မလုပ်ကောင်းပါဘူး။ ဓမ္မနဲ့အညီသာ ငြိမ်းအေးအောင် ပြုလုပ်ရကြရမှာပါ။

ရဟန်းသံဃာဆိုတာ အစိုးရအပေါ်မှာဖြစ်ဖြစ် အတိုက်အခံအပေါ်မှာပဲဖြစ်ဖြစ် ကျောသားရင်သား မခွဲခြားပဲ သာတူညီမျှ စိတ်နေသဘောထားနဲ့ ပြောဆိုဆက်ဆံကြရမှာပါ။ အကယ်၍ ဒီဝတ္ထုသာဓကထောက်ပြီး ဘုရားရှင်နိုင်ငံရေးလုပ်ခဲ့တယ်ဆိုတာ မှန်ခဲ့ရင်တောင် အခုမိမိတို့လုပ်နေတဲ့ နိုင်ငံရေးနဲ့ ဘုရားရှင်လုပ်ခဲ့တဲ့ နိုင်ငံရေးက တူညီရဲ့လား ဘာတွေကွာခြားနေလဲဆိုတာ နဖူးပေါ်လက်တင်ပြီး အေးဆေးဆေးဆေး စဉ်းစားပါလို့ တိုက်တွန်းပါတယ်။ အကယ်၍ ကိုယ်က ၀ါသနာပါလွန်းလို့ မလုပ်ရမနေနိုင်လို့ နိုင်ငံရေးလုပ်နေတာဆိုရင်တောင် ``နိုင်ငံရေးမလုပ်ကောင်းဘူးဆိုတာ သိနေပါရဲ့နဲ့ ဘုရားရှင်တရားတော်ကို ပြောင်းပြန်လုပ်ပြီး နိုင်ငံရေးလုပ်ကောင်းတယ်´´လို့ မပြောဆိုသင့်ပါဘူး။ အဲဒီလို ပြောဆိုတဲ့သူတွေဟာ အင်္ဂုတ္ထိုရ်ပါဠိတော် ဒုကနိပါတ် အဗ္ဘာစိက္ခနသုတ်တော်အရ ဘုရားရှင်ကို မဟုတ်မမှန် မတရားစွပ်စွဲသူတွေသာ ဖြစ်ပါတယ်။ ဘုရားရှင်ကို မဟုတ်မမှန်လုပ်ကြံစွပ်စွဲသူတွေဟာ ပစ္စုပ္ပန်တမလွန် နှစ်တန်သော ဘ၀တွေမှာ ချမ်းသာခြင်းမှ ကင်းဆိတ်ရမယ်ဆိုတာကို သတိပြုမိစေချင်ပါတယ်။

 (မိုးသု-မန္တလေး)

ဗုဒ္ဓဘာသာ/အတွေးအမြင်


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.3510186583

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...