စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆီးချိုရောဂါဆိုသည်မှာ


                       
နေ့ စဉ်စားသောက်နေသော အစားအသောက်များ ထဲမှ အချိုဓာတ်များ ကို ထိန်းသိမ်းပေးနိုင်ရန် အတွက် မုန့် ချိုအိတ် (pancreas) သည် အင်ဆူလင် (Insulin) ဟုခေါ်သော ဟော်မုန်းတစ်မျိုးကို ပုံမှန်ထုတ်လုပ်ပေးပါသည်။

မုန့် ချိုအိတ် (pancreas)) မှ အင်ဆူလင် များ လုံလောက်စွာ မထုတ်လုပ်ပေးနိုင်သော အခါ နှင့် ခန္ဓာကိုယ် မှ အင်ဆူလင် များ၏ အစွမ်းကို လက်မခံနိုင်သော အခါများတွင် သွေးတွင်း မှသကြားဓာတ်များ၏ ပမာဏမြင့်တက်လာပါသည်။ ထိုသို့ သွေးတွင်း သကြားဓာတ်မြင့်တက်လာခြင်း နှင့်အတူ မကြာခဏ ဆီးသွားခြင်း၊ မကြာခဏ ရေငတ်ခြင်း၊ မကြာခဏ ဗိုက်ဆာခြင်း စသော လက္ခဏာများပြလာတတ်ပါသည်။ ၄င်းကို ဆီးချိုရောဂါဖြစ်ခြင်းဟုခေါ်ဆိုပါသည်။

ပုံမှန် လူတစ်ယောက်တွင် အစာမစားမီ ရှိရမည့် သွေးတွင်း သကြားဓာတ်ပမာဏမှာ 100 mg/dl အောက်ဖြစ်ပြီး၊ အစာစားပြီး နှစ်နာရီကြာတွင် ရှိရမည့် သကြားဓာတ်ပမာဏ မှာ 140 mg/dl အောက်ဖြစ်သည်။ ကျန်းမာသော သူများတွင် သကြားဓာတ်မှာ ထို ပမာဏ များထက်ပင် နည်းတတ်ပါသည်။ အကယ်၍ အစာမစားမီ အချိန်တွင် သွေးတွင်း သကြားဓာတ်မှာ 120 mg/dl အထက်ရှိနေလျှင်သော်လည်းကောင်း၊ အစာစားပြီး နှစ်နာရီကြာသည့် အချိန်တွင် 200mg/dl အထက်ရှိနေလျှင်သော်လည်းကောင်း ဆီးချိုရောဂါ ရှိနေပြီဟု သတ်မှတနိုင်ပါသည်။

ဆီးချိုရောဂါကို အဓိက အားဖြင့် အမျိုးအစား (၃) မျိုးခွဲခြားထားပါသည်။

၁။ အမျိုး အစား (၁) ဆီးချို ရောဂါမှာ မုန့် ချိုအိတ် (pancreas) မှ အင်ဆူလင် များ လုံလောက်စွာ မထုတ်လုပ်ပေးနိုင်သောကြောင့် ဖြစ်သည့် အပြင် ငယ်ရွယ်စဉ် မှာတည်းက ဖြစ်လေ့ရှိသောကြောင့် ၄င်းကို အင်ဆူလင်ကိုမှီခိုသော ဆီးချိုရောဂါ (Insulin-Dependent Diabetes Mellitus) သို့ မဟုတ် ငယ်ရွယ်စဉ်တည်းကဖြစ်တတ်သော ဆီးချိုရောဂါ(Juvenile Diabetes) စသည်ဖြင့် ခေါ်ဆိုကြသည်။ ၄င်းဆီးချိုသမားများ ကို သောက်ဆေးများနှင့် ကုသ ၍ မလုံလောက်သဖြင့် အင်ဆူလင်ထိုးဆေးများ ထိုးပေးရလေ့ရှိသည်။

၂။ အမျိုး အစား (၂) ဆီးချိုရောဂါ မှာ ခန္ဓာကိုယ် မှ အင်ဆူလင် များ၏ အစွမ်းကို လက်မခံနိုင်သောကြောင့် ဖြစ်လေ့ရှိပြီး အသက် ၄၀ကျော်အရွယ် မှစတင်ဖြစ်လေ့ရှိသောကြောင့် ၄င်းကို အင်ဆူလင်ကို မမှီခိုသောဆီးချိုရောဂါ (Non Insulin-Dependent Diabetes Mellitus) သို့ မဟုတ် အရွယ်ရောက်ပြီးမှဖြစ်တတ်သော ဆီးချိုရောဂါ (adult-onset Diabetes) စသည်ဖြင့်ခေါ်ကြပါသည်။ အမျိုးအစား (၂) ဆီးချိုရောဂါမှာ အဖြစ်များသော အမျိုးအစားဖြစ်ပါသည်။ ၄င်းဆီးချိုရောဂါ သမားများကို အစားအသောက်အနေအထိုင် ဆင်ခြင်ခြင်း၊ သောက်ဆေးများ နှင့်ကုသခြင်း တို့ ဖြင့် စတင်ကုသရပြီး အခြေအနေ မထိန်းနိုင်မှသာလျှင် အင်ဆူလင် ထိုးခြင်းများကိုပြုလုပ်ရပါသည်။

၃။ အမျိုးအစား (၃) အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန်တွင် သွေးတွင်းသကြားဓာတ်မြင့်တက်လာခြင်းကြောင်းဖြစ်လေ့ရှိသောကြောင့် ၄င်းကို ကိုယ်ဝန်ဆောင်ချိန်တွင် ဖြစ်သောဆီးချိုရောဂါ (Gestational Diabetes) ဟုခေါ်ကြပါသည်။ ၄င်းဆီးချိုရောဂါမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၏ ၂% မှ ၅% အထိ ဖြစ်လေ့ရှိပြီး ကလေးမွေးပြီးချိန်တွင်ပျောက်သွားလေ့ရှိပါသည်။ ကိုယ်ဝန်ဆောင်ချိန်တွင်ဖြစ်သော ဆီးချိုရောဂါမှာ ကုသပျောက်ကင်းနိုင်သော ရောဂါဖြစ်သော်လည်း ကိုယ်ဝန်ဆောင်ချိန်တစ်လျှောက်လုံး ဂရုစိုက် ကုသရန်လိုအပ်ပါသည်။ ၄င်းဆီးချိုရောဂါသည်များထဲမှ ၂၀% မှ ၅၀% အထိသည် နောင်တွင် အမျိုးအစား(၂) ဆီးချိုရောဂါသည်များဖြစ်လာနိုင်ပါသည်။

အခြားသောဆီးချိုရောဂါ အမျိုးအစားများမှာ မွေးရာပါဆီးချိုရောဂါ၊ မျိုးရိုးဗီဇ နှင့်ဆိုင်သော အင်ဆူလင်ထုတ်လုပ်မှုချို့ ယွင်းခြင်း၊ စတီးရိုက်( အပြင်းစားအရောင်လျော့ဆေး) များကြောင့်ဖြစ်သောဆီးချိုရောဂါ စသည်ဖြင့် အမျိုးမျိုးရှိတတ်ပါသည်။

မည်သည့် အမျိုးအစားဖြစ်စေကာမူ ဆီးချိုရောဂါရှိသည် ဟု သံသယရှိပါက သေချာစစ်ဆေးပြီး ကုသရန်လိုအပ်ပါသည်။ မကုသပဲထားပါက နောက်ဆက်တွဲ အနေနှင့် နှလုးံရောဂါ၊ နာတာရှည်ကျောက်ကပ်ပျက်စီးမှု၊ မျက်ကြည်လွှာ ပျက်စီးခြင်းများနှင့် ဦးဏှောက်သေခြင်း (Coma) အထိပါဖြစ်နိုင်ပါသည်။

ထို့ ကြောင့် ဆီးချိုရောဂါဖြစ်လာပါက ဂရုတစိုက်ဆေးကုသမှု၊ ဂရုတစိုက်နေထိုင်စားသောက်မှု၊ သွေးပေါင်ချိန်ထိန်းသိမ်းမှု များအပြင် ဆေးလိပ်သောက်ခြင်း နှင့် အရက်သောက်ခြင်းများကိုပါရှောင်ကျဉ်ပြီး အ၀လွန်ခြင်းမဖြစ်ရန်အတွက်ပါ ဂရုစိုက်သင့်ပါသည်။

မေသူ-သံတွဲ ( ဆေးဝါးတက္ကသိုလ်)


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.351

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...