စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆေးလိပ် ဖြတ်ကြပါစို့



ကမ္ဘာပေါ်မှာ လူသားတွေ ဆေးလိပ် သောက်သုံး လာခဲ့ကြတာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ ဆေးလိပ်က ပေးတဲ့ ဆိုးကျိုး အန္တရာယ်များ အကြောင်းကို သိရှိ လာခဲ့ကြတာ ကတော့ နှစ်ကာလ အားဖြင့် သိပ်ပြီး မကြာလှ သေးပါဘူး။ ဆေးလိပ် သောက်ခြင်းဟာ တစ်ခဏတာ ကာလ အတွင်းမှာတော့ အာရုံကြောများ ပြေလျော့ကာ စိတ်ကို ကြည်လင် လန်းဆန်းသယောင် ထင်ရတဲ့ အတွက် လူသားတွေက (လူသား အားလုံး မဟုတ်ပါ) စွဲလမ်း နှစ်ခြိုက်စွာ သောက်သုံး နေကြတာ ဖြစ်ပါတယ်။

ဆေးလိပ်များကို ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံနှင့် စီးကရက် စသည်ဖြင့် ခွဲခြား နိုင်ပါတယ်။ ဒါပေမဲ့ ဘယ်ဆေးလိပ် အမျိုးအစားပဲ ဖြစ်ဖြစ် ဆေးရွက်ကြီးကို အဓိက အခြေခံပြီး ပြုလုပ် ကြရတာဖြစ်ပါတယ်။ ၎င်းတို့ကို သောက်ရှူမယ် ဆိုရင် အခိုးအငွေ့ တွေဟာ ပါးစပ်က တစ်ဆင့် အဆုတ် အတွင်းသို့ ရောက်ရှိပြီး ကျန်းမာရေး ဆိုင်ရာ ဆိုးကျိုးတွေကို ဖြစ်ပေါ်စေပါတယ်။ ဆိုးကျိုး ဖြစ်စေတဲ့ အဓိက အချက်ကတော့ နီကိုတင်းလို့ ခေါ်တဲ့ အလွန် စွဲလမ်းစေပြီး အလွန်လည်း အန္တရာယ် များတဲ့ ဓာတ်ပစ္စည်း တစ်မျိုးကြောင့် ဖြစ်ပါတယ်။ ဒါတင်လား ဆိုတော့ မဟုတ်သေးပါဘူး။ ဆေးလိပ်ငွေ့ ထဲမှာ လူသားတွေရဲ့ ကျန်းမာရေးကို အန္တရာယ် ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်း အမျိုးပေါင်း မြောက်မြားစွာ ပါဝင်တယ်လို့ သုတေသီ တွေက ဆိုထားပါတယ်။

ဆေးလိပ်တစ်လိပ် သောက်လျှင် ငါးမိနစ် အသက် တိုစေပါတယ်။ ဆေးလိပ်စသောက်သည့် အရွယ်စောလျှင် အသက်ကို ပို၍ တိုစေပါတယ်။ ဆေး လိပ်သောက်သော သူသည် အိပ်၍ မရခြင်း၊ စိတ်ဓာတ်ကျ လွယ်ခြင်းများ ပိုမိုဖြစ်ပွား စေနိုင်ပါတယ်။ ကလေးများတွင် စာသင်ကြားမှုကို ထိခိုက် စေနိုင်ပါတယ်။ ဆေးလိပ် သောက်သူများဟာ ခန္ဓာကိုယ် အလေးချိန်ကို လျော့စေပါတယ်။ အားကစားကိုလည်း ထိခိုက်
စေနိုင်ပါတယ်။

ဆေးလိပ် သောက်ခြင်းကြောင့် မျက်စိကွယ် ရောဂါ၊ ခံတွင်း ကင်ဆာရောဂါ၊ နှလုံး သွေးကြောနှင့် အခြား သွေးကြော ကျဉ်းသည့် ရောဂါ၊ လေဖြတ် သည့် ရောဂါနှင့် နှလုံး ရုတ်တရက် ရပ်သည့် ရောဂါ၊ အဆုတ် ကင်ဆာ ရောဂါနှင့် ရင်ကျပ်ပန်းနာ ရောဂါများ၊ အဆုတ်ပွ ရောဂါ၊ အစာအိမ် ရောဂါ၊ ဆီးအိမ်၊ ကျောက်ကပ်၊ ပန်ကရိယ ကင်ဆာ ရောဂါများကို ပိုမို ဖြစ်ပွား စေတတ်ကြောင်း ပညာရှင် များမှ ဆိုထားပါတယ်။

ကိုယ်ဝန်ဆောင် အမျိုးသမီးများ ဆေးလိပ် သောက်ခြင်းကြောင့် ကိုယ်ဝန် ပျက်ကျတတ်ခြင်း၊ လမစေ့ဘဲ မွေးဖွားတတ်ခြင်း၊ ပေါင်မပြည့်သည့် ကလေးများ မွေးဖွားတတ်ခြင်း၊ ကလေးအသေ မွေးတတ်ခြင်း စတာတွေ ဖြစ်ပွား စေနိုင်ပါတယ်။ အမျိုးသားတွေ အနေနဲ့လည်း ဆေးလိပ် သောက်ပါက သားသမီး မရနိုင်ခြင်း၊ အိမ်ထောင်ရေး သုခ အပြည့်အဝ မခံစားရခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။
မိမိကိုယ်တိုင် ဆေးလိပ် မသောက်သော်လည်း ဆေးလိပ် သောက်နေသူ အနားမှာ နေလျှင် ၎င်းရဲ့ ဆေးလိပ် မီးခိုးအငွေ့ကို ရှူမိတဲ့ အတွက် နှလုံးရောဂါနှင့် အဆုတ် ရောဂါများ သာမန်လူထက် ပိုဖြစ်စေ နိုင်ပါတယ်။

ဘယ်သူမဆို ဆေးလိပ် သောက်ပါက လက်ငင်း ကြုံတွေ့ရမှာ တွေကတော့ ဆေးလိပ်ဝယ်ရန် အတွက် ငွေကြေး ကုန်ကျခြင်း၊ ဆေးလိပ် မီးပွားကြောင့် အဝတ် အထည်များ မီးပေါက်ခြင်း၊ ဆေးလိပ် မီးပွားကြောင့် မတော်တဆ မီးလောင်မှု ဖြစ်ပွားပြီး အသက်၊ အိုးအိမ်၊ စည်းစိမ်များ ပျက်စီး ဆုံးရှုံးရခြင်း စတဲ့ မလိုလား အပ်တဲ့ ဆိုးကျိုးတွေကို ရင်ဆိုင် ကြရပြီး နောက်ပိုင်းမှာတော့ ဆေးလိပ် သောက်ခြင်းကြောင့် ရလာသော ရောဂါများကို ကုသ ရသဖြင့် ဆေးဖိုးဝါးခ ကုန်ကျရခြင်း၊ အသက် ဆုံးရှုံးရခြင်း စသည်ဖြင့် နောက်ဆက်တွဲ ဆိုးကျိုး များစွာကို ရင်ဆိုင် ခံစားကြရမှာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ဆေးလိပ်ရဲ့ ဆိုးကျိုးတွေကို သတိပြုမိ လာခဲ့ကြတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံများမှ အစိုးရများ အနေနဲ့ ဆေးလိပ် တိုက်ဖျက်ရေး လုပ်ငန်းတွေကို
အားသွန်ခွန်စိုက် ဆောင်ရွက် ခဲ့ကြတဲ့ အတွက် အဆိုပါ နိုင်ငံတွေမှာ ဆေးလိပ် သောက်သုံးမှုတွေ သိသိသာသာ ကျဆင်း လာခဲ့ပါတယ်။ ဆေးလိပ် ကြော်ငြာတွေကို ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းစာ စတဲ့လူထု ဆက်သွယ်ရေး လမ်းကြောင်းတွေက တစ်ဆင့် လွတ်လပ်စွာ ကြော်ငြာခွင့် မပြုခြင်း၊ စာသင်ကျောင်းနှင့် ငါးမိုင် အကွာအဝေး အတွင်း ဆေးလိပ် ကြော်ငြာများ ခွင့်မပြုခြင်း စတာတွေဟာ အတုယူ မှတ်သားထိုက်တဲ့ ဆောင်ရွက်ချက်တွေ ဖြစ်ပါတယ်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး အနေနဲ့လည်း  ကြီးထွားလာတဲ့ ဆေးလိပ် အန္တရာယ်ကို အချိန်မီ ထိန်းချုပ်ကာကွယ်နိုင်ဖို့ အတွက် ဆေးလိပ် ကင်းစင်သော ကမ္ဘာကြီး ဖြစ်လာစေရန် နှစ်စဉ် မေလ ၃၁ ရက်နေ့ကို ကမ္ဘာ့ ဆေးလိပ် မသောက်ရေးနေ့ (World No Tobacco Day) အဖြစ် သတ်မှတ်ပြီး ဆေးလိပ် အန္တရာယ် ကာကွယ်ရေး အတွက် အထိမ်းအမှတ် အခမ်းအနား များကို ကမ္ဘာအနှံ့ ပြုလုပ် ခဲ့ပါတယ်။
ယခုနှစ် ကမ္ဘာ့ ဆေးလိပ် မသောက်ရေးနေ့ အတွက် သတ်မှတ် ပေးထားတဲ့ ဆောင်ပုဒ်ကတော့ ''ဆေးလိပ် ဆေးရွက် အန္တရာယ်၊ ပြည်သူအများ သတိပြုဖွယ်၊ အရောင်းမြှင့်တင် ကြော်ငြာများ၊ ဥပဒေဖြင့် တားမြစ်ထား'' ဖြစ်ပါတယ်။
 ဆေးလိပ် ဖြတ်ကြပါစို့
စာရေးသူတို့ နိုင်ငံမှာလည်း   ဆေးလိပ် တိုက်ဖျက်ရေး လုပ်ငန်းတွေကို နိုင်ငံတော်မှ ဦးဆောင်ပြီး ကြိုးပမ်း ဆောင်ရွက် နေပါတယ်။ ဆေးလိပ်နှင့် ဆေး ရွက်ကြီး သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေကို ၂ဝဝ၆ ခုနှစ် မေလ ၄ ရက်နေ့ ကတည်းက နိုင်ငံတော်မှ ပြဋ္ဌာန်း ထားခဲ့ပြီး ဖြစ်ပါတယ်။ အဆိုပါ ဥပဒေသည် ထုတ်ပြန် ကြေညာပြီး တစ်နှစ် ပြည့်မြောက် ပြီးသည့်နေ့မှ စ၍ အာဏာ တည်ရမည်ဟု ပြဋ္ဌာန်းထားသည့် အတွက် ၂ဝဝ၇ ခုနှစ် မေလ ၄ ရက်နေ့မှစ၍ နိုင်ငံတစ်ဝန်း အာဏာ သက်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။ အဆိုပါ ဥပဒေသည် နိုင်ငံသူ နိုင်ငံသား တို့၏ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေး အဆင့်အတန်း တိုးတက် မြင့်မားရေး အတွက် အလွန် ကောင်းမွန်သော ရည်ရွယ်ချက် များဖြင့် ရေးဆွဲ ပြဋ္ဌာန်း ထားခြင်း ဖြစ်ပါတယ်။

သို့ပါသော်လည်း အဆိုပါ ဥပဒေ အပေါ်တွင် ပြည်သူတို့၏ အလေးထား လိုက်နာမှုမှာ အားရ ကျေနပ်ဖွယ်ရာ မရှိသေး တာကို တွေ့နေရပါတယ်။ ဘတ်စကားများ ပေါ်တွင် ဆေးလိပ် မသောက်ရဟု စာရေး ထားသော်လည်း စီးကရက်ခဲပြီး ကားမောင်းနေတဲ့ ယာဉ်မောင်းတွေ၊ ကားစပယ်ယာတွေ ရှိနေပါသေးတယ်။

ရုံးတွေမှာလည်း ဆေးလိပ် မသောက်ရလို့ ရေးထားပေမယ့် ဆေးလိပ်ဖွာပြီး အလုပ်လုပ် နေကြတဲ့ ရုံးဝန်ထမ်းတွေ ရှိနေပါသေး တယ်။ ဆေးလိပ် သောက်နေကြတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ၊ ရုပ်ရှင်ရုံ တွေမှာလည်း ဆေးလိပ် သောက်နေသူတွေ စသည်ဖြင့် အမြင် မတော်တဲ့၊ မလုပ်သင့်တဲ့ လုပ်ရပ်တွေကို လုပ်နေသူတွေ ရှိနေပါသေးတယ်။ စာသင်ကျောင်း ပရဝဏ်မှ ပေ ၁ဝဝ အတွင်း ဆေးလိပ် ရောင်းချ နေ တာတွေကို အရေးယူ တာတွေ မရှိသေးပါဘူး။ အသက် ၁၈ နှစ် မပြည့်သေးသူကို ဆေးလိပ် ရောင်းချ ပေးနေတာတွေ ရှိနေပြီး အသက် ၁၈ နှစ်မပြည့်သေးသူ ကိုယ်တိုင်ကလည်း ဆေးလိပ် ရောင်းချ နေတာတွေကို တွေ့နေရပါတယ်။ တံဆိပ်မျိုးစုံနဲ့ စီးကရက်တွေကို မည်သည့်ဆိုင်မှာ မဆို တစ်လိပ်ချင်းဝယ်လို့ ရနေပါသေးတယ်။ ဥပဒေ အရဆိုပါက စီးကရက်ကို တစ်လိပ်ချင်း ဖြစ်စေ၊ အလိပ် ၂ဝ ထက် နည်းသော အထုပ်ဖြင့် ဖြစ်စေ ရောင်းချမယ် ဆိုရင် အရေးယူလို့ ရပါတယ်။ ပြည်သူများ အနေနဲ့လည်း ဥပဒေနဲ့ အညီ ကျင့်သုံး လိုက်နာကြဖို့ မေတ္တာ ရပ်ခံလိုပါတယ်။

ဆေးလိပ် သောက်တာ အပြင် ရှောင်ကြဉ် သင့်တာတွေ ရှိပါသေးတယ်။ ဒါကတော့ ဆေးရွက်ကြီးကို နည်းမျိုးစုံနဲ့သုံးတဲ့ ဓလေ့ဖြစ်ပါတယ်။ နယ်ဘက်တွေမှာ ပိုများပါတယ်။ အဲဒါကတော့ ဆေးရွက်ကြီးကို ငုံတဲ့ဓလေ့၊ ကွမ်းယာစားရင် ဆေးရွက်ကြီး ထည့်စားတဲ့ ဓလေ့ ဖြစ်ပါတယ်။ ဒါတွေအပြင် အချို့သော လယ်ယာ လုပ်သားကြီးတွေ လယ်ယာထဲမှာ အလုပ် လုပ်ကြတဲ့အခါ မျှော့တွယ်ပါက အလွယ်တကူ ကွာကျစေရန် အတွက် ပါးစပ်အတွင်း ငုံထားသော ဆေးရွက်ကြီး ဖတ်များဖြင့် ကပ်သည့် ဓလေ့နှင့် ယားနာများ ပျောက်စေရန် ဆေးရွက်ကြီး ပြုတ်ထားသောရေ၊ စိမ်ရေများဖြင့် အနာကို ရေဆေးသည့်  ဓလေ့များ ရှိကြပါ
တယ်။ ဒါမျိုးတွေကို လုံးဝ မပြုလုပ်သင့်ပါဘူး။ အဲဒီလို ပြုလုပ်ခြင်းကြောင့် ဆေးရွက်ကြီးမှာ ပါတဲ့ အန္တရာယ်ရှိတဲ့ ဓာတ်ပစ္စည်းတွေ ခန္ဓာကိုယ် ထဲကို ရောက်ရှိ သွားစေနိုင်ပါတယ်။

ဆေးလိပ် မသောက်ကြဖို့၊ ဆေးရွက်ကြီး မသုံးစွဲ ကြဖို့အတွက် ပညာပေးမှုတွေ ဘယ်လိုပဲ ဆောင်ရွက် နေသည် ဖြစ်စေ လူအများရဲ့စိတ်ထဲ မှာ ဆေးလိပ်သောက်တာ၊ ဆေးရွက်ကြီး ငုံတာ စတဲ့ ကိစ္စတွေဟာ လူသားတွေရဲ့ ကျန်းမာရေးကို ထိခိုက် စေတယ်လို့ ဆိုတာကို သဘောပေါက် နားလည်လက်ခံ လိုက်နာခြင်း မရှိသေးသမျှ ကာလပတ်လုံး ဆေးလိပ် တိုက်ဖျက်ရေး လုပ်ငန်းများ ထိရောက် အောင်မြင်နိုင်မယ် မဟုတ်ပါဘူး။

ဆေးလိပ်သောက်မှ ခေတ်မီသည်။ ဆေးလိပ်သောက်မှ လူရာဝင်သည်။ ဆေးလိပ်သောက်မှ ယောက်ျားပီသသည်၊ စတိုင်ကျသည် စတဲ့ အတွေးအခေါ် အယူအဆတွေဟာ ယနေ့ခေတ် ကာလနှင့် မကိုက်ညီတော့ပါ။ ဆေးလိပ်သောက်ရင် ဖြစ်ပေါ် ခံစားရမယ့် ရောဂါ ဝေဒနာတွေ အပြင် သတိမမူမိတဲ့ ဆိုးကျိုးတွေ ဖြစ်တဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ မိသားစုနှင့် တစ်ဦးချင်း ကုန်ကျစရိတ် ပိုမို များပြားမှု၊ ရောဂါ ဖြစ်ပွားမှုကြောင့် စီးပွားရေးနှင့် ကုန်ထုတ်လုပ်အား ကျဆင်းမှု၊ ဆေးလိပ်ကြောင့် ဖြစ်ပွား နိုင်သော မီးဘေး အန္တရာယ် စသည်ဖြင့် ဆိုးကျိုး အသွယ်သွယ်ကိုလည်း ခံစားရမှာဖြစ်ပါတယ်။

ဒါကြောင့် မိမိ၏ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးကို ထိခိုက် စေရုံသာမက၊ ပတ်ဝန်းကျင်မှာ ရှိတဲ့ မိမိ၏ ချစ်ခင်သော မိသားစုနဲ့ မိတ်ဆွေ အပေါင်းအသင်း၊ ဆွေမျိုး ဉာတိများ၏ ကျန်းမာရေး ကိုပါ ထိခိုက် စေနိုင်သဖြင့် ဆေးလိပ်ကို ရှောင်ကြဉ် သင့်ပါတယ်။ ဆေးလိပ်ကို လျှော့သောက်၍ အကျိုးမရှိပါ။
လုံးဝ မသောက်မှသာ ဆေးလိပ် ရှောင်ကြဉ်သည့် အကျိုး ရလဒ်ကို ခံစားရမှာ ဖြစ်ပါတယ်။ ဆေးလိပ်သည် စွဲလမ်း စေတတ်၍ စမသောက် မိစေရန် အလွန် အရေးကြီးပါတယ်။

အထူးသဖြင့် မျိုးဆက်သစ် လူငယ် လူရွယ်တွေကို ဆေးလိပ် စတင် မသောက်သုံး မိစေရန် ပညာပေး စည်းရုံး ဆောင်ရွက် နိုင်ကြမယ် ဆိုရင် နောင်အနာဂတ် ကာလ၌ ဆေးလိပ် ကင်းစင်သော လူသား မျိုးဆက်သစ်များ ဖြစ်စေရေးကို များစွာ အထောက်အကူ ပြုမှာဖြစ်ပါတယ်။ အင်မတန်မှ မွန်မြတ်လှတဲ့ အဆိုပါ လုပ်ငန်းကြီး အောင်မြင်စေရန် အတွက် လူကြီးမိဘများ ကိုယ်တိုင်က ဆေးလိပ် မသောက်ဘဲ နေပြီး  (ဆေးလိပ် စွဲနေသော်လည်း စိတ်ကိုတင်း၍ အောင်မြင်စွာ ဖြတ်နိုင်ပါတယ်) ပူးပေါင်း ပါဝင် ဆောင်ရွက်ကြမှသာ အပြည့်အဝ အောင်မြင်မှု ရရှိနိုင်မှာဖြစ်ပါတယ်။

သို့ဖြစ်ပါ၍ မဝေးကွာလှတဲ့ အနာဂတ် ကာလ တစ်ခုမှာ ဆေးလိပ် ကင်းစင်သော လူသား မျိုးနွယ်ဆက်များ လွှမ်းမိုးသည့် ဆေးလိပ် ကင်းစင်သော ကမ္ဘာ လောကကြီး (Tobacco Free World) ဖြစ်ပေါ် လာစေရေး အတွက် ပူးပေါင်း ပါဝင် ဆောင်ရွက်သည့် အနေဖြင့် ဆေးလိပ် မသောက်ကြ ပါရန်နှင့် ဆေးလိပ်သောက်သုံး နေကြသူများ ဖြစ်ပါကလည်း ယခု အချိန်မှ စတင်၍ ဆေးလိပ် ဖြတ်ကြပြီး လူသား အကျိုးပြု လုပ်ငန်းတစ်ခု ဖြစ်သည့် ဆေးလိပ် တိုက်ဖျက်ရေး လုပ်ငန်းများတွင် တစ်ဖက် တစ်လမ်းမှ ပါဝင် ဆောင်ရွက်နိုင်ရန် အတွက် ဆေးလိပ် ဖြတ်ကြပါစို့ဟု ကမ္ဘာ့ ဆေးလိပ် မသောက်ရေးနေ့အား ဂုဏ်ပြု၍ တိုက်တွန်း ရေးသားအပ် ပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...