စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းနှင့် တွေ့ဆုံခြင်း


(သန့်ဇင်ဦး)

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် မကြာသေးခင် ရက်ပိုင်း အတွင်းက စတင် တာဝန်ယူခဲ့သော သရုပ်ဆောင် လူမင်းကို တွေ့ဆုံ၍ ရုပ်ရှင်ရုံများကို ဒစ်ဂျစ်တယ် ရုပ်ရှင်ရုံများအဖြစ် ပြောင်းလဲရန် ဆောင် ရွက်နေမှု၊ ဗီဒီယို ဇာတ်ကားများကို အဆင့် သတ်မှတ်ချက် စနစ် ကျင့်သုံးရန် စီစဉ်နေမှုများနှင့် အစည်းအရုံး ဥက္ကဋ္ဌနေရာအတွက် ဝေဖန်ခံရမှုများအပေါ် ၎င်း၏ သဘောထား အမြင်ကို The Voice က မေးမြန်းထားခြင်းဖြစ်သည်။

Voice : ဦးဇင်ဝိုင်း လက်ထက်မှာကတည်းက ဝေဖန်မှုတွေ အများကြီး ကြုံတွေ့ခဲ့ရတဲ့ ဒီအစည်းအရုံး ဥက္ကဋ္ဌနေရာကို ဘယ်လိုကြောင့် လက်ခံဖြစ် သွားတာလဲ။

LM : ကိုယ်စဉ်းစားပါသေးတယ်။ ဒါပေမဲ့ ဒီလိုအချိန်မျိုးမှာ ဒီတာဝန်ကို ကိုယ်ယူမှဖြစ်မယ်ဆိုတဲ့ အခြေအနေမျိုး ဖန်တီးလာတဲ့အခါ ကိုယ့်လောက အတွက် လက်ခံဖြစ်တာပါ။ ကိုယ့်စီးပွား ကိုယ်ရှာပြီး ကိုယ့်ဟာ ကိုယ် အေးအေးဆေးဆေးနေရင် အပြောအဆို အတိုက်အခိုက် မခံရ ဘူးပေါ့။ ဒါပေမဲ့ ကိုယ် လိပ်ပြာသန့်ပါတယ်။ ဝေဖန် တိုက်ခိုက်မှုတွေ ခံရနိုင်ပေမယ့်လည်း ကိုယ်လုပ်တာ ကိုယ့်လောကအတွက်ဆိုတော့ ကိုယ့် စိတ် ရှင်းပါတယ်။

Voice : အစည်းအရုံး ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားရသလို တစ်ဖက် မှာလည်း ကိုယ်က သရုပ်ဆောင်ဖြစ်နေတော့ အချိန်တွေကို ဘယ်လိုခွဲဝေ သုံးစွဲဖြစ်လဲ။

LM : ကိုယ် ဝီရိယတွေ အများကြီး စိုက်ရတာပေါ့။ ဒီအစည်းအရုံး အတွက် အချိန်ပေးနိုင်ဖို့ ကိုယ့်ရဲ့ ကိုယ်ပိုင် အချိန်တွေထဲက ခွဲပြီး သုံးရ တာပေါ့။ ကိုယ့်ရဲ့ နားချိန်တို့ မိသားစုအတွက် အချိန်ပေးနိုင်မှုကတော့ နည်းသွားတာပေါ့။

Voice : ကိုယ်က ဥက္ကဋ္ဌဖြစ်နေတော့ ပရိသတ်တွေကရော၊ အနုပညာ လောကသားတွေကပါ ကိုယ်ရိုက်တဲ့ ဇာတ်ကားတွေကို အရင်က ထက်ပိုပြီး စောင့်ကြည့်လာကြမယ့်အပေါ် ကိုလူမင်း အမြင်က ဘယ်လိုရှိလဲ။

LM : အဲဒါကတော့ ကိုယ်ပိုင်းခြားထားပါတယ်။ ဥက္ကဋ္ဌ ဖြစ်တာနဲ့ ကိုယ်လုပ်တဲ့ အနုပညာ အလုပ်တွေကို ခွဲဝေပိုင်းခြားပြီး လုပ်ရမယ်လို့ ကိုယ် မစဉ်းစားထားဘူး။ကိုယ်က အစကတည်းက အနုပညာရှင်ပဲလေ။ ဒီဘက်က အစည်းအရုံးဥက္ကဋ္ဌ တာဝန်ယူထားတာ တစ်ပိုင်းပဲ။ ကျန်တဲ့ အနုပညာ အလုပ်တွေကိုတော့ ဒီအတိုင်းပဲ ဆက်လုပ်သွားမှာပါ။

Voice : ရုပ်ရှင်အစည်းအရုံးကနေ မြန်မာနိုင်ငံမှာရှိတဲ့ ရုပ်ရှင်ရုံတွေကို ဒစ်ဂျစ်တယ် ရုပ်ရှင်ရုံတွေအဖြစ် ပြောင်းဖို့ ဆောင်ရွက်နေတာ ဘယ်အခြေ အနေ ရောက်နေပြီလဲ။

LM : မြန်မာတစ်နိုင်ငံလုံးမှာ နိုင်ငံတော်က ငှားရမ်းထားတဲ့ ရုပ်ရှင်ရုံ ၂၇ ရုံ ရှိပါတယ်။ ဒီရုံတွေ အားလုံးကို ဒစ်ဂျစ်တယ် ရုပ်ရှင်ရုံတွေ ပြောင်း ဖို့ ဆွေးနွေးနေတာ တဖြည်းဖြည်း ရုပ်လုံး ပေါ်လာပါပြီ။ ဒစ်ဂျစ်တယ် ရုံတွေ ပြောင်းဖို့အတွက် အားလုံးနဲ့ သဘောတူညီမှု ရထားပါတယ်။ ပထမ အဆင့်တော့ ပြီးသွားပြီပေါ့နော်။

Voice : လတ်တလောမှာ ဝေဖန်သံတွေ ညံနေတဲ့ ဗီဒီယို ဇာတ်ကားတွေကြောင့် အဆင့်သတ်မှတ်ချက် စနစ် ကျင့်သုံးဖို့ သင့်ပြီလို့ ကိုလူမင်း ပြောထားတာ ရှိတယ်လေ။ ဒါနဲ့ပတ်သက်ပြီး ဘာတွေ ဆောင် ရွက်နေပြီလဲ။

LM : ဒါက စဉ်းစားနေတုန်း အဆင့်ပဲ ရှိပါသေးတယ်။ ကိုယ်ဆိုလိုတာ က ဒီဇာတ်ကားတွေက Rating သတ်မှတ်တဲ့ စနစ် ကျင့်သုံးဖို့လိုပြီ ဆိုတာတော့ မီးမောင်းထိုးပြတာပဲ။ ဒါပေမဲ့ လတ်တလော အခြေအနေ မှာတော့ ကိုယ်တို့ တိုင်းပြည်ရဲ့ အနေအထား၊ ပရိသတ်ရဲ့ အနေအထား အရတော့ မဖြစ်နိုင်သေးပါဘူး။

Voice : အစည်းအရုံး ဥက္ကဋ္ဌအဖြစ် ကိုလူမင်း စတင် ဆောင်ရွက်နေတဲ့ အလုပ်တွေရှိရင် သိပါရစေ။

LM : ကိုယ် အခု ဝဇီရာ ရုပ်ရှင်ရုံ (၁) ကို နိုင်ငံတော်ကနေ တောင်း ပြီး ကိုယ်တို့ ရုပ်ရှင် လောကသားတွေအတွက် ထာဝရ အမှတ်တရ နေရာလေး တစ်ခု ဖြစ်အောင် ကြိုးစားနေပါတယ်။ ကိုယ်တို့ အပိုင်ရနိုင်မယ့် နည်းလမ်းပေါ့။ အဲဒီနည်းလမ်းကို ကိုယ်တို့ ရှာနေတယ်။ အဓိကကတော့ ဒီနေရာလေးကို တစ်သက်လုံး အနုပညာနဲ့ ပတ်သက်တဲ့ အထင်ကရ နေရာလေးတစ်ခု ဖြစ်အောင် ဖန်တီးချင်တဲ့ စိတ်ကူးနဲ့ ဆောင် ရွက်နေတာပါ။ သက်ဆိုင်ရာ လူကြီးတွေကိုတော့ အကူအညီ တောင်းထား ပါတယ်။ လူကြီးတွေကလည်း သူတို့ မူဘောင်နဲ့ညီမှ ပေးလို့ ရမှာပေါ့နော်။ အရင်လို လက်ညှိုးထိုးပြီး ပေးလို့တော့ မရဘူးပေါ့။

Voice : လတ်တလောမှာကျတော့ ဘာဇာတ်ကားတွေ ရိုက်နေလဲ။

LM : ကိုယ်အခု ဒါရိုက်တာ ညိုမင်းလွင်နဲ့ ဆဋ္ဌမမြောက် အခန်းဆိုတဲ့ ဇာတ်ကားလေး ရိုက်နေပါတယ်။

The Voice Weekly


https://www.facebook.com/photo.php?fbid=432452470185923&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...