စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နွားကျောင်းသားပေးစာ

သို့---------
အင်ဂျလီဂျိုနာဟသ်စစ္စတင်းဝက်
ဟူး-----နင့်နာမည်ခေါ်ရတာလည်း အမောဖောက်တတ်တဲ့ ငါ့အဒေါ်သာဖတ်ခိုင်းရင် လျှာထွက်၊ မျက်လုံးပြူးပြီး အမြုတ်တွေစီးရင်းသေသွားနိုင်တယ်။ နင်ကလည်း ကြံကြံဖန်ဖန် အင်ဂျလီဂျိုနာဟသ်စစ္စတင်းဝက်ရယ်လို့ ။ ငယ်ငယ်က ဂွက်ထော်ဆိုတဲ့ နာမည်ကပဲကောင်းပါတယ်ဟာ ။ ဂွတ်ထော်ဆိုတဲ့ နာမည်ကမှ မြန်မာဆန်တယ်။ အတိတ်ကိုလွမ်းစေတယ်။ ယဉ်ကျေးမှုကိုသတိရစေတယ်။ ပြီးတော့ ---ရောင်ထုံးတွေ ၊ဆံထုံးတွေကို ပြေးပြီးမြင်ယောင်စေတယ်။ ဟုတ်တယ်မဟုတ်လား ။ဒါနဲ့-။ နင်ပေးလိုက်တဲ့စာရဲ့အထက်က ( တီအို-တူး) ဆိုတဲ့အဓိပ္ပါယ်က ဘာကိုပြောတာလဲ။ နင့်ရဲ့စာကိုငါတစ်ယောက်တည်းဖတ်ဖို့မဟုတ်ဘူးလား။ တခြားဘယ်သူ့ကိုဖတ်စေချင်သေးတာလဲ။ တီအိုတူးဆိုတဲ့စာကိုဖတ်နေတဲ့အချိန်ပါပဲ ငါ့အမေက ငါ့ကို တံမျက်စည်းနဲ့လိုက်ရိုက်တယ်လေ။ ဘာလို့လဲဆိုတော့ နင်ရေးလိုက်တဲ့ တူးဆိုတဲ့ အဓိပ္ပါယ်ကိုတော့ ငါမသိဘူး။ အမေက
မွှေခိုင်းလိုက်တဲ့ ထမင်းအိုးကတော့ တူးခြစ်သွားတာပဲ ။ ဟူးးးးးးးးးးးးး--ပြေးလိုက်ရတာ ရွာထိပ်က ကန်ဘောင်ရိုးအထိ။
ကန်ဘောင်ပေါ်မှာ ပတ်ပတ်လည်ပေါက်နေတဲ့ခရေပင်တွေလည်းမြင်ရော နင့်ကိုအရမ်းသတိရတာပဲ။ ငါ့ကိုယ်ငါ ပြေးလာရတာကို သတိမရတော့ဘူး။ ခရေပင်ပေါ်မှာ ဝေနေအောင်ပွင့်နေတဲ့ပန်းပွင့်လေးတွေက ငါ့ကိုလှောင်ပြသလို ခံစားရတော့ မဆီမဆိုင် အဲဒီခရေပွင့်တွေကို ခဲ (ဂဲ)နဲ့တောင် ပစ်ချခဲ့သေးတယ်။ နောက်မှ- ငါ့ရဲ့လုပ်ရပ်တွေ နင်သိသွားခဲ့ရင် ငါ့ကိုများအပြစ်တင်လေမလားလို့ ငါ့ကိုယ်ငါ ကြောက်နေမိတာ အလုပ်တစ်ခုလိုဖြစ်နေပြီ။
နင်ကကောဘယ်လိုလဲ --ငါတို့ကျေးတောရွာလေးကိုပစ်ခွါပြီးမြို့ကြီးပြကြီးကိုပြောင်းရွေ့သွားတာ  ခုဆိုရင် တစ်နှစ်တင်းတင်းတောင်ပြည့်တော့မယ်။ တစ်ခါတစ်လေ နွားကျောင်းရင်း အမှတ်မထင်တွေ့ရတတ်တဲ့ တောဇွန်ပွင့်တွေကတော့ ငါ့ကိုတိုင်ပြောကြတယ်။ ဂွတ်ထော သစ္စာမရှိဘူးတဲ့။ ငါကလည်း ပြန်ပြောလိုက်ပါတယ်။ ဇွန်ပွင့်လေးရယ် နင်က သစ္စာမရှိဘူးလောက်ပဲသိတာ သူကနင်ခေါ် ခေါ်နေတဲ့ ဂွတ်ထော်တောင်မဟုတ်တော့ဘူး၊ အင်ဂျလီဂျိုနာဟသ်စစ္စတင်းဝက် ဖြစ်နေပြီလို့ပေါ့။ ပြီးတော့ နင့်ပေးတဲ့လိပ်စာပါ တစ်ခါတည်းပြောလိုက်တယ်။ ဒဗလျှူ ဒဗလျှူ ဒဗလျှူ အောက်ကမြင့် အင်ဂျလီဂျိုနာဟသ်စစ္စတင်းဝက် အောက်ကမြင့်ကွန် လို့ပေါ့။ နင့်လိပ်စာလည်းကြားတော့ ဇွန်ပွင့်လေးခမျာ သနားပါရဲ့ ချက်ချင်းကို ညှိုးနွမ်းပြီး လေမယိမ်းပဲ လွင့်ကြွေသွားတယ်လေ။ နောက်ဆုံး စကားတစ်ခွန်းတောင်ပြောသွားသေးတယ်။ အော် ဖြစ်မှ ဖြစ်ရပလေ ဂွတ်ထော်ရယ်-တဲ့ ။ ။
နင်ကတော့ နင့်ကိုနင် ခေတ်မီပြီလို့ထင်နေပေမယ့် ငါကတော့ နင့်လိပ်စာအတိုင်းလိုက်ရှာရတာ ရွာက နွားပျောက်လို့လိုက်ရှာတာထက်ကို ပင်ပန်းတယ်။ ဟုတ်တယ်လေ ။ ရွာမှာဆိုရင် ထန်းတက်တဲ့ ဦးသာဘုကိုမေးကြည့်ရင် ဟိုဘက်ဒီဘက်ဆိုတာ သိနိုင်တယ်။ ခုတော့ နင့်လိပ်စာက ငါ့ကိုအရူးထောင်ထဲ ပို့လိုက်သလိုပဲ ။ ကွမ်းယာရောင်းတဲ့ ကုလားလေးကတောင်ပြောသေးတယ်။ ငါ ဒီမြို့မှာနေတာ ကြာပြီ။ ဒဗလျှူ ဒဗလျှူ ဒဗလျှူ အောက်ကမြင့် ဆိုတဲ့ လိပ်စာကို ငါမတွေ့ဖူးဘူးတဲ့။ မင်းလိုက်ရှာချင်ရင် ဟိုနားက ကဖေးဆိုင်ထဲမှာ လူတွေ အများကြီးရှိတယ်။ သူတို့ကိုမေးကြည့်တဲ့လေ ။ အင်း---ငါလည်း ဗိုက်က စာနေတာနဲ့တစ်ချက်ခုတ်နှစ်ချက်ပြတ်သွားအောင် မုန့်လည်းစားရင်း ၊ လိပ်စာလည်းမေးရင်း ဆိုင်ထဲကိုဝင်ကြည့်လိုက်တယ် ။ အဲဒီကဖေးဆိုင်ရဲ့ထူးဆန်းချက်က ငါတွေ့ဘူးတဲ့ ဆိုင်တွေလို မဟုတ်ဘူး။ အဆင့်မြင့်တယ်လို့ပဲပြောရမလား ။ ပိတ်ထားတဲ့ တံခါးကလည်း မှန်တွေနဲ့ ကြည့်ရတာ တော်တော်ကျက်သရေရှိတယ်။ အင်္ဂလိပ်စာတွေကလည်းရေးထားသေး။  ငါက စာမဖတ်တတ်တော့ ဘာရေးထားမှန်းတော့ မသိဘူး။ တံခါးကလည်းတမျိုးလေးထူးဆန်းနေတယ်။ ဒီဘက်ဆွဲဖွင့်လို့လဲမရ။ ဟိုဘက်တွန်းဖွင့်လို့လဲမရ။  နောက်မှ အထဲက ကောင်လေးတစ်ယောက်က ဘေးကိုတွန်းဖွင့်ပေးတယ်။ ငါလည်းထူးဆန်းတာနဲ့ နှစ်ခါလောက် ဖွင့်လိုက် ပိတ်လိုက် လုပ်ကြည့်မိတယ်။ အဲဒီမှာ ကောင်လေးတစ်ယောက်က ငါ့ကိုမေးတယ်။ အစ်ကိုထိုင်မလားတဲ့ ။ ငါလည်း ထိုင်မယ်လို့ ချိုစိမ့်တစ်ခွက် ၊ ပလာတာတစ်ပွဲချပေးလို့ပြောတော့ အဲဒီကောင်လေးက ငါ့ကိုမျက်လုံးပြူးပြီးကြည့်တယ်။ ဟေ့ကောင် ပလာတာကုန်နေလို့လား၊ ဒါဆို အီကြာကွေးချကွာလို့ ပြောတော့ အဲဒီကောင်လေးက အစ်ကိုတဲ့ ဒီဆိုင်က လက်ဖက်ရည်ဆိုင်မဟုတ်ဘူးတဲ့ ။ အင်တာနက်ဆိုင် ပါတဲ့။ ငါလည်းသူပြောတာ မယုံလို့ ဆိုင်ထဲကို တစ်ချက်ဝှေ့ကြည့်လိုက်တယ်။ ချောချောလှလှ ကောင်မလေးတွေ၊  ရုပ်ဆိုးဆိုးနဲ့ ငနဲတွေက ငါ့ကိုကြည့်ပြီးပြုံးစိစိလုပ်နေကြတယ်။ ငါလည်းရှက်တာနဲ့ ဆိုင်ထဲကနေ ၀ုန်းကနဲ ထပြေးလာခဲ့တယ်။ ဟူးးးးးးးးးးးးးး
တော်ပါသေးရဲ့ တောသား သိက္ခာကျတော့မလို့။ ငါလည်းမကျေနပ်တာနဲ့ ဆိုင်ကယ်ဘီးဖာတဲ့သူကိုမေးကြည့်တယ်။ သူပြောတာက အင်တာနက်ဆိုတာ ကိုယ်ရှာချင်တာရှာလို့ရတယ်တဲ့။ အဲဒီအဖြေကို ငါအရမ်းသဘောကျတာ။ ဘာလို့လည်းဆိုတော့ ကိုယ်ရှာချင်တာရှာလို့ရတယ်ဆိုရင် နင့်ကိုလည်းရှာလို့ရတယ်ပေါ့။ အဲဒီလို အတွေးဝင်ပြီး ခုနကဆိုင်ထဲကို ပြန်သွားခဲ့တယ်။အထဲရောက်တော့ ခုနကကောင်လေးပါပဲ အစ်ကိုဘာအလိုရှိလို့လဲတဲ့ ။ ငါလည်းတစ်ခွန်းတည်းပြောလိုက်တယ် ။ အင်တာနက်တစ်ပွဲပေးပါလို့။ ငါလည်းဖြေလိုက်ရော ဆိုင်ထဲကလူတွေအကုန်လုံး ငါ့ကိုကြည့်ပြီး ၀ါးကနဲပွဲကျသွားတယ်။ ဘာကိုကြည့်ပြီးရယ်တာလဲမသိဘူး ကောင်လေးက နောက်တစ်ခါထပ်ပြောတော့ ရှက်လိုက်တာဟာ။ ရယ်သံတွေက ပိုလို့တောင် တိုးလာသေးတယ်။ သူပြောတာက အစ်ကိုတဲ့ အင်တာနက်တစ်ပွဲရယ်လို့မရှိဘူးတဲ့။ အင်တာနက်ဆိုတာ စားစရာမဟုတ်ဘူး တဲ့ ။ ငါလည်း နင့်ကိုမတွေ့ရလည်းနေရော့ဟယ်ဆိုပြီး ဆိုင်ထဲကနေ ဒုတိယမ္ပိ ဆိုင်ထဲက ပြန်ထွက်လာခဲ့တယ်။ ၇ှက်တာပေါ့နော်။ နင့်ကိုမရှာတော့ဘူးလို့ စိတ်ကိုဒုန်းဒုန်းချပြီး ရွာကိုပြန်လာခဲ့တယ်။ လမ်းမှာ ကားရပ်တော့ မုန့်ဝေတဲ့သူတွေအများကြီး၊ ချဉ်ပေါင်းယူမလား၊ ရေယူမလား၊ ကောက်ညှင်းကျည်တောက်ယူမလားနဲ့ ၀ိုင်းမေးနေလိုက်ကြတာ။ အွန်း--လူလေးတွေက သနားကမားလေးတွေဆိုပေမယ့် စေတနာတွေ ကောင်းလိုက်ကြတာ ။ ခရီးသည်တွေကို ခုလိုမုန့်ဝေတာ ငါမတွေ့ဖူးဘူး။ မြို့မရောက်ဖူးတာလည်းပါမှာပေါ့။ ငါလည်းဗိုက်စာတာနဲ့ မုန့်တွေတစ်မျိုးပြီးတစ်မျိုး
ယူလိုက်တယ်။ လိုက်ဝေတဲ့သူတွေကလည်း ပြုံးလို့ ။ မုန့်ဝေတာကို ကြည်နူးနေတာနဲ့တူတယ်။ ကားလည်းထွက်ခါနီးတော့ သူတို့က ဘာပြောတယ်မှတ်လဲ။ အစ်ကို ပိုက်ဆံမပေးရသေးဘူးလေ တဲ့။ ငါကတောသားပေမယ့် အဲဒီလောက်တော့ ဘယ်အပါ့မလဲ။ ဟုတ်တယ်လေ။ သူတို့အစကပြောက မုန့်ယူမလားတဲ့။ လိုက်ပေးနေတာ။ ခုမှ ပိုက်ဆံတောင်းတာ ။ မပေးနိုင်ဘူးလို့ပြောလိုက်တော့ ဟိုတိုင်မယ်လိုဒီတိုင်မယ်လိုနဲ့။ ငါ့အဖြစ်ကိုကြည့်ပြီး လူတွေဟားနေလိုက်ကြတာ။ ငါလည်းရှက်စိတ်တွေ မွှန်လာတာနဲ့ သူတို့မုန့်တွေကို ပြန်ပေးလိုက်တယ်။ သူတို့လည်းဒေါသထွက်နေပုံရတယ်။ ဒီအကြောင်းတွေကို ငါနွားကျောင်းရင်းနင့်ဆီကိုရေးလိုက်တာ ။ နောက်တစ်ခါ နင့်ဆီကို မလာတော့ပါဘူး။ စိတ်ပင်ပန်းတာပဲ အဖတ်တင်တယ်။
တော်ပြီ
ပုံ/ သာအေး
လေးစားစွာဖြင့် --မိန်နွေ
27/1/2012

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...