စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လှူတတ်ဖို စိတ်ထားလေးတစ်ခု

တစ်ခါသောမနက်ခင်းတစ်ခုတွင် ကျွန်တော်အပါအ၀င်သူငယ်ချင်းလေးယောက်သား ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ ကိစ္စတစ်ခုဖြင့်ရောက်ခဲ့ကြသည်...
ဆရာတော်နှင့်ကျွန်တော်တို့က တစ်ခါမှတွေ့ဆုံဖူးသည်မရှိသောကြောင့်မိတ်ဆက်ရပါတယ်..."တပည့်တော်တို့ကတော့ဖြင့် ဘယ်ကလာတာပါ ဘာကိစ္စပါ အသက်ကဘယ်လောက်" စသည်ဖြင့်လျှောက်ထားရတာပေါ့...
ကျွန်တော်တို့သူငယ်ချင်းလေးယောက်သားက IT နယ်ပယ်ထဲကဆိုတာပါ ဆရာတော် သိသွားတာပေါ့....
ဒါနဲ့ပဲဗျာ လာရင်းကိစ္စလေးတွေလျှောက်ထား ဆရာတော်ကလဲ ကျွန်တော်တို့ လူငယ်လေးတွေကိုဆုံးမစကားမိန့်ကြား စသည်ဖြင့်ပေါ့နော်....
ဒီလိုနဲ့ ဆရာတော်က ကျွန်တော်တို့ ပြန်ခါနီးမှာ မေးခွန်းလေးတစ်ခုမေးရောဗျ...

"ကလေးတို့က IT နယ်ပယ်ကဆိုတော့ ခေတ်နဲ့အညီ စဉ်းစားနိုင် ပြောနိုင်ဆိုနိုင်မှာပေါ့....ဒါဖြင့်ရင် ဘုန်းဘုန်းတစ်ခုမေးမယ်....
ဟိုး..ကမ္ဘာနောက်ဖက်ခြမ်းက အမေရိကန်နိုင်ငံက လူတွေများ ချမ်းသာပြီးရင်ချမ်းသာပေါ့ ဟုတ်ဖူးလား"

ကျွန်တော်တို့ကတော့ကြောင်တောင်တောင်နဲ့ "မှန်ပါ့ဘုရား"ပေါ့.... ဆရာတော်က ဆက်မိန့်တယ်...
"ဒါဖြင့်ရင် တို့မြန်မာနိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံလေကွယ်...အလှူအတန်းရက်ရောတာမှ ပြောစရာကိုမလိုဘူး....အဲဒါနဲ့တောင် ဘာလို့ဆင်းရဲနေတာလဲ...."

ကျွန်တော်တို့လေးယောက်သား ရုတ်တရက်ဆိုတော့ ကြောင်သွားတာပေါ့...ကျန်တဲ့သုံးယောက်ကတော့ ဘယ်လိုစဉ်းစားတယ်မသိ...
ကျွန်တော်ကတော့စိတ်ထဲမှာ"ဒါကတော့ ကံပေါ့ ဘုရား.." လို့ ဖြေချင်နေမိတယ်...ဒါပေမယ့်ပါးစပ်ကတော့မလျှောက်မိဘူး...
ကျွန်တော်တို့ကို စဉ်းစားချိန်နည်းနည်း ပေးလိုက်ပြီးတော့မှ ဆရာတော်က သူ့မေးခွန်းကိုသူကိုယ်တိုင်ပဲ ဖြေကြားတော်မူပါတယ်....

"မြတ်စွာဘုရားက ဟောကြားတော်မူခဲ့တာကတော့ ဒါနကောင်းကောင်းနဲ့ လှူဒါန်းကြရင် လှူဒါန်းကြတဲ့ အကျိုးကျေးဇူးကို ပြန်ရတယ်လို့ အားလုံးက သိကြပါတယ်...
ဒါပေမယ့် တို့မြန်မာတွေ လွဲနေကြတဲ့ တစ်ခုကတော့.....ငါဒီလောက်ငါလှူရင် ငါကုသိုလ်တွေအများကြီးရမယ် လှူသလောက်အကျိုးကျေးဇူးရမယ်...ဆိုတဲ့ စိတ်မျိုးထားနေကြတယ်..."
"ထင်ရှားတဲ့ ဥပမာတစ်ခုကတော့ ညောင်စေ့လောက်လှူရင် ညောင်ပင်ကြီးလောက် ပြန်ရမယ်ဆိုတဲ့ စကားပုံတွေ ပေါ်လာတာပဲ ကြည့်တော့"
"ဒါက ဘာကိုပြသလဲဆိုရင် တို့တွေ အကျိုးကျေးဇူး ခံစားချင်လို့ လှူသလိုဖြစ်မနေဘူးလား...."
"တစ်ချို့ကကျတော့ ဂုဏ်တက်ချင်လို့ လူအများအထင်ကြီးခံချင်လို့ လှူကြတာမျိုးလဲရှိတယ်...ဒါနအပေါ် လှူဒါန်းမှုအပေါ် စိတ်ထားလေးတွေ လွဲလွဲ နေကြတယ်.."
"ကဲ...အမေရိကားက လူတွေကျတော့ ရော..သူတို့လဲလှူကြပါတယ်..NGO တွေရှိကြတယ်...အဲဒီကိုလှူကြတယ်...ဒါပေမယ့် သူတို့ကဗုဒ္ဓဘာသာဝင် မဟုတ်ကြတော့ လှူရင် အကျိုးကျေးဇူးပြန်ရမယ်လဲ မသိကြပါဘူး...
ညောင်စေ့လောက်လှူ ညောင်ပင်ကြီးလောက်ရတာလဲ မသိကြပါဘူး... ဒါဆိုသူတို့တွေ လှူကြတဲ့အခါ ဘယ်လိုစိတ်ထားပြီးတော့လှူသလဲ... အော်...သူများတွေ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေတဲ့သူတွေ သဘာဝဒဏ်သင့်နေတဲ့သူတွေ အဆင်ပြေကြပါစေဆိုတဲ့ စိတ်ထားလေးနဲ့ လှူကြတယ်ကွယ့်...ငါ့ဖို့ဆိုတဲ့စိတ် ငါလှူရင်ငါပြန်ရရမယ်ဆိုတဲ့ စိတ်မျိုးမပါကြဘူးကွယ့်...ဒါကြောင့် ဒါနပြုတဲ့နေရာလေးမှာလဲ စိတ်ကလေးထားတတ်ဖို့လိုတဲ့ကွဲ့" ဟုမိန့်ကြားတော်မူခဲ့ပါတယ်...

ဘုန်းကြီးကျောင်းမှအပြန် လမ်းမှာကျွန်တော်အတွေးတွေက ပြေးလွားနေခဲ့ပါတယ်...ကျွန်တော်တို့ အတုမရှိ မြတ်စွာဘုရားရဲ့ တရားတော်တွေက ဗုဒ္ဓဘာသာဝင်တွေအတွက်ပဲ မှန်ကန်တာမှ မဟုတ်တာ သုံးဆယ့်တစ်ဘုံမှာ ကျင်လည်နေတဲ့ သတ္တ၀ါတွေအားလုံးအတွက် အမြဲမှန်ကန်ပါတယ်....ဒါကြောင့်လဲ စိတ်ထားတတ်တဲ့ သူတွေ သူတို့စိတ်ဓါတ်အတိုင်းခံစားကြရတာပေါ့...အဓိကကတော့ အလှူဒါန်းခံ ရတဲ့သူတွေကို အဆင်ပြေပါစေတော့ ဆိုတဲ့ စစ်မှန်တဲ့ ဒါနစိတ်ဓါတ်ကလေးပါပဲ....ဒါလိုစိတ်မျိုးထားလိုက်တော့ လှူရတဲ့သူမှာလဲ လောဘမရှိတော့ပဲနဲ့ ကိုယ့်စိတ်ထားအတိုင်း အကျိုးပြန်ခံစားရမှာ မလွဲပါဘူး....
ဆရာတော်ဟောခဲ့တာက ဒါနအတွက်ပဲလားဆိုတော့ မဟုတ်ပါဘူး...လူ့လောကကြီးမှာ နေ့စဉ်ကြုံတွေ့နေရတဲ့ ဘ၀ တစ်လျှောက်မှာ အားလုံးအတွက် စိတ်ထားကလေးမှန်ကန်ဖို့ကို မီးမောင်းထိုးပြလိုက်တာပါ...
စိတ်ကောင်းရှိပြီး စိတ်ထားတတ်ပြီး ဒုက္ခရောက်နေတဲ့သူတွေ ကရောဘယ်လိုလုပ်မလဲလို့မေးလာစရာရှိပါတယ်... စိတ်ကောင်းကလေးကို ဆက်လက်ပြီးထိန်းသိမ်းပါ...ဖြစ်သင့်တဲ့အချိန်မှာ စိတ်ထားတဲ့ အတိုင်း အကျိုးပေးလာမယ်ဆိုတာကိုတော့ ကျွန်တော် ရဲရဲကြီး အာမခံ ရဲပါတယ်...

"စိတ်သာရှင်စော ဘုရားဟော" ဆိုတဲ့ စကားပုံရယ် ငယ်ငယ်တုန်းက အမြဲဆိုခဲ့ရတဲ့ "စိတ်ကောင်း ရှိဖို့က ပထမ" ဆိုတဲ့ စာသားလေးရယ်က အိမ်အပြန်လမ်းမှာ ကျွန်တော့်စိတ်ကို လွမ်းမိုးနေခဲ့ပါတော့တယ်.....

(ကျွန်တော့်ရဲ့ ကိုယ်တွေ့ဖြစ်ရပ်ပါ..ဆရာတော်ရဲ့မိန့်ကြားချက်တွေကို အတိုချုံးထားပြီး စာဖတ်သူအတွက် အတွေးလေးတစ်ခု ရပါစေတော့ ဆိုတဲ့ စိတ်ထားကလေး တစ်ခုဖြင့်.....)

Osaung
:)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...