စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကျန်သည့်အချိန်ကလေး ဘာလုပ်ကြမည်လဲ အလှဆုံးပြင်ဆင်ရရင် မကောင်းဘူးလား


Print Friendly and PDF
မနုဿတ္တဘာဝေါ၊ ဒုလ္လဘောဆိုသည့်အတိုင်း လူ့ဘ၀သည်ရခဲ၏။ တိုလည်းတို တောင်း၏။ ဘ၀သက်တမ်းတိုတောင်းသည့်အထဲ ရသည့်အချိန်ကလည်း နည်းလွန်းလှသည် ဟု ဆိုရပေမည်။ ယခုကာလ လူ့သက်တမ်းကို ၇၅နှစ် ရှိသည်ဆိုသဖြင့် တစ်နေ့အိပ်ချိန် ၈နာရီ နှုန်းဖြင့် တွက်ပါက ၂၅နှစ် ကအိပ်ချိန်ဖြင့်ပင် ကုန်ဆုံးသွားမည်။ ကျန်၅၀နှစ် ထဲမှကလေးဘ၀ ၁၀နှစ် နှင့် ပညာသင်အရွယ် ၁၅နှစ် အိပ်ချိန်၊ ကလေးဘ၀ ပညာသင်ချိန်စုစုပေါင်းအနှစ် ၅၀ခန့် ကုန်ဆုံးသွားမည်ဖြစ်သဖြင့် အမှန်တကယ်လူ့ဘ၀တစ်ခုလုံး လောကီလောကုတ္တရာ လုပ်နိုင်မည့်အချိန်၊ လုပ်ရမည့်အချိန်သည် ၂၅နှစ် သာကျန်ပါတော့သည်။ ဤကျန်သည့် အချိန်ကလေးအတွက် ဘ၀ကိုဘယ်လိုအလှဆင်မည် ဆိုတာကို အလေးအနက်စဉ်းစာ ဆောင်ရွက်ကြရပေတော့မည်။
ပုထုဇဉ်သတ္တ၀ါတို့သည် အလှပြင်တာ ၀ါသနာပါကြသည်။ သို့သော် တကယ့်အလှ တရားကို ပုထုဇဉ်သတ္တ၀ါတို့က ဝေေ၀၀ါးဝါးသာ ရှာတတ်ကြပါသည်။ အရိယာသူတော်စင်တို့ ကသာ တကယ့်အလှတရားကို ပြည့်ပြည့်၀၀ ရှာဖွေတတ်ကြပါသည်။ သတ္တ၀ါမှန်သမျှ ရုပ်နှင့်နာမ်ကိုသာ မှီ၍အသက်ရှင်နေကြရသည်။
ပုထုဇဉ်တို့ အလှပြင်နေသည်က ရုပ်အလှကိုသာ အသားပေးပြင်ဆင်နေကြခြင်းဖြစ် သည်။ တကယ့်အနှစ်သာရ အလှတရားက နာမ်ကိုသာအမှီပြုသည့် စိတ်မှာသာရှိနေသည်။ ရုပ်ကိုပြင်နေသောအလှသည် တဒင်္ဂအလှ၊ အပေါ်ယံအလှ၊ ဘယ်လောက်ပင်ပြင်ပြင် တခဏ သာလှပြီး ပျက်နေရသည်၊ တစ်ဘ၀စာအတွက်သာဖြစ်သည်။ စိတ်ကိုအလှပြင်ခြင်းကသာ လျှင် သံသရာတစ်လျှောက်လုံး လှခြင်းများရနေပါမည်။
ရုပ်ကိုပြင်သည့်အခါ တန်ခိုး၊ အာဏာ၊ ပစ္စည်းစသည့် ရုပ်ဝတ္တုပစ္စည်းအမျိုးမျိုးနှင့် ပြင်ကြရာတွင် လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်ဆိုသည့် ကိလေသာအညစ်အကြေးစိတ် များဖြင့် ပြင်ဆင်ခြယ်သနေကြရသဖြင့် ပြင်နေသမျှ အကုသိုလ်ရနေကြသည်။ ငါလှလိုက်တာ ဆိုတဲ့ လောဘစိတ် ငါ့လောက်ဘယ်သူကော လှလို့ကောဆိုတဲ့ မာန်မာနဒေါသစိတ်၊ လှခြင်း မလှခြင်းဆိုသည့်အပ်ါမှာ တွေဝေငေးမောနေသည့် မောဟစိတ်တွေနှင့် ထုံမွှန်းနေသဖြင့် အလှပြင်နေသမျှ အကုသိုလ်ဖြစ်နေရသည်။
စိတ်ကိုလှအောင်ပြင်ရာမှာတော့ သဒ္ဓါ၊ ပညာ၊ မေတ္တာတို့ကို အခြေခံ၍ ဒါန၊ သီလ၊ ဘာဝနာ တွေနှင့်ပြင်နေကြရသဖြင့် အလှပြင်ဆင်ဆဲမှာလည်း ကုသိုလ်စိတ်တွေဖြစ်လာပြီး တစ်ခဏအလှမဟုတ်ဘဲ တစ်သံသရာလုံးအတွက် အလှတွေပါသွားရသည်။
ဒါကြောင့် ရုပ်ကိုပြင်တာသည် အပြင်အလှ၊ အပေါ်ယံအလှ၊ တဒင်္ဂပုထုဇဉ်အလှ၊ အကုသိုလ်အလှဖြစ်သည်။ သေလျှင်အပါယ်ငရဲကျရသည်။
စိတ်ကိုပြင်ခြင်းသည်သာ အတွင်းအလှ၊ ထာဝရအလှဖြစ်ပြီး သေလျှင်လည်း လူ့ပြည်၊ နတ်ရွာ၊ အထက်ဘုံလားကြရသည်။
“သင်ဘယ်အလှမျိုးကို ပြင်ချင်ပါလဲ၊ သင့်ကိုယ်သင် မေးကြည့်ပါ” ဥပမာပြရသော် အကိတ္တိ ရသေ့လောင်း သူဌေးသားလေးသည် ၄င်း၏မိဘဘိုးဘွားများသေသောအခါ ထားရစ်၊ ကျန်ရစ်ခဲ့သော ပစ္စည်းများကိုကြည့်ပြီး “သြော် ငါ့မိဘဘိုးဘွားများ ဒီပစ္စည်းတွေကို ရှာသာရှာခဲ့ သည် ယူမသွားနိုင်ပါလား” ဟု သတိသံဝေဂရသွားသည်။ ဒါကြောင့် ဒီပစ္စည်းတွေ ငါနဲ့ပါသွား အောင် ဘယ်လိုလုပ်ရမည်လဲဟု ကြံစည်မိပြီး အလှူကြီးပေးတော့သည်။ နောက်ဆုံးပစ္စည်း တွေကို ယူချင်တဲ့သူယူပါစေတော့ဟု စွန့်လွှတ်တော်မူခဲ့ပြီး တောထွက်တရားအားထုတ်လေ တော့သည်။
ရသေ့လေး၏ အကျင့်တရား မြင့်မြတ်ပြင်းထန်မှုကြောင့် သိကြားမင်း၏ ဗဏ္ဍုကမ္ဗလာ ကျောက်ဖျာတင်းသဖြင့် လူ့ပြည်ဆင်းကြည့်သောအခါ ရသေ့လေး၏ မြင့်မြတ်ပြင်းထန်သော အကျင့်တရားကြောင့် ကျောက်ဖျာတင်းရကြောင်း သိသွားသည်။ သိကြားမင်းက ရသေ့လေး ၏သီလကို စမ်းသပ်လိုခြင်းကြောင့် ပရိယာယ်ဖြင့် မေးမြန်းပြော ဆိုသည်မှာ “အသင်ရသေ့လေး သင့်အသားကလည်း မည်းလိုက်တာ မီးသွေးခဲ ကျနေတာပဲ” ဟု မမည်းသောအသား မည်းပါ သည်ဟူ၍ ကဲ့ရဲ့သလို ပြောဆိုသော်လည်း ရသေ့လေးက စိတ်မဆိုးပါ။ ဈာန်အဘိညာဉ်ရထား သော ရသေ့ဖြစ်သဖြင့်မေးသည်။ သိကြားမင်းဖြစ်ကြောင်း လည်းသိပါသည်။
ဒါကြောင့် ရသေ့လေးက ဖြေကြားပြောဆိုသည်မှာ “အသင် သိကြားမင်း သင်မြင်သည့် ရုပ်ကိုကြည့်၍ မည်းသည်ဟူ၍ ပြောဆိုခြင်းဖြစ်ပါလိမ့်မည်း ငါ၏အတွင်း သားစိတ်နှလုံးသည် သင်ထင်သလိုမမည်းပါ။ ဖြူစင်မြင့်မြတ်ပါသည်။ အပေါ်ယံအသားမည်းခြင်းသည် အပေါ်ယံ အသွင် အဆင်းကြောင့်ဆိုလျှင် မှန်ကောင်းမှန်နိုင်ပါသည်။ အပေါ်ယံရုပ်အဆင်းမည်းခြင်းထက် အတွင်းစိတ်ဖြူရန်သာ အဓိကကျပါသည်” ဟု ဖြေကြားသောအခါ သိကြားမင်းသည် ရသေ့ လေးအား အလွန်ကြည်ညိုသွားပါသည်။ ဒါကြောင့် “အသင်ရသေ့လေး လိုရာဆုတောင်းပါ တော့” ဟု သိကြားမင်းကဆိုသောအခါ ရသေ့လေးက ”ငါဆုတောင်းမည်၊ အသင်ပေးနိုင်မည် လား၊ ငါသည် လောဘ၊ ဒေါသ၊ မောဟ မဖြစ်ရပါလို၏” ဟု ဆုတောင်းသောအခါ ဤဆုမျိုးကို သိကြားမင်းမပေးနိုင်ပါ။ သို့သော် အဖြေကိုသဘောကျ၍ ထပ်မံကြားလိုသဖြင့် ဆုတောင်းပါဦး ဟုထပ်မံပြောဆိုသောအခါ “ငါသည် ကာယကံ၊ ၀စီကံ၊ မနောကံ၊ ကံသုံးပါးကို မပြစ်မှားရပါလို ၏” ဟု ဆုတောင်းပြန်သည်။
ဤဆုကို ကိုယ်တိုင်လုပ်မှ ရသောဆုဖြစ်သဖြင့် သိကြားမင်းမပေးနိုင်ပါ။ သိကြားမင်း သည် ရသေ့လေး၏ အဖြေပြောစကားများကို နာကြားရသဖြင့် သတိ သံဝေဂရ ကုသိုလ်ဖြစ်ရ သဖြင့် အကြိမ်ကြိမ်သာဓုခေါ်ပြီး တာသတိံသာသို့ ပြန်ကြွသွားပါသည်။
အထက်ပါဖြစ်စဉ်များကို ကြည့်ပြီး သံဝေဂရမည်ဆိုပါက ကျွန်ုပ်တို့သည် ကြုံတောင့်ကြုံ ခဲ လူ့ဘ၀ရရှိခိုက်လေးမှာ သမ္မာအာဇီဝကောင်းသော အသက်မွေးဝမ်းကျောင်းမှုတို့ဖြင့် ရှာဖွေ ရရှိထားသော စည်းစိမ်ဥစ္စာ၊ အာဏာ စသည်တို့ကို အနှစ်မပါ အကာ သက်သက်ဖြစ်သည့် ကာမဂုဏ် စည်းစိမ်ခံစားခြင်းဖြင့် ဖြုန်းတီးမပစ်ဘဲ သဒ္ဓါစေတနာအခြေခံ၍ အများကောင်းကျိုး သယ်ပိုးဆောင်ရွက်ရင်း ဒါန၊ သီလ၊ သမထ၊ ဘာသနာ စီးဖြန်းဆောက်တည်ကာ ဘ၀ကိုအ ကောင်းဆုံး အလှဆင်သွားနိုင်ကြပါစေကြောင်း မေတ္တာအရင်းခံ၍ တိုက်တွန်း နှိုးဆော်အပ်ပါ သည်။
မှတ်ချက်- ဤဆောင်းပါးကို ဓမ္မဒူတ ဦးပညာဝရ ဟောကြားသော “အလှဆုံးပြင်ဆင်ကြပါစို့” ဆိုသည့် တရားတော်ကို မှီးငြမ်းပြုစုရေးသား တင်ပြခြင်းဖြစ်ပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...