စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘဝမှာ ဘာအရေးကြီးဆုံးလဲ

        လျင်မြန်စွာ တိုးတက်ပြောင်းလဲ နေတဲ့ ခေတ်ကြီးထဲမှာ လူသားတွေဟာ ငွေကြေးဥစ္စာ၊ ပညာ အစစနောက်ကျ မကျန်ခဲ့အောင် အပြေးအလွှား ရှာဖွေရင်း သင်ယူရင်း နဲ့နေစဉ် ရုန်းကုန်နေရပါတယ်။ပြေးလွှား ရှာဖွေရင်း သင့်တင့်တဲ့ ပညာ ဥစ္စာတွေ ရကြတယ်။
ဒါပေမယ့် ပြေးလွှားရှာဖွေရင်း တစ်ခုခု ကျပျောက်သွားတယ်လို့ ထင်မိပါတယ်။တကယ်လို့ကျပျောက်သွားခဲ့ရင်လဲ ပြန်ကောက်ယူဖို့ သတိပေးလိုက်ချင်ပါတယ်။ အဲဒါကတော့ လူတိုင်းရဲ့ အရေးကြီးဆုံး မရှိမဖြစ် အခြေခံကျတဲ့ ကိုယ်ကျင့်တရားပါပဲ။ကိုယ်ကျင့်တရားလေး ကျပျောက်သွားခဲ့ရင် ပြန်ကောက်ယူဖို့ မမေ့ပါနဲ့။
     လူအားလုံးဟာ လိုချင်တာရဖို့ကို နေ့စဉ်နဲ့ အမျှ ကြိုးစားနေကြပါတယ်။လူတော်တော်များများကလိုချင်တာ ရဖို့ အဓိက ၊လိုချင်တာရရင် ချမ်းသာမယ် လိုချင်တာမရရင်ဆင်းရဲမယ်လို့ ထင်နေကြတယ်။ဒါကြောင့် လိုချင်တာ ရဖို့ နေစဉ် မိုးလင်းတာနဲ့ လိုချင်တာရဖို့ တရားသော၊ မတရားသောနည်း အမျိုးမျိုးနဲ့ ရှာဖွေကြပါတယ်။အချို့ဆိုလျှင် လိုချင်တာရဖို့ ဘာမဆို လုပ်ဝံ့သူတွေ လဲ ရှိပါတယ်။လိုချင်တာတွေ ပြည့်စုံနေပြီဆိုရင်တော့ ချမ်းသာနေကြတယ်။လိုချင်တာတွေနဲ့ ပြည့်စုံနေတဲ့အချိန်မှာ မလိုချင်တာတွေ ရောက်လာတတ်ပါတယ်။ရောဂါဘယတွေ ကျရောက်လာတာ၊ ခန္ဓာကိုယ် ကျိုးတာ၊ ပဲ့တာ စတဲ့ အမျိုးမျိုး ကြုံလာရရင် ပြည့်စုံပြီလို့ ထင်ရတဲ့ ရုပ်ဝတ္ထုချမ်းသာတွေကို သာယာနိုင်သေးရဲ့လား၊ ချမ်းသာတွေလို့ ရော ခံစားနိုင်ပါဦးမလား။
          ဒါကြောင့် မလိုချင်တာတွေကို ပေးတတ်တာက မကောင်းမှုကြောင့် ပါ။ မလိုချင်တာတွေ မရအောင် မကောင်းမှုကို ရှောင်ဖို့က အဓိက လောကရဲ့ အခြေခံ လိုအပ်ချက်သီလပါ။ တကယ်အရေးကြီးဆုံးကတော့ ကိုယ်ကျင့်တရားပါ။ကိုယ်ကျင့်တရားပျက်တယ်ဆိုတာ မဟုတ်တာတွေလုပ်နေတာကို ဆိုလိုတာပါ။ မဟုတ်တာတွေလုပ်နေပြီဆိုရင် မလိုချင်တာတွေ က ရကို ရတော့မှာ၊ မလိုချင်စရာတွေ ရလာပြီဆိုရင် ကျန်တဲ့လိုချင်စရာတွေ ဘာသုံးလို့ ရသေးလဲ၊ မရတော့ဘူး။
         မြတ်စွာဘုရားက မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကို ထား လို့ ဟောခဲ့တာပါ။ဘုရားသာသနာကို အကျဉ်းဆုံး ချုပ်လိုက်ရင် မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ဆိုတဲ့ သီလ၊ သမ္မာဓိ၊ ပညာ ပါပဲ။
မြတ်စွာဘုရား က ပထမဆုံး မကောင်းမှု ရှောင်ခိုင်းတာကို အရင်ဟောတာပါ။မကောင်းမှုတွေကို ရှောင်တော့ မကောင်းမှုက ပေးတတ်တဲ့ မလိုချင်တဲ့ဟာတွေ မရတော့ပါဘူး။ ဒီနေရာမယ် စဉ်းစားကြည့်ပါ ။လိုချင်တာ မရတဲ့ဆင်းရဲနဲ့  မလိုချင်တာ ရတဲ့ဆင်းရဲ နှစ်ခု ယှဉ်ရင် မလိုချင်တာကို ရတဲ့ ဆင်းရဲ က ပိုကြီးပါတယ်။လိုချင်တာတွေရလို့ ပြည့်စုံနေပေမယ့် မလိုချင်တာတွေ ရနေရမယ်ဆိုရင် စိတ်ဆင်းရဲကြီးဆင်းရဲရပါတယ်။
     မလိုချင်တာတွေ မရဖို့ မကောင်းမှုတွေကို ရှောင်တော့ မလိုချင်တဲ့ ဖျားတာ နာတာ ကန်းတာ ကျိုးတာ  ပဲ့တာ အနာရောဂါတွေ မလာတော့ဘူးဆိုရင် ချမ်းသာနေပြီ။ ဒါပေမဲ့ လောကအလိုတွက်ရင်တော့ ချမ်းသာ မစုံသေးဘူး။ လိုချင်တာတွေလဲ ရဦးမှ ဆိုတော့ လိုချင်တာတွေက ဘာကပေးလဲ။ ကောင်းကျိုးက ပေးတယ် မဟုတ်လား။ ဒါကြောင့် မြတ်စွာဘုရားက ဒုတိယ အရေးကြီးဆုံး ဖြစ်တဲ့ ကောင်းမှုဆောင်လို့ ဟောခဲ့တာ။
     မကောင်းမှုရှောင်မှ မလိုချင်တာတွေနဲ့ ဝေးပြီး ကောင်းမှုဆောင်မှ လိုချင်တာတွေ ရ လို့ ချမ်းသာပျော်ရွှင်နိုင်ပါလိမ့်မယ်။ဒီထက်ပိုပြီး ချမ်းသာချင်သေးတယ်ဆိုရင်တော့ ဖြူအောင်စိတ်ကိုထား ဆိုတဲ့အတိုင်း ဝိပဿနာသတိပဋ္ဌာန် တရားအားထုတ်ရင်တော့ အကောင်းဆုံးပါလို့ ဆိုချင်ပါတယ်။ဆရာတော်တစ်ပါးရဲ့ တရားကို ပြန်လည်အဆင်ပြေသလိုရေးထားပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...