စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ယုံကြည်မှုနှင့် ပညာ ပေါင်းစပ်ဖို့ ဆိုတာ


ယုံကြည်မှုနှင့် ပညာ ပေါင်းစပ်ဖို့ ဆိုတာ

စာရေးသူ လမ်းလျှောက်နေတုန်း အလှူခံမဏ္ဍတ် တစ်ခုဖွင့် ထားသော ဆောင်းဘောက်မှ သီတဂူဆရာတော် ဘုရား ဟောတဲ့ တရားသံ သဲ့သဲ့ကြားလိုက်ပါတယ်။ “သဒ္ဒါနဲ့ ပညာ မျှတနေဖို့လိုအပ်တယ်” ။ဟုတ်ပါ တယ်။ သဒ္ဒါနဲ့ ပညာ မျှတဖို့ တကယ် လိုအပ်ပါတယ်။

ထက်သန်သော ယုံကြည်မှုတစ်ခုသာရှိလျှင်

သဒ္ဒါဆိုတာ ထက်သန်သော ယုံကြည်မှု ဖြစ်ပါတယ်။ ပညာဆိုတာကတော့ သိသင့်သိထိုက်သော တရားများ (သစ္စာလေးပါး) အမှန်တရားများအား ထိုးထွင်းသိမြင်ခြင်း ဖြစ်ပါတယ်။ ဥပမာ- လူတစ်ယောက်က တရားကို ကျင့်ကြံအားထုတ်တယ်။ လေ့လာဆည်းပူးတယ်။ ထက်သန်သော ယုံကြည်မှုတော့ ရှိပါရဲ့ ။ တရားရဲ့  အနှစ်သာရ၊ အမှန်တရားရဲ့  အနှစ်သာရ ကို မသိပဲနဲ့ ယုံပါတယ် ကျင့်ကြံပါတယ် အားထုတ်ပါတယ် လိုက်နာပါတယ် ဆိုရင် မီးခဲပုံပေါ် လမ်းလျှောက်တာထက် ခရီးလမ်းကြမ်းပါတယ်။ လိုရာပန်း တိုင် မရောက်နိုင်ပါဘူး။ အခန့်မသင့်ရင် လမ်းတောင် လွဲတတ်ပါ တယ်။ ဒါကြောင့်ပဲ နတ်ကိုးကွယ်ယုံကြည်မှု များ၊ ထေရဝါဒ ဗုဒ္ဓဘာသာနဲ့ မလျော်ညီတဲ့ ယုံကြည်ကိုးကွယ်မှု များ ပေါင်းစပ်လာပါတယ်။ မိရိုးဖလာ ယုံကြည်မှုများ လွန်ကဲလာပါတယ်။ အဆိုးဆုံးကတော့ ထေရဝါဒဗုဒ္ဓဘာသာ အစစ်အမှန် ကွယ်ပျောက်သွားခြင်း ဖြစ်ပါတယ်။

ပညာ တစ်ခုသာ ရှိလျှင်

ပညာ ဆိုတဲ့ သစ္စာလေးပါး လောက အမှန်တရားကို သိမြင်ဖို့ဆိုတာ ရဟန္တာမှ စလို့ မြတ်စွာဘုရားရှင်ထိသာ အားလုံး တတ်နိုင်ပါတယ်။ ကျန်တဲ့ လောကီဘုံသား၊ လောကုတ္တရာဘုံသားအားလုံးက ပြည့်ပြည့်စုံစုံ မသိနိုင်ပါဘူး။ မြတ်စွာဘုရားဟောကြားတဲ့ တရားတော်အားလုံးကို နားလည်နိုင်ဖို့ဆိုတာ တော်ရုံဇွဲမျိုးနဲ့တောင် မရပါဘူး။ ဒီတော့ ဆိုလိုရင်းက ယနေ့မှာ ပညာရှင်များ ပေါများလာပါတယ်။ အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါများလာပြီး ဘာသာရေးတွေဘက်ထိ လေ့လာ လိုက်စားကြပါတယ်။ မှန်တာမှားတာ ကိုယ်တိုင်ဝေဖန် ဆန်းစစ်ကြပါတယ်။ ဒီတော့ ရလဒ်အများစု ဘာသာမဲ့ အခြေအနေသို့ ရောက်ရှိသွားခြင်း မျိုး ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာ စာပေကျမ်းများကို လေ့လာမိပြီး ကိုယ်ဥာဏ်မှီသလောက်သာ လက်ခံပါတယ်။ ကျန်တာ မစဉ်းစားနိုင်တာကျတော့ ဒါမှားတယ်လို့ တစ်ယူသန်ကောက်ချက်ချပြီး ဒီဘာသာဟာ မှားယွင်းတယ်လို့ ထောက် ပါတော့တယ်။ ယင်းကဲ့သို့ လုပ်ဆောင်မှုကသာ မှားယွင်းတဲ့ လုပ်ဆောင် မှု ဖြစ်ပါတယ်။ လောကုတ္တရာ ပညာအရာများကို လေ့လာလိုက် စားရာမှာ ယုံကြည်မှု (သဒ္ဒါ) တစ်ခု လိုပါသေးတယ်။ အဘယ့်ကြောင့် ဆိုသော် သဘာဝ အမှန်တရား အားလုံးကို လက်လှမ်းမှီနိုင်ဖို့ ကိုယ့်လေ့လာ မိသလောက်နဲ့ မမှီနိုင်သေးပါဘူး။ ဥပမာ- ဝိပဿနာ အားထုတ်ရင်း ကိုယ့်ကိုယ်ကို လေပေါ် မြောက်တတ်သလို ခံစားရတဲ့အခါ ဈာန်ရသွားတယ်။ ရဟန္တာဖြစ်သွားတယ်လို့ ကိုယ့်ကိုယ်ကို ထင်သွားတတ်ကြပါတယ်။ ယင်းကဲ့သို့ ထင်မြင်ပြီး လမ်းလွဲလိုက်သွားသောကြောင့် မြတ်စွာဘုရားရဲ့  နိဗ္ဗာန် ရောက်ကြောင်း လမ်းစဉ်နဲ့ လုံးဝ လွဲသွားပါတယ်။


အချို့ ကျတော့လည်း ကိုယ်က ဥာဏ်မှီပေမယ့် တွေးခေါ်ပုံကလွဲချော်ပြီး တစ်မျိုး ထင်မြင်ကောက်ချက်ချပါတယ်။ ဒီတော့ ဘာသာကွဲ၊ သင်းကွဲတဲ့ အခြေအနေအထိ ရောက်ရှိပြီး သာသနာ ဆိုတာ ကွယ်လာရမယ့် အခြေအနေအထိ ရောက်ရှိလာပါတော့တယ်။

လောကီနှင့် ယှဉ်သော်

အထက်မှာ စာရေးသူက လောကုတ္တရာပိုင်းမှာ ယှဉ်ပြသွားပါတယ်။ သို့သော် လောကီ လူ့ဘောင်မှာလည်း ဆက်စပ်မှုများစွာ ရှိနေပါတယ်။ စာဖတ်သူက အသိပညာ၊ အတတ်ပညာ တစ်ခုကို လေ့လာတယ် ဆိုပါစို့။ ကိုယ့်က ဥာဏ်မမှီတာ လက်လှမ်းမမှီတာ ရှိရင် ယင်းအပေါ် ယုံကြည်မှု အားလျော့ပြီး မှားမှားယွင်းယွင်း သိမြင်လိုက်မှုများ၊ လမ်းကြောင်း လွဲချော်သွားမှုများ ရှိပါတယ်။ ဥပမာ - ကိုယ်က အင်ဂျင်နေယာ ပညာရပ် ကို လေ့လာနေပေမယ့် ကိုယ်လိုက်လို့မမှီတဲ့အခါ၊ ကိုယ် ဥာဏ်မမှီတဲ့အခါ “ဒါဟာ ငါ့အတွက် အကျိုးမထူးပါဘူး ကွာ၊ ရေးထား တာတွေကလည်း အားလုံး စာအုပ်ကြီးအတိုင်းပဲ။ လက်တွေ့မှာ အသုံးမဝင်လောက်ဘူး၊တော်ပီ ငါမလေ့လာတော့ဘူး” လို့ တယူသန် ကောက်ချက်ဆွဲမိပြီ ဆိုပါစို့။

ဒါဆိုရင် ယင်း အင်ဂျင်နေယာဟာ တစ်ဘဝလုံး ပညာစုံလင်စွာ တတ်မြောက်တော့မှာ မဟုတ်ပါဘူး။ နှစ်ပေါင်းရာချီပြဌာန်းလာတဲ့ ပညာရပ် ကို ထောက်ပြနိုင်တဲ့ အရည်အချင်းရှိရင် ထူးခြားတဲ့ ဥာဏ်ပညာ ပိုင်ဆိုင် တာမှန်ပေမယ့် ယုံကြည်မှုနည်းပြီး အပြစ်တင်နေရင်တော့ ပညာနဲ့ ဝေးရ မှာ ဖြစ်ပါတယ်။ အချို့ ကျတော့လည်း ပညာနဲ့ မဆန်းစစ် မဝေဖန်ပဲ ဒီတိုင်း ကျက်၊ ဒီတိုင်းမှတ်ရင် တစ်နေ့တော့ အသုံးဝင်လာမှာပါလို့ ယုံကြည်မှု တစ်ခုသာ ထားပြီး ပညာနဲ့ မဆန်းစစ် မဝေဖန်တော့ဘူးဆိုရင် ရလဒ်က မထူးမခြာနားပဲ ဖြစ်ပါတယ်။

ထိုနည်းတူစွာပဲ လောကုတ္တရာ ပိုင်းမှာဆိုရင်လည်း သဒ္ဒါ နဲ့ ပညာနဲ့ မျှတမှု မရှိရင် မိမိ ယုံကြည်ကိုးကွယ်နေတဲ့၊ လေ့လာလိုက်စားသင်ယူနေတဲ့၊ ကျင့်ကြံအားထုတ်နေတဲ့ ထေရဝါဒဗုဒ္ဓသာသနာ ဆိုတာ ကွယ်လာမှာ ဖြစ် ပါတယ်။ ဒါကြောင့် ထက်သန်သော ယုံကြည်မှု၊ စစ်မှန်သော သိမြင်မှုတို့ကို မျှတစွာ ပေါင်းစပ်လို့ လောကီရော၊ လောကုတ် မှာပါ အောင်ြမင်မှုများ ရနိုင်ကြပါစေ။
-----------------------
-------------------------
အောင်ခမ်း (International news for myanmar)
--------------------
သီတဂူဆရာတော်ဘုရားအား ဦးထိပ်ထားလျက်-

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...