စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စကားပြောသော ယပ်တောင်လေးများ



ဒီနေ့အတော်လေးကိုပူလောင်အိုက်စပ်နေပါသည်..
အိပ်ယာပေါ်တွင် သင်ဖြာချောချောလေးတစ်ချပ်ခင်း..
ယပ်တောင်လေးတစ်ဖျပ်ဖျပ်ခပ်လို့ ဇိမ်ကျနေပါသည်။
ကျွန်တော့်အကျင့်မှာ ပန်ကာလေကိုလုံးဝနှစ်သက်ခြင်းမရှိပါ..
လေအေးစက်ဆိုလျှင်ပိုဆိုးပါသည်..
ယပ်တောင်လေးများကသာ သဘာဝလေနုအေးပေးနိုင်သည် ထင်ပါသည်၊
ကျွန်တော်၏အိပ်ယာဘေး နံရံလက်လှမ်းတမှီတွင် ယပ်တောင်လေးများကအသင့်..။

ယခုခေတ်ယပ်တောင်လေးများက ပုံစံအမျိုးမျိုး..အသွေးအရောင်ကလည်းစုံလှပါသည်
ယပ်တောင်လေးများပေါ်တွင် လိုချင်သလိုပုံနှိပ်လို့လည်းရသဖြင့်
ရှေးခေတ်ကလို စလူယပ်တောင်လေးများကိုအသုံးမပြုကြတော့ပါ။

ကျွန်တော်လက်ထဲက ပလပ်စတစ်ယပ်တောင်အ၀ါနုလေးပေါ်တွင်..
“ မောင်ထွန်းထွန်းဦး နှင့် မကေသီနွယ်..မင်္ဂလာဧည့်ခံပွဲ..(10-12-2010) ..” ဆိုပါလား
ကောင်လေးက ကျွန်တော့်တပည့်ဟောင်းလေးပါ..ခုသူကနိုင်ငံခြားမှာ
ကောင်မလေးက အဖေအမေနဲ့အတူပြန်နေ ပို့သမျှသုံးဖြုန်း..ကောင်းရော..။

နောက်ယပ်တောင်အနီလေးတစ်ချောင်း..
“ မိခင်ကြီး ဒေါ်အေးပုံ (၆၉)နှစ်ပြည့်မွေးနေ့အထိမ်းမှတ်အလှူမ၈င်္လာ (6-8-2011) ..” ပါတဲ့
အမေတစ်ခု..သမီးတစ်ခု..မိသားစုလေးပါ
သမီးက..အသက်လေးဆယ်ကျော် အပျိုကြီးပါ..ဥစ္စာပေါရုပ်ချောပေမဲ့
ရွေးလွန်းတော့ဖင်ချွန်းဆိုသလို..ခုတော့အရွယ်တော်တဆိတ်ဟိုင်းပီမို့
အမေကြီးကိုပဲ..ဂရုတစိုက် ပြုစုနေရှာရသူပါ..ဒါလဲကုသိုလ်ပါပဲလေ..။

လက်စနဲ့..ကျန်တဲ့ယပ်တောင်လေးတွေဆက်ကြည့်ရအောင်..
ဒါကအစိမ်းရောင်လေး..ဘာရေးထာပါလိမ့်..
“ ဦးစိုးသိန်းဝင်း (အောင်နေသွေး) H.G.P;LL.B, B.ed(Q)..(27-11-2010)ကွယ်လွန်သည် ..” တဲ့
အိုး..သူက သူငယ်ချင်းကဗျာဆရာ..အထက်တန်းပြဆရာက အလုပ်ထွက်ရှေ့နေလိုက်နေသူ
စာပေအကြောင်း..နိုင်ငံရေးအကြောင်း..ဆွေးနွေးဖက်..
“ ခရီးသွားလက်မှတ် တစ်စောင်ရခဲ့တယ်..
သွားခွင့်ဗီဇာသာ မီးစာကုန်ဆီခမ်းလု..
ဘယ်အိပ်မက်မှ ဟုတ္တိပတ္တိ မသိမ်းပိုက်နိုင်ခဲ့ ..” တဲ့လား
သွားနှင့်တော့သူငယ်ချင်းရေ..။

နောက်ယပ်တောင်လေးတစ်ချောင်း..အစိမ်းနုလေး..
“ မပိုင်စိုးသူသူ..နာမည်ပေးကင်ပွန်းတပ်မင်္ဂလာ..(4-5-2010) ..” တဲ့
ဒါလေးက..တပည့်လင်မယား နှစ်ယောက်ရဲ့သမီးလေးပါ
အေးပါ..အရာအားလုံး..ပိုင်စိုးနိုင်ပါစေ..သမီးလေးရေ…။

မနေ့တစ်နေ့ကမှ..ရခဲ့တာလေးကြည့်ရအောင်..
“ ကထိန် အလှူတော်မင်္ဂလာ မိခင်ကြီး ဒေါ်ခင်ဝေကိုအမှူးထား၍
သမီးဖြစ်သူ မစန်းညွန့်နွယ်..(25-11-2012) ..”
ကျူရှင်ဆရာမလေးပါ..ကျောင်းတုန်းက..လက်ရေးမလှလို့
ထိပ်ခဏခဏ..ခေါက်ခဲ့ရသူလေး..ခုတော့ အောင်မြင်နေတဲ့ကျူရှင်ပိုင်ရှင်လေးပေါ့
ကထိန်ခင်းတဲ့ကျောင်းကဆရာတော်က ကျွန်တော်နဲ့ရင်းနှီးသူပါ
ရွှေမြို့တော်ဆိုက်မှာလည်း..တရားဓမ္မအတိုလေးတွေ..ပို့စ်ရေးနေတဲ့ဆရာတော်ပါ..။

ဟုတ်ပါရဲ့..လောက၀တ္တရား..သာရေးနာရေးတွေသွားခဲ့ရတာ မနည်းတော့ပါလား
အင်း..ကိုယ့်အတွက်..ယပ်တောင်လေးတစ်ချပ်ဆိုတာကရော..
အနှေးလား..အမြန်လား..
“ အောင်ထက်ရေ..မင်းဘာမှလည်း ဟုတ္တိပတ္တိပြင်ဆင်မထားရသေးပါလား..”

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...