စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကရင့်ရိုးရာ တလပေါ့ဟင်းချက်ကြမယ်

သူငယ်ချင်းတစ်ယောက်က မေရေ ငါ ကရင်ဖြစ်ပြီး ခုချိန်ထိ တာလပေါ့ဟင်းမစားဖူးသေးဘူး။
ချက်လဲ မချက်တတ်ဘူး။ နင်တလပေါ့ဟင်းချက်တတ်ရင် ငါ့ကို ချက်ကျွေးပါလားလို့
ဆိုလာတော့ သူ့ကိုတလပေါ့ဟင်း ချက်ပေးရင်း သူငယ်ချင်းတွေကိုလဲ ကရင့်ရိုးရာ တလပေါ့ဟင်း
ချက်ရအောင်လို့ မျှဝေပေးလိုက်ပါတယ်။
 
တလပေါ့ဟင်းကို အရည်သောက်တာလပေါ့ဟင်းနှင့် နံရံကပ်တလပေါ့(ပျစ်ခဲနေသော) တလပေါ့ဟင်းဆိုပြီး
အရပ်ဒေသအလိုက် ကွဲပြားစွာ ချက်ကြတယ်။အရည်သောက်ဟင်းမှာ ဆန်နည်းနည်း ငါးပိနည်းနည်းနှင့်သာ
ချက်ရပြီ နံရံကပ်တလပေါ့မှာ ဆန်ပါဝင်မှုနှုန်းကလည်းများ ငါးပိပါဝင်မှုနှုန်းကလည်းများကာ
အရသာမှ လေးလေးပင်ပင်နှင့်ဖြစ်သည်။

တလပေါ့ထဲတွင် မိမိနှစ်သက်ရာ ဟင်းရွက်များကို အသုံးပြုနိုင်သည်။  မျှစ်တလပေါ့၊ကင်မွန်းချဉ်ရွက်တာလပေါ့၊
မုန်လာရွက်/သီး တလပေါ့၊ပိန္နဲပေါက်တာလပေါ(ပိန္နဲသီးအစိမ်းကို အခွံနွှာကာခုတ်ထစ်ထားသော)၊
မုန်ညှင်းရွက်တလပေါ့ စသည်ဖြစ် မိမိရရာ အသီး၊အနှံ၊အရွက်များဖြစ် ချက်ပြုတ်ကြပါသည်။

လူသိများသော ကရင်တလပေါ့များမှာ ပူလိမ်ရွက် (ခေါ်)ပိတ်ချင်းရွက် တာလပေါ့၊ ကင်မွန်းချဉ်ရွက် တလပေါ့၊
မျှစ်တလပေါ့ တို့ဖြစ်သည်။

ထမင်းထုပ်လေး ထုပ်ကာ လယ်ယာလုပ်ငန်းခွင်သွားသူ ကရင်မိသားစုအများစုမှာ ထမင်းထုပ်လေးတစ်ထုပ်
ငါးပိဖုတ်လေးတတုံးနှင့် နံရံကပ်တလပေါ့ကိုဟင်းအဖြစ် လယ်ထဲသို့ ယူဆောင်သွားကြကာ
ထိုလယ်ပန်ဝန်ကျင်အနီးအနားမှ သဘာဝအတိုင်းပေါက်ရောက်သည့် ကောက်ရိုးနွယ်၊ရေအိုင်ဘေးမှ မှိုနတို
စသည့် အရွက်များကို ခူးစွတ်ရင်း မိသားစုထမင်းဝိုင်းကို မြိန်ရေယှက်ရေ စားသုံးလေ့ရှိကြသည်။

တလပေါ့ချက်ရန် ပါဝင်သော ပစ္စည်းများ

၁။ မိမိထည့်ဝင်လိုသော အသားတစ်မျိုးမျိုး (ကြက်သား၊ဝက်သား၊ပုဇွန်၊ငါး)
၂။ ဆန်လက်တစ်ဆုပ်စာခန့်
၃။ စပါးလင် တစ်ပင်
၎။ ငါးငပိအစိမ်း (မကျိုချက်ရသေးသော) စားပွဲတင်ဇွန်း တစ်ဇွန်းစာ
၅။မျှင်ငါးပိ ကွမ်းသီးလုံးခန့်
၆။ ငရုတ်ကောင်း ဆယ်စေ့မျှ
၇။ ကြက်သွန်ဖြူ (၃) မွှာ
၈။နံနွင်းမှုနှ်ုအနည်းငယ်
၉။ ဆားအနည်းငယ်
၁၀။ မိမိနှစ်သက်ရာ ဟင်းရွက် 



ချက်ပြုတ်ပုံ အဆင့်ဆင့်
၁။ ဆန်များကို အနည်းဆုံး နာရီဝက်ခန့်ကြိုတင်၍ ရေစိမ်ထားပေးပါ။ အချိုသူများမှာ ဆန်ကိုလှော်၍
တလပေါ့ ချက်ကြသည်။ ယနေ့ မေက ကရင်တလပေါ့ စစ်စစ်ကို ချက်မည် ဖြစ်သောကြောင့် ဆန်ကို
မလှော်တော့ပါ။ ရေနှင့်သာ ကြိုတင်၍ စိမ်ထားလိုက်သည်။

၂။ ရေစင်စင်ဆေးကာ ခုတ်ထစ်ထားသော အသားကို စပါးလင်နှင့် ရေဆူအောင် ပြုတ်ပေးလိုက်ပါ။


၃။ ထိုဟင်းရည်အိုးကို ပြုတ်ထားစဉ် ကြိုတင်စိမ်ထားသော ဆန်များကို ထောင်းထားလိုက်ပါ။
မေကတော့ ကြိတ်စက်ထဲ ထည့်လိုက်တယ်။ ရွာမှာလို ဒုန်းဒုန်းဒိုင်းဒိုင်း ထောင်းနေရင် အိမ်နီးချင်းတွေ
ကွန်ပလိန်းတက်မှာစိုးလို့ပါ။ ဆန်လဲ ထောင်းတာ ညှက်လောက်ပြီ ၊ဟင်းရည်အိုးလဲ ဆူလာပြီး
ဆိုလျှင်တော့ နနွင်းမှုန့်ကို အရင်ထည့် ၊ ထိုနောက် ထောင်းထားသော ဆန်ကို ရေဖျော်ကာ
ဟင်းရည်အိုးထဲ လောင်းထည့်ရပါမည်။

၎။ ဆန်ကို ဟင်းရည်အိုးထဲသို့ လောင်းထည့်ပြီးသည့်နောက်တွင် ဆန်းများစေးကပ်လုံးထွေးမှု
မဖြစ်ရလေအောင် ထိုဟင်းရည်အိုး ပြန်လည်၍ မဆူမချင်း အဆက်မပြန် မွှေထားပေးရပါမည်။

၅။ ဟင်းရည်အိုး တဖန် ပြန်လည်ဆူလာလျှင်တော့ မွှေထားခြင်းမှ ခေတ္တရပ်နားနိုင်ပါပြီ။
ထိုနောက် ဆန်များကျက်လေအောင် အချိန်အနည်းငယ်မျှ ဆက်လက်တည်ထားပေးရပါမည်။
အိုးမကပ်အောင် မကြာ မကြာမွှေပေးပါရန်။
၆။ ဆန်ကျက်ပြီးလောက်ချိန်တွင် မျှင်ငါးပိနှင့် ၊ငါးငပိတို့ကို ရေဖျော်ကာ လောင်းထည့်ပေးလိုက်ရပါမည်။
ငါးပိမကြိုက်လျှင် ငါးငပိမထည့်ကလဲ ရ၏။ ကရင်အများစုကတော့ ငါးပိကြိုက်လို့ များများထည့်တယ်။

၇။ထိုနောက် ငါးပိနံ့သင်းသင်းနှင့် ပွက်ပွက်ဆူနေသော ဟင်းရည်အိုးထဲသို့ မိမိထည့်ဝင်လိုသည့်
ဟင်းရွက်ကို ထည့်လိုက်ပါ။ ဒီနေ့တော့ မုန်ညှင်းရွက်ပဲ ရလို့ မုန်ညှင်းရွက်နဲ့ ချက်ထားပါတယ်။

၈။ ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းကို ထောင်းထည့် ၊ ဆားစသည့် ရသာများကို သင့်တင့်ရုံထည့်ပြီး
အပေါ့အငန် မြည်းကာ အနေတော်ဖြစ်ပါက တလပေါ့ ဟင်းလျာလေးကို ငါးပိထောင်းစပ်စပ်နှင့်
မြိန်ယှက်စွာ စားသုံးနိုင်ပါပြီရှင်။







..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...