စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရွှေတိဂုံစေတီတော် ၂၈ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ် ပူဇော်ပွဲ မသိုးသင်္ကန်းရက်ပြိုင်ပွဲ ကျင်းပ



         ရွှေတိဂုံစေတီတော်၏ ၂၈ကြိမ် မြောက် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲ မသိုးသင်္ကန်းရက်ပြိုင်ပွဲကို နိုဝင်ဘာလ ၂၇ရက်နေ့ ညနေ ၅နာရီ မှ ည၁၀နာရီအချိန်အထိ ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်ရှိ အောင်မြေ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါမသိုးသင်္ကန်းရက် ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ကိုးသင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဗောဓိမဏ္ဍိုင် သန့်ရှင်းရေးနှင့် ဆွမ်းတော်ကပ်အသင်း (ပင်လုံစင်တော်)မှ ပထမဆုရရှိခဲ့ပြီး တနင်္ဂနွေ(ညနေ) သန့်ရှင်းရေးအသင်း (ကေတုမတီစင်တော်)မှ ဒုတိယ နှင့် ရေကြည်တော်ဝတ်အသင်း (ဓည၀တီ စင်တော်)မှ တတိယရရှိခဲ့ကြောင်း သိရသည်။

        ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှဘဏ္ဍာရေးဌာန၊ ဒုဌာနမှူးဦးဟန်တင်က''မသိုးသင်္ကန်းဆိုတာ မြတ်စွာဘုရားရှင် ခွင့်ပြုခဲ့တဲ့ သင်္ကန်းတွေ ထဲမှာ ကထိန်လျာသင်္ကန်း ဆိုတာပါတယ်။ ကထိန်လျာသင်္ကန်း ပါတဲ့အထဲမှာ  မသိုးသင်္ကန်းက ကထိန်လျာသင်္ကန်း နဲ့တစ်တန်းတစ်စားထဲ မြတ်စွာဘုရားက ခွင့်ပြုပေးတဲ့သင်္ကန်းပေါ့။ ဒါကို တို့က ရွှေတိဂုံကုန်းတော်ပေါ်မှာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြန့်ပွားရေးနဲ့ သာသနာတော်ကြီး အကျိုးရှိရေးအတွက် ရည်ရွယ်ပြီး အခုလို မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ ကျင်းပခြင်းဖြစ်ပါတယ်။ပြီးတော့ မြန်မာ့ရိုးရာ ရက်ကန်းပညာကို  နောင်လာနောက်သားတွေ သိဖို့နဲ့ ရက်ကန်းပညာရဲ့ အမွေအနှစ်ကို ထိန်းသိမ်းဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ကျင်းပတာပါ။ အခုဒီလို ကျင်းပပြုလုပ်နိုင်တယ်ဆို တာကလည်း ရဟန်းရှင်လူပြည်သူတွေ ထည့်ဝင်လှူဒါန်းမှုတွေနဲ့ အခု လိုပြုလုပ်တာဖြစ်တဲ့အတွက် လှူဒါန်းသူအားလုံးဟာ မသိုး သင်္ကန်းရဲ့ဒါယကာ၊ ဒါယကာမ တွေဖြစ်ပါတယ်''ဟု ပြောပြခဲ့ပါသည်။

        ပြိုင်ပွဲတွင်ပထမရရှိသည့် အသင်းအား ဆုငွေကျပ်သုံးသိန်း၊ ဒုတိယရရှိသည့်အသင်းအား နှစ်သိန်း ငါးသောင်းကျပ်နှင့် တတိယရရှိသည့် အသင်းအား ဆုငွေ နှစ်သိန်းကျပ် ချီးမြှင့်ခဲ့ပြီး ကျန်အသင်းများအား နှစ်သိမ့်ဆုများ ချီးမြှင့်ခဲ့ကြောင်းသိရ သည်။
ရက်ကန်းတစ်စင်တွင် ပါဝင် ယှဉ်ပြိုင်သူဦးရေ ၆ဦး သတ်မှတ် ထားကြောင်း သိရပြီး ပဲခူးတိုင်း၊ က၀မြို့နယ်၊ ကျားတက်ကျေးရွာမှ လာရောက်ယှဉ်ပြိုင်သူ ရက်ကန်းရက်ဆရာ  မမာမာရီက'' အရင်တုန်းက တစ်ခါမှ အခုလို လာရောက်ယှဉ်ပြိုင်ဖူးခြင်း မရှိပါဘူး။ ရက်ကန်းရက်လာတာ ၁၇နှစ်လောက်ရှိပါပြီ။ ဆုရတာ မရတာထက် ကိုယ်တက်ထားတဲ့ ပညာလေးနဲ့ လာရောက်ယှဉ်ပြိုင်ခွင့်ရတာကိုပဲ ၀မ်းသာမိပါတယ်''ဟု ပြောကြားခဲ့ပါသည်။

          ပြိုင်ပွဲတွင် ရက်လုပ်ပြီး မသိုးသင်္ကန်းများအား တပ်မတော်ချည်မျဉ် နဲ့ အထည်စက်ရုံ(သမိုင်း)နှင့် စက်မှု ၀န်ကြီးဌာန အထည်အလိပ်လုပ်ငန်းမှ ကျွမ်းကျင်သူများက လာရောက် စစ်ဆေးမှုများပြုလုပ်ပြီး လျို့ဝှက်မဲပေးစန်ဖြင့်  ဆုများအား ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပါဝင်ယှဉ်ပြိုင်သည့် အသင်း ကိုးသင်းမှာ အင်္ဂါသမာဓိအသင်း၊ ဓမ္မဂုဏ်ရောင်ဝတ်အသင်း၊ တနင်္ဂနွေ (ညနေ)သန့်ရှင်းရေးအသင်း၊ စေတနာရှင် ဆွမ်းတော်ကပ်အသင်း၊ ရေကြည်တော်ဝတ်အသင်း၊ ဗုဒ္ဓဟူးညနေ သန့်ရှင်းရေးအသင်း၊ ဗုဒ္ဓသာသနဟိတအသင်း၊ ရှင်အဇ္ဇဂေါဏသာသနာပြုအသင်း၊ ဗောဓိမဏ္ဍိုင်သန့်ရှင်းရေး နှင့် ဆွမ်းတော်ကပ်အသင်းတို့ ဖြစ်ကြသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...