စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အကြွေးရဲ့ နောက်ဆက်တွဲဆိုးကျိုး

November 7

အကြွေးတဲ့… ဥစ္စာကြွေး၊ ၀ဋ်ကြွေး နုတ်ကြွေး အကုသိုလ်ကြွေး စသည်ဖြင့် အကြွေးဆိုတဲ့ အမည်တွေက ပေါမှပေါ။

အကြွေးရဲ့သဘောက ပြန်ပေးဆပ်ရလျှင် အရင်းရော အတိုးရောပါ ပေးဆပ်ရတဲ့ သဘာဝရှိပါတယ်၊
အကြွေးများလေ ပေးဆပ်ရမှုက များပြားလေပါပဲ။ ဘာကြွေးပဲ ဖြစ်ဖြစ်ပေါ့..။

ဘာကြောင့် ကြွေးယူကြရတာလဲဆိုတော့ ကိုယ့်မှာ လိုအပ်ချက်တွေ ရှိနေလို့ပါ၊ ဥစ္စာမဲ့နေ ဥစ္စာမွဲနေလို့, ဥစ္စာတွေ မချမ်းသာလို့ပေါ့။

အဲသလို ဥစ္စာမဲ့နေသူတွေက ဥစ္စာနဲ့ပြည့်စုံသူတွေထံမှာ အကြွေးယူကြပါတယ်၊ အဲဒီလို အကြွေးယူမှုဟာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲစရာကောင်းလှပါတယ်။

အကြွေးယူပြီးတော့ အတိုးပေးဆပ်ဖို့ပါ ၀န်ခံကတိပေးကြရပြန်တယ်၊ အဲသလို အတိုးပေးဖို့ ၀န်ခံရတာဟာလဲ ဘယ်သူမှ စိတ်ချမ်းသာမှာ မဟုတ်ပါဘူး။

အကယ်၍များ အတိုးပေးမယ်ဝန်ခံပြီး ပေးဆပ်သင့်တဲ့ အချိန် မပေးနိုင် မဆပ်နိုင်ပြန်တော့ ကြွေးရှင်ရဲ့ မညှာမတာအပြောအဆိုတွေနဲ့ တောင်းဆိုမှုကို ခေါင်းငုံ့ပြီး ခံရတဲ့ ဒုက္ခကြီး ကြုံတွေ့ရပြန်ရော။

တစ်ချို့ဆို ဘယ်လိုပြောပြော ဘယ်လို ကြိမ်းမောင်းပြီး တောင်းသော်လည်း အကြွေးတွေ ပြန်ဆပ်နိုင်စွမ်း မရှိကြပါဘူး၊ အဲဒီလို အကြွေးပြန်မဆပ်နိုင်သူတွေကတော့ ကြွေးရှင်တွေက အမြဲတမ်း နောက်ကနေ တကောက်နဲ့ လိုက်လံတောင်းရမ်းခြင်းကို ခံရပြန်တယ်။

ဘယ်လိုတောင်းတောင် မပေးနိုင်သူအတွက်တော့ ဖမ်းချုပ်မှု တုပ်နှောင်မှုတွေက သူ့အတွက် နောက်ဆက်တွဲ ဆိုးကျိုးဒုက္ခ ထပ်ပြီးတော့ ပေါ်ပေါက်လာပြန်တာပေါ့။ ဒါကတော့ ဥစ္စာမွဲသူတစ်ယောက်က လောကအကြွေးယူမှုရဲ့နောက်ဆက်တွဲ ဆိုးကျိုးပါပဲ၊

အဲသလိုပါပဲ…သာသနာ့ရှုထောင့်ကနေ ကြည့်ရင် တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်ဟာ အပြစ်ကင်းစင် ကုသိုလ်တရားတွေမှာ
၁။ ရတနာသုံးပါးမှာ ယုံကြည်သက်ဝင်တတ်တဲ့ သဒ္ဓါတရားမျှလောက်တောင် မရှိ၊ (ယုံကြည်မှုမရှိ)
၂။ ဒုစရိုက်အကုသိုလ်တရားတွေကို ပြုဖို့ ရှက်ခြင်းဆိုတဲ့ ဟိရိတရား သော်မှလည်း မရှိ။ (အရှက်မရှိ)
၃။ ဒုစရိုက်အကုသိုလ်တရားတွေကို လန့်ခြင်းဆိုတဲ့ သြတပ္ပတရား သော်မှလည်း မရှိ။ (အကြောက်မရှိ)
၅။ ထထကြွကြွကာယိက၀ီရိယသော်မှလည်း မရှိ။ (အားထုတ်မှုမရှိ)
၆။ ကံသာလျှင်ကိုယ်ပိုင်ဥစ္စာပဲ ဆိုတဲ့ ပညာသော်မှလည်း မရှိ။ (အသိဉာဏ်မရှိ)
အဲဒီတရား ခြောက်ပါး မရှိတဲ့ သူဟာ ပစ္စည်းတွေ ဘယ်လောက်ရှိရှိ လူမွဲပါပဲ၊ လူဆင်းရဲပါပဲတဲ့..

ကုသိုလ်တရားတွေမှာ ယုံကြည်မှုသဒ္ဓါပါးခဲ့မယ်ဆိုရင်၊ ဒုစရိုက်တွေကို ပြုဖို့ အရှက်တရားကင်းခဲ့မယ်ဆိုရင်၊ ဒုစရိုက်တွေလုပ်ဖို့ ထိတ်လန့်ကြောက်ရွံ့မှု နည်းခဲ့မယ်ဆိုရင်၊ ကုသိုလ်ရဖို့ အားထုတ်မှုတွေ ခေါင်းပါးခဲ့မယ်ဆိုရင်၊ အသိဉာဏ်ပညာ ဆွံ့ရှားခဲ့မယ်ဆိုရင်…

ကိုယ့်နဲ့လည်း မကောင်းမှုတွေ ပြုမိမယ်၊ စကားနဲ့လည်း မကောင်းတာတွေ ပြောမိမယ်၊ စိတ်နဲ့လည်း မဟုတ်တာတွေ မတရားတာတွေ ကြံစည် ထင်တိုင်းပြုကျင့်တော့တာပေါ့… အဲဒီလိုလုပ်လိုက်တာဟာ တရားခြောက်ပါး မွဲနေသူ ကြွေးယူလိုက်တာပါပဲ။

ငါ့ရဲ့ ကိုယ် နုတ် စိတ်တွေနဲ့ လုပ်နေတဲ့ မကောင်းမှု ဒုစရိုက်တွေကို အခြားသူတွေ မသိစေချင်တဲ့ (ကိုယ့်အကြောင်း မသိစေချင်တဲ့) ဖုံးကွယ်မှုဆိုတဲ့ စိတ်အညံ့စားလေးဖြစ်လာတတ်ပါတယ်။ စိတ်လေးတင်မက အတွေးပေါက်ကလာတဲ့ ဖုံးကွယ်ဖို့လဲ ပြောထွက်လာတယ်၊ သူ့အကြောင်း လူမသိစေရအောင် ကာယကံမြောက်လဲ လုပ်တတ်ပါတယ်။ အဲဒါဟာ အကြွေးရဲ့ အတိုးယူမှု အတိုးတွေ ပွားနေမှုပါပဲတဲ့..။

ဘယ်လိုပဲ ဖုံးကွယ် ဖုံးကွယ် ကိုယ်နဲ့ ရင်းနှီးသူတွေက ကိုယ့်အကြောင်းသိသူတွေက " ဒီကောင် ဒီအကျင့်မျိုး ဒီလိုအလုပ်မျိုး ဒီလိုဝသီမျိုးကို ရှိတယ်" လို့ ပြောဆိုကြလေတော့ ကြွေးတောင်းခံရတာနဲ့ အတူတူပါပဲ။

ခုနပြောခဲ့တဲ့ တရားတွေ တနည်းသူတော်ကိုယ်ပိုင်ဥစ္စာတွေ ပါးနေသူ ရှားနေသူ မွဲနေသူဟာ တောထဲမှာပဲနေနေ၊ သစ်ပင်အောက်မှာပဲ သီးတင်းသုံးသုံး၊ ဆိပ်ငြိမ်ရာမှာပဲ ရောက် ရောက်.. နေချင်တဲ့ နေရာနေ ရောက်ချင်တဲ့ နေရာရောက် သူ့နောက်က အရိပ်မည်းအဖြစ် နှလုံးမသာမယာမှု ယုတ်ညံ့တဲ့တွေးခေါ်မှုအလိုဆိုးတွေ တပြုံးကြီးလိုက်နေမှာပါ၊ အဲဒါဟာ ကြွေးရှင်တွေ လိုက်လံ အကြွေးတောင်းနေတာပါပဲ။

နောက်ဆုံး ကိုယ်နဲ့ နုတ်နဲ့ စိတ်နဲ့ လုပ်ခဲ့မိတဲ့ ဒုစရိုက်အကုသိုလ်အကြွေးတွေနဲ့ ဘ၀တစ်ခု ချုပ်ငြိမ်းခဲ့မယ်ဆိုရင် နောက်ဘ၀မှာ ငရဲ၊ တိရစ္ဆာန် စတဲ့ ထောင်တွင်းမှာ အကျဉ်းချခံရမှာ သေချာပါတယ်။ ဒါဟာ အကြွေးရဲ့ အကျိုးဆက်ပါပဲ..။

ပကတိဥစ္စာအကြွေးက လူကို ဒုက္ခအမျိုးမျိုး စိတ်ဆင်းရဲမှု အဖုံဖုံ ဖြစ်စေသလို အကုသိုလ်အကြွေး ဒုစရိုက်အကြွေးဟာလဲ ဘ၀မှာ ဒုက္ခအမျိုးမျိုး စိတ်ဆင်းရဲမှု အဖုံဖုံ ဖြစ်စေပြီး အပါယ်ထောင်ထဲပါ တွန်းပို့နိုင်ပါတယ်။

ငရဲဘ၀ဆိုတဲ့ ထောင်၊ တိရစ္ဆာန်ဘ၀ဆိုတဲ့ အချုပ်ဟာ ပကတိအချုပ်ထောင်ထက်ကို ပိုပြီး ကြမ်းတမ်းပါတယ်၊ ခံစားမှုကစူးရှလွန်းလှပါတယ်၊ ဒီထောင်တွင်းကို ရောက်သွားသူများဟာ ယောဂလေးပါးဘေးတို့ရဲ့ လွတ်မြောက်ရာ အရဟတ္တမဂ်ဖိုလ်ရဖို့ အခွင့်အရေးတွေအတွက် မလွယ်ကူတော့ဘူး။ ဒါဟာ ကြီးကျယ်တဲ့ ဆုံးရှုံးနစ်နာမှုပါပဲ။

မြတ်စွာဘုရားကတော့ ငရဲဆိုတဲ့ထောင် တိရစ္ဆာန်ဆိုတဲ့ထောင်လောက် ကြမ်းတမ်းတဲ့ထောင်၊ ခံစားမှုခါးသီးတဲ့ထောင် ကို သဗ္ဗညုတဉာဏ်နဲ့ ကြည့်တောင် မမြင်တော်မူဘူးလို့ မိန့်တော်မူပါတယ်။

ဒါကြောင့် ငရဲ တိရိစ္ဆာန်ထောင်ထဲကို ရောက်သွားစေနိုင်တဲ့ အကုသိုလ်အကြွေးတွေကို မယူမိစေဖို့ သတိထားရမှာပေါ့…

♣♣ စာကိုး…ဆက္ကနိပါတ် အင်္ဂုတ္တိုရ်၊ ဣဏသုတ္တံ၊ ဗုဒ္ဓကိုယ်တိုင်ဖြေကြားခဲ့ရသော
 မေးခွန်းနှင်ပြဿနာများ(ဒဂုန်ဦးစန်းငွေ)….


♣♣ ပုံပိုင်ရှင် အမည်မသိပါ။ အသုံးပြုခွင့်ပေးပါရန် မေတ္တာရပ်ခံလိုက်ပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...