စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စစ်ကိုင်းငလျင်ကြောကို ပထမဆုံးတွေ့ရှိ ဖော်ထုတ်နိုင်ခဲ့သူဘူမိဗေဒပညာရှင် ဒေါက်တာဝင်းဆွေနှင့်တွေ့ဆုံခြင်း

 စစ်ကိုင်းငလျင်ကြောကို ပထမဆုံးတွေ့ရှိ ဖော်ထုတ်နိုင်ခဲ့သူဘူမိဗေဒပညာရှင် ဒေါက်တာဝင်းဆွေနှင့်တွေ့ဆုံခြင်း

        ကမ္ဘာပေါ်တွင် အကြီးဆုံးသက်ရှိမြေငလျင်ပြတ်ရွှေ့ကြောများထဲမှ တစ်ခုအပါအ၀င်ဖြစ်သော ကီလိုမီတာ ၁၀၀၀ ခန့်ရှည်သော စစ်ကိုင်းငလျင်ကြောကို ဘူမိဗေဒပညာရှင်ဒေါက်တာဝင်းဆွေက ၁၉၆၉ ခုနှစ်တွင် စတင်တွေ့ရှိပြီး ဖော်ထုတ်နိုင်ခဲ့သည်။

စစ်ကိုင်းငလျင်ကြောပေါ်တွင်လှုပ်ခဲ့သောပြင်းအား ၆ ဒသမ ၈ ရှိ ငလျင်နှင့်ပတ်သက်၍ ဒေါက်တာဝင်းဆွေကိုတွေ့ဆုံမေးမြန်းထားသည်များမှ
 ကောက်နုတ်ဖော်ပြလိုက်ပါသည်။

အခုရွှေဘိုငလျင်နဲ့ပတ်သက်ပြီး အဘရဲ့အမြင်ကို သိလိုပါတယ်။

အခုငလျင်က ကျွန်တော့်အမြင်က တစ်နည်းအားဖြင့် ပြောရရင် ကျွန်တော်တို့ ကံကောင်းတယ်ဗျ။
ကံကောင်းတယ်ဆိုတာက လူနေနည်းတဲ့ဒေသမှာ လှုပ်လို့။ နောက်ပြီး ဒီမြေငလျင်က သိပ်ပြီး ရှယ်လိုး(မြေအတိမ်) ဖြစ်တယ်လေ။
မြေငလျင် ဗဟိုချက်ကတိမ်ရင် ပိုပြီးအန္တရာယ်များတယ်။

ဒီထက်ကြီးတဲ့ငလျင်တွေ စစ်ကိုင်းမြေငလျင်ကြောမှာ အရင်တုန်းက လှုပ်ခဲ့တယ်။ ဒီငလျင်က အဲဒီအဆင့်တွေတော့ မမီဘူး။ဒါပေမဲ့ သူများနိုင်ငံမှာဆိုရင် ဒီလောက်အင်အားဆိုရင် တော်တော်လေး ခံရတယ်။ အခု ငလျင်က ပုဂံမှာလှုပ်တဲ့ ငလျင်နဲ့
ပမာဏ မတိမ်းမယိမ်းပဲ။ သပိတ်ကျင်းမြို့ကမြေငလျင်ကြောတည့်တည့်ဖြတ်သွားတဲ့နေရာ။

တိုက်တိုက်ဆိုင်ဆိုင်ဒီနားမှာလာပြီးလှုပ်တော့ သပိတ်ကျင်းဆို မြေငလျင်ကြော တစ်လျှောက်မှာ ရွေ့တဲ့ဒဏ်လည်းခံရတယ်။
ငလျင်လှိုင်းက ထွက်လာတဲ့ လှုပ်တဲ့ဒဏ်ကိုလည်း ခံရတယ်။ ရတနာသိင်္ဃတံတားဆိုရင်လည်း အရှေ့ဘက်မှာအဓိကငလျင်ကြောရှိတယ်။ ငလျင်ကြောနဲ့ သိပ်ပြီးတော့နီးတယ်။ ငလျင်ကြောကတောင်နဲ့မြောက်နဲ့ဖြတ်တာ။
ငလျင်လှုပ်တာလည်း တောင်မြောက်ဘေးတိုက်လှုပ်တာမှာ တံတားက အရှေ့အနောက် ကန့်လန့်ဖြတ်ကြီးဆိုတော့ပိုပြီးတော့ အခြေအနေ ဆိုးတယ်။ အပြိုင်ဆိုရင်တော့ သက်သာမယ်။

အားလုံးကိုခြုံလိုက်ရင် မန္တလေးနဲ့နီးရင်သော်လည်းကောင်း၊ စစ်ကိုင်းနဲ့နီးရင်သော်လည်းကောင်း မြို့ကြီးကြီးနဲ့နီးရင်ပျက်စီးဆုံးရှုံးမှု ပိုများမယ်။ လူလည်း သေတာပိုများမယ်။ နောက်ဆက်တွဲငလျင်တွေကတော့ တောင်ဘက်ကို
လိုက်လာတယ်။ မြောက်ဘက်ကိုလည်း သွားတယ်။ ဘေးတိုက်တောင်ဘက်ကိုရော မြောက်ဘက်ကိုရော ရွေ့တဲ့သဘောရှိတယ်။

အဲ့ဒီလို နောက်ဆက်တွဲ မြေငလျင်ငယ်တွေကတော့ လာနိုင်သေးတယ်။မူလ မြေငလျင်ဗဟိုချက်နားကို
ဟုတ်ချင်မှဟုတ်မယ်။ တောင်ဘက်ဖြစ်ချင်ဖြစ်မယ်။ မြောက်ဘက် ဖြစ်ချင်ဖြစ်မယ်။
ဒီငလျင်ကစစ်ကိုင်းနားမှာလှုပ်ရင်မန္တလေးမသက်သာဘူး။ စစ်ကိုင်း၊ မန္တလေးအောက်ဆိုရင်လူနေက ပိုသိပ်
သည်းလာတာလေ။

မြေငလျင်ပညာရှင်တွေ ပူပန်နေတဲ့ ပဲခူးအနီးတစ်ဝိုက်နဲ့ အောက်ပိုင်းမှာ ဒီလောက်အင်အားရှိတဲ့ ငလျင်လှုပ်ခဲ့ရင်
ဘယ်လိုဖြစ်မယ်ထင်လဲ။
ပဲခူးလှုပ်ရင် တော်တော်လေး စိုးရိမ်ရတယ်။ အရင် ပဲခူးမှာလှုပ်တာ 7.3 ပေါ့ဗျာ။
သူများ နိုင်ငံမှာလည်း အဲဒီလောက်ဆို တော်တော်လေး ခံနေရပြီ။ ဘာလို့လဲဆိုတော့ မြေငလျင် ဗဟုသုတသိပ်မရှိဘဲနဲ့ဆောက်တာတွေကလည်း အများကြီး။ ငလျင်မလှုပ်တာကြာလို့ အိုနေတဲ့ အဆောက်အအုံတွေကလည်း ရှိသေးတယ်ဗျ။

ဒီငလျင်လှုပ်ပြီးတဲ့နောက်မှာ ပြည်သူကို သတိပေးချင်တာ ပူပန်တာမျိုးကောရှိလား။

သပိတ်ကျင်းဒေသဘက်မှာရှိတဲ့ ရွှေတူးတာတွေနဲ့ ပတ်သက်လို့တော့ စိုးရိမ်တယ်။ မြေအောက်မှာ လုံလုံခြုံခြုံ မဟုတ်လို့ရှိရင်အန္တရာယ်များတယ်။ နိုင်ငံခြားမှာတော့ မြေအောက်ကို တူးပြီဆိုရင် ကျကျနန ခိုင်ခိုင်ခံ့ခံလုပ်တယ်။ဒီမှာကတော့ မြေငလျင်က နေ့တိုင်းလှုပ်တာမဟုတ်တော့ မေ့မေ့လျော့လျော့လုပ်ကြလိမ့်မယ်လို့ ထင်တယ်။မြေငလျင်အတွေ့အကြုံ သိပ်မရှိကြတော့ ဖြစ်ကတတ်ဆန်းလုပ်ကြလိမ့်မယ်လို့ထင်တယ်။
သပိတ်ကျင်း ဟိုဘက်က ရွှေတူးတာများလို့ အဲဒါလေးပဲ ကျွန်တော်စိုးရိမ်တယ်။

အဘက စစ်ကိုင်းငလျင်ကြောကို ပထမဆုံးတွေ့ရှိခဲ့တာဖြစ်တယ်။
ဒီငလျင်ကြောနဲ့ ပတ်သက်ပြီး အများကြီးလည်း လေ့လာခဲ့ဖူးတော့ အခုငလျင်ကြီးတစ်ခုလှုပ်ပြီးသွားပြီ။
စစ်ကိုင်းငလျင်ကြောမှာ အရင်က ငလျင်ကြီးတစ်ခု လှုပ်ပြီးလျှင် နောက်ထပ်ငလျင်ကြီးတစ်ခုနှစ်အနည်းငယ်အတွင်းမှာ လှုပ်ဖူးလား။

ငလျင်အကြီးကြီး လှုပ်မယ်ဆိုရင် အင်အားအများကြီးစုရတယ်ဆိုတော့ အကြာကြီးစုရတဲ့ သဘောရှိတယ်။
တစ်ခါတလေ ကျတော့လည်း အကြီးကြီးမဟုတ်ဘဲ အလတ်စားတစ်ခုလောက် ဖြတ်ပြီးတော့ လှုပ်တာမျိုးလည်း ရှိတတ်တယ်။တစ်ခါတည်းတော့ တစ်ခါလှုပ်ဖူးရင်နောက်ပြန်လှုပ် မလားဆိုတာ မြေငလျင်ပညာရှင်တွေ ဘူမိပညာရှင်တွေတိုင်းတာတွက်ချက် လေ့လာနေကြတုန်း။

တချို့ဟာတွေကျတော့နှစ်ထောင်နဲ့ချီတယ်။ တချို့ဟာတွေကျတော့ နှစ်ရာနဲ့ချီတယ်။
အတိုင်းအတာ အများကြီး ကွာကြတယ်။ အရေးကြီးတာက ကြိုတင်ပြင်ဆင်မှုပဲ။ ဂျပန်မှာလို ငလျင် ဒဏ်ခံနိုင်အောင်အဆောက်အအုံတွေကိုဆောက်ဖိုနောက်ငလျင် လှုပ်ရင် ငလျင်ဒဏ်ခံနိုင်တဲ့အခန်းကိုသိပြီးအမြန်သွားနိုင်ဖို့ပြင်ဆင်တာ မျိုးတွေလိုတယ်။ ခုနောက်ပိုင်း လူနေသိပ်သည်းလာတယ်။ အဆောက်အအုံတွေကလည်း အများကြီးများလာတယ်။

မြို့ကြီးပြကြီးတွေဆိုရင် မြေငလျင်လှုပ်ရင် ၀ါယာရှော့ခ်တွေ ဘာတွေဖြစ်၊ ဓာတ်ငွေ့လိုင်းတွေ ဘာတွေပိတ်ပြီးတော့မီးလောင်တတ်တယ်။ ငလျင်လှုပ်လို့ပျက်စီးတာထက် မီးလောင်လို့ ပျက်စီးတာက ပိုဆုံးရှုံးတယ်။ငလျင်လှုပ်ပြီးရင် မီးလောင်တာနောက်ဆက်တွဲ ပါစမြဲပဲ။ အခု ဘယ်မှာမီးမှမတောက်ဘူးဗျ။ အဲ့ဒါလူနေနည်းလို့။

လူတွေကတော့ ပြောတယ်။ ဒီလောက်ပျက်စီးတာ တစ်ခါမှ မမြင်ဖူးဘူးလို့။
ကျွန်တော့်အမြင်က ပြောရရင် ကံတော်တော် ကောင်းတယ်ထင်တယ်။ လူနေနည်းလို့။
ဘာကြောင့်လဲဆိုတော့ ဒီမြေငလျင်ကြောတစ်လျှောက်ကတော့ ဖြစ်မှာပဲ။ ဘယ်တော့ ဖြစ်မယ်သာ မပြောနိုင်တာ။အရမ်းဖြစ်ခဲ့ဖူးတယ်ဗျာ။ ဖြူးကို လှုပ်ခဲ့ဖူးတယ်ဗျာ။ ဆွာမှာ လှုပ်ခဲ့ဖူးတယ်ဗျာ။ ပဲခူးဆို အကြိမ်ကြိမ်လှုပ်ခဲ့ဖူးတယ်ဗျာ။

လူတွေက မြေငလျင်ကြီးနဲ့ နဖူးတွေ့ဒူးတွေ့ကြုံပြီးတဲ့နောက်မှာ မြေငလျင်အန္တရာယ်ကို တော်တော်ကြောက်လာတယ်။


မြေငလျင်နဲ့ပတ်သက်ပြီး ပြည်သူတွေကို ဘာများ အကြံပြုချင်ပါသလဲ။

အကြီးကြီးတစ်ခုလှုပ်ပြီးရင် သူ့လောက်တော့မကြီးတော့ဘဲနဲ့ နောက်ဆက်တွဲငလျင်တွေတော့ လှုပ်တတ်တယ်။ဒါကြောင့် ဒီငလျင်သည် အဓိက ငလျင်ဆိုရင် နောက်ဟာတွေက သူ့ထက်နည်းသွားဖို့ပဲရှိတယ်။အခုလှုပ်တဲ့ ငလျင်သည် ပရင်စီပယ်ရှော့(အဓိကငလျင်) လို့ပဲ ထင်တယ်။ နောက်ဆက်တွဲ ငလျင်တွေတော့ လာတော့လာမယ်၊


ပထမဟာလောက်တော့ ကြီးစရာ အကြောင်းမရှိဘူး။ အခြားသော အလားတူနည်းမျိုးနဲ့ တွက်မယ်ဆိုရင်
ဒီငလျင်က ရှေ့ပြေးငလျင်ပဲဆိုရင် သူ့ထက်ကြီးတဲ့ကောင်က လာရဦးမယ်ပေါ့။ ကျွန်တော့်အနေနဲ့တော့ ထင်ပါတယ်။ဒီလိုငလျင်မျိုးမလာတာကြာပြီဆိုတော့ဒါသည်အကြီးဆုံးဖြစ်ပြီးတော့
 နောက်သေးတာလေးတွေလောက်ပဲဒုက္ခမပေးနိုင်တာတွေပဲ လာလိမ့်မယ်လို့ ထင်တယ်။ နင်လားငါလား စိုးရိမ်ရင် စိုးရိမ်စရာတော့မရှိဘူး။


လုံးဝစိုးရိမ်စရာ မရှိဘူးလည်း မဟုတ်ဘူး။ နောက်ဆက်တွဲ မြေငလျင်ဆိုပေမယ့် ပထမလှုပ်တဲ့
ဒဏ်ကြောင့် ပျက်ထားတဲ့အိမ်က အပေါ်မှာတင်နေတာမျိုးဆိုရင် နောက်ထပ် နည်းနည်းလေးလှုပ်လိုက်ရင်
သူက ပြုတ်ကျဦးမှာပဲလေ။ အဲဒီလိုအပေါ်ကနေ ပြုတ်ကျနိုင်တဲ့ အရာတွေရှိနိုင်တဲ့ နေရာမျိုးတော့ ရှောင်ပေါ့ဗျာ။
အပေါ်က ပြုတ်ကျစရာမရှိတဲ့နေရာမှာ လောလောဆယ် သွားနေလိုက်ရင် ဘာမှမဖြစ်နိုင်တော့ဘူး။

ဒီငလျင်အတွေ့အကြုံကနေ အစိုးရကို ဘာများအကြံပြုချင်ပါသလဲ။

သဘာဝဘေးအန္တရာယ်တစ် ခုကျရောက်လာပြီဆိုရင် အဲဒါကို သိပ္ပံနည်းကျ စုံစမ်းစစ်ဆေးရေး လုပ်ဖို့လိုတယ်။နည်းပညာအရရော၊ လူမှုရေးအရဆိုလည်း နောင်ဒီလိုမျိုးတွေဖြစ်လာရင် ဘယ်လိုလုပ်ရမယ်ဆိုတာ ပညာပေးနိုင်ဖို့၊သင်ခန်းစာယူနိုင်ဖို့၊ အချက်အလက်တွေ ကောက်ဖို့တော့ လိုတာပေါ့ဗျာ။

ဒီလိုမြေငလျင်မျိုးဆိုတာ လူကလှုပ်လို့ရတာမျိုး မဟုတ်ဘူး။ လှုပ်တုန်းလေးကို သွားကြည့်ပြီးတော့ သိပ္ပံနည်းကျအချက်အလက်ကောက်ယူတာရော၊ လူမှုသိပ္ပံနည်းကျ အချက်အလက်တွေ ကောက်ယူတာမျိုးတွေ၊
နောင်ဖြစ်လာရင် ဘယ်လို စီမံခန့်ခွဲရမယ် ဆိုတာ အိုင်ဒီယာတွေရလာအောင် သေသေချာချာ လေ့လာသင့်တာ အမှန်ပဲ။

အခုလည်း အစိုးရကဖြစ်ပြီးပြီးချင်း ဒုတိယသမ္မတ ချက်ချင်းဆင်းသွားပြီးကြည့်တာမျိုးကြားတော့ ၀မ်းသာပါတယ်။အင်ဒိုနီးရှားတုန်းကဆိုရင် ငလျင်လှုပ်ပြီးတော့ တစ်ကမ္ဘာလုံးက ၀ိုင်းလာကြတာ။ လေ့လာချင်လို့။တာလေတုန်းကလည်းမြေငလျင်အသင်းကသွားတော့ သိပ္ပံနည်းကျ အချက်အလက်တွေရတယ်။နောင်အတွက် အများကြီး အသုံးဝင်တယ်။

ကျေးဇူးတင်ပါတယ်။ ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...