စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လူ့တန်ဖိုးဆိုတာ ဘာလဲ။ What is human value?

( ၁ )

လူ့တန်ဖိုးဆိုတာ ဘာလဲ။ What is human value?

ဒီမေးခွန်းကလေးက အင်မတန်မှ ကောင်းသည်။ ကမ္ဘာပေါ်ရှိလူ့အဖွဲ့အစည်း အသီးသီးတွင် လူ့တန်ဖိုး (human value) မြင့်မားသည့် ပုဂ္ဂိုလ်များကိုသာ နေရာပေး၊ အလေးပေး၊ အမွန်အမြတ် ထားတတ်ကြသည်။ ထို့လူ့တန်ဖိုးဟု ဆိုရာတွင်လည်း ၄င်းတို့၏ အသီးသီး အသက စံသတ်မှတ်ချက်များဖြင့် စံထားရွေးချယ် သတ်မှတ်လေ့ရှိကြ သည်။
အသိပညာဥာဏ်မြင့်မား၍ ဖွံ့ဖြိုးပြီးနိုင်ငံကြီး (developed Country)များတွင် လူ့တန်ဖိုးဟူ သည်ကို
- လူသားဆန်မှု
- ပညာဥာဏ် ပြည့်ဝမှု
- ပညာတတ်မြောက်မှု
- ယဉ်ကျေးပျူငှာမှု
- လူ့အဖွဲ့အစည်းအပေါ် အကျိုးကျေးဇူးတစ်စုံ တစ်ရာပြုနိုင်မှု
- စာဖတ်ရှုမှုနှုန်း
- အနုပညာကို ခံစားနိုင်မှု စွမ်းရည်
စသည်ဖြင့် စံထားသတ်မှတ် တိုင်းတာလေ့ရှိကြသည်။
သို့သော် ဆင်းရဲမွဲတေမှုအပါ အဝင် ပြဿနာမျိုးစုံဖြင့် ဖွံ့ဖြိုးတိုး တက်မှု နောက်ကျကျန်ရစ်နေခဲ့သော ဖွံ့ဖြိုးဆဲနိုင်ငံများတွင်မူ လူ့တန်ဖိုး ဆိုသည်ကို
- ငွေကြေးဥစ္စာ ဓနအင်အား
- ရာထူးဂုဏ်သိမ်အရှိန်အဝါ
- ဇာတ်အနိမ့်အမြင့်
- ဆွေမျိုးမိဘ မိသားစု နောက်ခံ အဆင့်အတန်း စသည်တို့ဖြင့် စံထား သတ်မှတ် တိုင်းတာ လေ့ရှိ ကြသည်။
ဆိုလိုသည်မှာ ဖွံ့ဖြိုးပြီးနိုင်ငံ ကြီးများတွင် လူ့တန်ဖိုးဆိုသည်ကို လူတစ်ယောက်၏ ရရှိထားသော ဘွဲ့ဒီဂရီ၊ ပညာ တတ်မြောက်မှု၊ အသိ ပညာ ပြည့်ဝမှု၊ တစ်လ အတွင်း စာအုပ်အသစ် ဖတ်ရှုမှုနှုန်း၊ မဂ္ဂဇင်း ဂျာနယ် ဖတ်ရှုမှုနှုန်း၊ လူသားဆန်မှု စိတ်ထား စသည်တို့ဖြင့် တိုင်းတာလေ့ ရှိကြသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံ များတွင်မူ လူတစ်ယောက် ၏ တန်ဖိုး ဆိုသည်ကို ၄င်း၏ကြွယ်ဝ ချမ်းသာမှု၊ ရာထူး အဆင့်အတန်း၊ ၄င်း စီးနင်းသည့် မော်တော်ကား အမျိုးအစား စသည့် အဆောင်အယောင် တို့ပေါ်တွင်သာ များသောအားဖြင့် မူတည် တွက်ချက် စဉ်းစားလေ့ ရှိကြသည်ဟု ဆိုလိုရင်းဖြစ်သည်။
ယင်းကဲ့သို့ လူ့တန်ဖိုးကို စံထားသတ်မှတ် တွက်ချက်မှုများ ကွာခြား နေခြင်းသည်ပင်လျှင် ယင်း နိုင်ငံများအကြား ဖွံ့ဖြိုး တိုးတက်မှု၊ အသိဥာဏ်ပညာ ကွာ ဟခြားနား နေခြင်း၏ အဓိက ပင်မ အကြောင်းအရင်း တစ်ခုဖြစ်ကြောင်းကို ကမ္ဘာ့ စီမံခန့်ခွဲမှု ဂုရုကြီးများက တညီတညွတ်တည်း အဆိုပြု ကြသည်။ သို့ဖြစ်၍ ဖွံ့ဖြိုး ဆဲနိုင်ငံ များအနေဖြင့် ၄င်းတို့ရင်ဆိုင်နေရသည့် အထွေထွေ ပြဿနာများနှင့် ဆင်းရဲမွဲတေမှု များကို လျှော့ချ တိုက်ဖျက်ရေး အတွက် ၄င်းတို့၏ လူ့တန်ဖိုး စံထား တွက် ချက် မှုကို ရှေးဦးစွာအခြေခံ ကျကျ ပြုပြင်ပြောင်းလဲရေးမှာ များစွာ အခရာကျ အရေးပါလာခဲ့ သည်။
( ၂ )

‘မှန်ကန်သည့် လူ့တန်ဖိုးများ မြင့်မားလာအောင် မည်သို့ဆောင်ရွက်ကြမလဲ’

မှန်ကန်သည့်၊ စစ်မှန်သည့် လူ့တန်ဖိုးများ မြင့်မား တိုးတက်လာရေး အတွက်လည်း ကမ္ဘာ့စီမံခန့်ခွဲမှု ဂုရုကြီးများ၊ ပညာရှင်များက အသီးသီး အသက ရေးသားဖော် ထုတ်ခဲ့ကြသေးသည်။ စာရေးသူတို့ ကိုးကွယ် ယုံကြည်သက်ဝင်သည့် ထေရဝါဒ ဗုဒ္ဓဘာသာ၏ ဘာသာ ရေး ခေါင်းဆောင်ဖြစ်သူ ဂေါတမ ဗုဒ္ဓက လူသားတို့တန်ဖိုးနှင့် ပတ် သက်၍
(၁) သီလ (Morality)
(၂)သမာဓိ(Concentration)
(၃) ပညာ (Wisdom)
ဟူ၍ အဓိက ပင်မတန်ဖိုးကြီး ၃ရပ် ကို အတိအကျ ပြဋ္ဌာန်း သတ်မှတ် ပေးခဲ့သည်။ ယင်း သီလ၊ သမာဓိ၊ ပညာ တန်ဖိုး သုံးရပ်မြင့်မားသည့် ပုဂ္ဂိုလ် များကို ဗုဒ္ဓက သူ၏ စံပြ လူ့အဖွဲ့ အစည်းတွင် လူ့တန်ဖိုးမြင့်မားသူ များအဖြစ် သတ်မှတ်သည်။
အနောက်တိုင်း စီမံခန့်ခွဲမှု ဆိုင်ရာ ပညာရှင်ဂုရုကြီး များကတော့ လူသားတို့၏ တန်ဖိုးများ မြင့်မား တိုးတက်လာရေး အတွက် အရေးအကြီးဆုံးနှင့် အခြေခံ အကျ ဆုံးမှာ သင်ယူမှု (Learning) ဖြစ်သည်ဟု ဆိုကြသည်။ လူသားများ၏ တန်ဖိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာရေး အတွက် စဉ်ဆက်မပြတ် သင်ယူနေရန် လိုအပ်သည် ဟု ၄င်းတို့က ဆိုကြသည်။
အမှန်အတိုင်း သုံးသပ်ရမည် ဆိုပါက စာရေးသူတို့ လူ့အဖွဲ့ အစည်းမှာ အဆိုပါ သင်ယူမှုများ၊ အလေ့အကျင့်များ များစွာ အားနည်းနေသည်။ စာရေးသူ တို့အများစုက အချိန်တန်လို့ ဘွဲ့တစ်ခုရ၊ လုပ်ငန်းခွင်ဝင် ဒီမှာတင် သင်ယူမှု ပြီးဆုံးပြီဟု ထင်မြင်နေကြသည်။ အမှန်စင်စစ် သင်ယူမှု၏ အရေးအကြီးဆုံး သဘောတရား (Concept) တစ်ခုမှာ သင်ယူမှု (Learning ) ဆိုသည်မှာ ဘယ်သောအခါမှ နေရာ တစ်ခုမှာ တန့်နေခြင်း မရှိခြင်းဖြစ်သည်။
ဆိုလိုသည်မှာ ဥပမာစာရေးသူ က ၁ဝဖိုး Learn လုပ်ထားသည် ဆိုပါစို့။ ၂နှစ်လောက် ဆက်လက် မသင်ယူ မလုပ်တော့ရင်..စာရေးသူ Learn ထားတာ ၈လောက် ပြန် ကျသွားမည်။ နောက် ၃လောက် သင်ယူမှု ရပ်ထားရင် ၅လောက် ပြန်ကျသွားမည်။ ဤသို့ ဤသို့ဖြင့် ဆက်တိုက် မသင်ယူတော့ပါက အ နုတ်လက္ခဏာ ပြသွားနိုင်သည့် သဘော ဖြစ်သည်။ သို့ဖြစ်၍ သင်ယူမှု (Learning) ဆိုသည်မှာ စဉ်ဆက် မပြတ် သင်ယူနေမှ မပြတ် တိုးတက်နေမည့် သဘောဖြစ်သည်။ ကိုယ်က သင်ယူမှု ရပ်လိုက် သည်နှင့် ကိုယ့် နောက်ကသူ၊ ကိုယ်နှင့် တန်းတူသူ တွေက ကိုယ့်ကိုကျော်သွားမည် ဆိုသည်ကို အထူး သတိချပ်ကြရမည်။
သင်ယူမှု (Learning) ဟု ဆိုရာမှာလည်း ကျောင်း၊ တက္ကသိုလ် များတွင် တရားဝင် တက်ရောက် သင်ယူ၍ ဘွဲ့ဒီဂရီများ ရရှိသည့် Formal Learning ပါဝင်သလို ရုပ်ရှင် အစီအစဉ်၊ ရုပ်သံ အစီအစဉ် တစ်ခုကြည့်ရှု၍ သင်ယူခြင်းမျိုး၊ စာအုပ်ဖတ်ခြင်း၊ အတွေ့အကြုံများ မှ သင်ယူခြင်း စသည့် (Informal Learning) များလည်း အကျုံးဝင် ပါသည်။ ယနေ့ခေတ်မှာတော့ အိုင်စီတီနှင့် အင်တာနက် နည်းပညာများ တိုးတက် ထွန်းကားလာမှုကြောင့် အင်တာနက် အခြေပြု သင်ယူမှု (Web-based Learning) စသည် များမှာလည်း တွင်ကျယ် ခေတ်စား လာသည်ဖြစ်ရာ နည်းမှန်လမ်းမှန်ဖြင့် လူ့တန်ဖိုးများ ဖွံ့ဖြိုးတိုးတက်လာရေး အတွက် အခွင့်အလမ်းများ များ စွာ ပေါ်ထွက်လာသည်ကို တွေ့ မြင်ကြ ရမည် ဖြစ်ပါသည်။
နည်းမှန် လမ်းမှန်ဖြင့် စစ်မှန်သည့် လူ့တန်ဖိုး မြင့်မားသည့် လူသားများ နေထိုင်ကြရာ လူ့အဖွဲ့အစည်းများ သာလျှင် ယနေ့ခေတ် ကမ္ဘာကြီးတွင် ဖွံ့ဖြိုးတိုးတက်နေ ၊ ရှေ့တန်း ရောက်နေကြသည် ဖြစ်ပါသည်။ သို့ဖြစ်၍ စာရေးသူတို့အနေ ဖြင့်လည်း မိမိတို့နေထိုင်ရာ လူ့အဖွဲ့ အစည်း ခေတ်မီဖွံ့ဖြိုး တိုးတက်လာရေး အတွက် မိမိတို့ကိုယ်တိုင် စစ်မှန်သည့် လူ့တန်ဖိုးများ ဖွံ့ဖြိုး တိုးတက် မြင့်မားလာအောင်၊ မိမိတို့ ပတ်ဝန်းကျင်တွင် စစ်မှန်သည့် လူ့တန်ဖိုးမြင့်မား သူများ ထွန်းကား ကျယ်ပြန့် လာ အောင် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက် သွားကြရမည် ဖြစ်ပါသည်။
http://shwephyulay.blogspot.in/2012/02/what-is-human-value.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...