စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စိတ်ကလေး သိပ်အဝေးမသွားပါနဲ့ (အရှင်ဆန္ဒာဓိက-ရွှေပါရမီတောရ)


စိတ်ကလေး သိပ်အဝေးမသွားပါနဲ့ (အရှင်ဆန္ဒာဓိက-ရွှေပါရမီတောရ)

        ငြိမ်းအေးသော ဘ၀ပိုင်ရှင်ဖြစ်ဖို့အတွက် နောက်အရည်အသွေးတစ်ခုက " စိတ်ပျံ့ လွင့်မှု ကင်းရှင်းခြင်း၊ သို့မဟုတ် အတွေးမများခြင်း " ဆိုတဲ့ အရည်အသွေးပါပဲ။
          စိတ်ပျံ့ လွင့်တယ်ဆိုတာ တကယ်တော့ ပူလောင်တဲ့သဘောပါပဲ။ ဟိုအကြောင်းတွေးလိုက်၊ ဒီအကြောင်းတွေးလိုက် တွေးနေရတာ တကယ်တော့ ပင်ပန်းပါတယ်။ ပူလောင်ပါတယ်။
          လူတွေဟာ အများအားဖြင့် အတွေးနဲ့ အဖော်လုပ်ပြီးနေတတ်ကြပါတယ်။ မအားပါဘူး၊ မအားပါဘူးလို့ ပြောနေပေမယ့် အတွေးတွေကတော့ တစ်ခုပြီးတစ်ခု တစ်မျိုးပြီးတစ်မျိုး ၀င်နေကြတာပဲ။ မအားတဲ့ကြားက၊ အလုပ်လုပ်နေတဲ့ကြားက တွေးဖြစ်အောင်တော့ တွေးနေကြတာပဲ။
          အခု တရားနာနေရင်းနဲ့တောင်မှ သာမန်ကြည့်လိုက်ရင် တရားနာတဲ့အလုပ်ကို လုပ်နေတယ်ဆိုပေမယ့် တချို့  ပုဂ္ဂိုလ်များ တရားထဲမှာ စိတ်မရောက်ဘဲနဲ့ အိမ်အကြောင်းတွေးချင်လည်း တွေးနေမှာပဲ။ အလုပ်အကြောင်း တွေးချင်လည်း တွေးနေမှာပဲ။ တစ်ခုခုကို တွေးမိကောင်း တွေးမိနေမယ်။ သမာဓိမရှိဘူး ဆိုရင်ပေါ့။
          လူအများစုဟာ ဘယ်အလုပ်ကို လုပ်နေပါတယ်လို့ လက်ဆုပ်လက်ကိုင် ပြစရာ အလုပ်တစ်ခုခုရှိပေမယ့် စိတ်ကတော့ ဒီအလုပ်ထဲမှာ အပြည့်အ၀ကြီး မရောက်ဘဲ အတွေးတစ်ခုခု၊ သို့မဟုတ် အတွေးများစွာဆီမှာ ရောက်နေတတ်ကြပါတယ်။
          ထမင်းစားနေသူတစ်ယောက်ဟာ စားတဲ့ထဲမှာချည်းပဲ စိတ်အပြည့်အ၀ရောက်နေတယ်ရယ်လို့ မရှိပါဘူး။ သတိပဋ္ဌာန်အမှတ်နဲ့စားနေတဲ့ ပုဂ္ဂိုလ်ကတော့ စားတဲ့အထဲမှာ စိတ်အပြည့်အ၀ ရောက်နေမယ်။ အမှတ်သတိမပါဘဲ စားနေတဲ့သူကတော့ ထမင်းစားတဲ့အလုပ်ကို လုပ်နေရင်းနဲ့လည်း အကြောင်းအရာ တစ်ခုခု အဖြစ်အပျက်တစ်ခုခုကို တွေးနေမှာပါပဲ။
          ဒါကြောင့် အတွေးတွေများပြီး စိတ်ပျံ့ လွင့်ခြင်း မဖြစ်အောင် စိတ်ကို ဘာဝနာတစ်ခုခုနဲ့ ထုံမွှမ်းပြီးတော့ ထားရမယ်။ သတိပဋ္ဌာန်တရားနဲ့မှ မဟုတ်ပါဘူး။ ဘုရားဂုဏ်တော်ပွားခြင်း၊ မေတ္တာပွားခြင်းတို့နဲ့လည်း ထုံမွှမ်းထားလို့ ရပါတယ်။
          ဘုရားဂုဏ်တော်ရယ်၊ မေတ္တာရယ်၊ သတိပဋ္ဌာန်ရယ်၊ ဒီသုံးမျိုးကို အလျဉ်းသင့်သလို လှည့်ပတ်ပြီးတော့ ပွားများနေရင် မိမိရဲ့  စိတ်ဟာ ပျံ့ လွင့်ခြင်း နည်းသွားမှာပါ။ မလိုအပ်တဲ့အတွေးတွေ ၀င်လာမှာ မဟုတ်တော့ပါဘူး။
          တစ်ခါတစ်ရံမှာ ဘုရားဂုဏ်တော်လေးပွားလို့။ ပွားတဲ့အခါမှာလည်း အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါစတဲ့ ပါဠိတွေချည်း ရွတ်နေတာမျိုးမဟုတ်ဘဲ မြန်မာလို အဓိပ္ပာယ်လေးကို ဆင်ခြင်ပြီးတော့ ပွားလို့။ ပါးစပ်ကရွတ်ဖို့မလိုပါဘူး။ စိတ်ထဲကနေ အရဟံ = ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား၊ မြတ်စွာဘုရားမှာ လောဘလည်းမရှိဘူး။ ဒေါသလည်းမရှိဘူး။ ကိလေသာတွေ ကင်းစင်နေလိုက်တာ စသည်အားဖြင့်ပေါ့။ အလုပ်တစ်ခုခု လုပ်နေရင်းနဲ့ မလိုအပ်တဲ့ အတွေးတွေတောင်မှ တွေးလို့ ရသေးတာပဲ။ ဘုရားဂုဏ်တော်ကိုလည်း တွေးလို့ ရပါတယ်။
          တစ်ခါတစ်ရံမှာ မေတ္တာဘာဝနာလေးပွားလို့၊ သတ္တ၀ါအားလုံး ချမ်းသာကြပါစေ။ စိတ်ထဲကနေ မေတ္တာပို့ရုံပါ။
          တစ်ခါတစ်ရံ နှာသီးဝ သတိလေးကပ်ပြီးတော့ တခြားအလုပ်တစ်ခုခုကို လုပ်နေရင်းနဲ့ပဲ နှာသီးဝလေထိတဲ့နေရာမှာ သတိလေးကပ်ပြီးတော့ လေ၀င်လေထွက် ရှုမှတ်လို့။ လေကိုသတိထားပြီး ရှုလို့။ ၀င်တယ် ထွက်တယ်လို့ မှတ်ခွင့်သာရင် မှတ်လို့၊ မှတ်ခွင့်မသာရင်လည်း ၀င်တယ် ထွက်တယ် အထူးမမှတ်ပေမယ့် လေထိတဲ့နေရာမှာ သတိလေးကပ်ပြီးတော့ လေကို ပြည့်ပြည့်၀၀ကြီး ရှုသွင်းရှုထုတ်လို့။
          ကိုယ်အပြုအမူမှန်သမျှ၊ စိတ်အခြေအနေမှန်သမျှကို ဖြစ်နေတဲ့ အတိုင်း သွား -သွားတယ်၊ တွေး-တွေးတယ် ရှုမှတ်လို့။ အဲဒီလို အလေ့အကျင့်လုပ်သွားမယ်ဆိုရင် စိတ်ပျံ့ လွင့်ခြင်း နည်းသွားမှာပါပဲ။
          မိမိရဲ့ စိတ်ကို ဘာဝနာတစ်ခုခုနဲ့ ထုံမွှမ်းမထားသမျှတော့ စိတ်ပျံ့ လွင့်ခြင်းကင်းတဲ့ အခြေအနေမျိုး ဘယ်လိုနည်းနဲ့မှ မရနိုင်ပါဘူး။ တရားဘာဝနာ ကင်းမဲ့နေတဲ့စိတ်ဟာ အတွေးတွေရဲ့  လွှမ်းမိုးနှိပ်စက်မှုကို အမြဲတစေ ခံနေရမှာပါပဲ။
          ဘာဝနာတစ်ခုခုနဲ့  စိတ်ကို ထုံမွှမ်းမထားတဲ့ လူတစ်ယောက်က စိတ်မပျံ့ လွင့်ပါဘူး၊ အတွေးမများ ပါဘူးလို့ ပြောလာခဲ့ရင် အဲဒီစကားဟာ မသေမချင်း ရယ်နေရမယ့် ထာဝရ ပြက်လုံးပဲ ဖြစ်မှာပါ။
          ကိုယ့်စိတ်ကိုယ် ဘာဝနာတစ်ခုခုနဲ့ ထုံမွှမ်းထားနိုင်တဲ့အတွက်ကြောင့် စိတ်ပျံ့ လွင့်ခြင်း ကင်းသွားပြီ၊ အတွေးတွေ ရှင်းသွားပြီဆိုရင် ငြိမ်းအေးသော ဘ၀ပိုင်ရှင် ဖြစ်ပါပြီ။
***
ဘယ်လောက်အလုပ်ရှုပ်ရှုပ်
တွေးဖို့တော့ အချိန်ရတာချည်းပါပဲ။
စိတ်အာရုံအပြည့်စူးစိုက်ရတဲ့
အချို့ အလုပ်တွေကလွဲရင်
ဘာအလုပ်ပဲလုပ်လုပ်
လုပ်နေရင်းတွေးလို့ ရနေပါတယ်။
အရည်မရ  အဖတ်မရအတွေးတွေတွေးရင်း
အချိန်ကုန်မယ့်အစား၊ ဘာဝနာတစ်ခုခုနဲ့
စိတ်ကိုထုံမွှမ်းထားလိုက်မယ်ဆိုရင်
မလိုတဲ့အတွေးတွေလည်း မတွေးဖြစ်တော့သလို
စိတ်ကြည်လင်အေးချမ်းမှုနဲ့လည်း
အမြဲထာဝရ ပြည့်စုံနေမှာပါ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...