စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လူဖြစ်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်


ဒီပိုစ့်ကို မရေးခင်မှာ ကျနော်ကြိုတင်ဝန်ခံချင်တာက ဒီပိုစ့်ဟာ အရှင်ဇ၀န (မေတ္တာရှင်) ရဲ့ ပိုစ့်လေးကို
ပြန်လည် ပြင်ဆင်ဖော်ပြခြင်းဖြစ် ကြောင်း ကြိုတင် အသိပေးပါတယ်ခင်မျာ။
ဆိုဒ်ထဲက ညီအကို လူငယ်မောင်နှမများနှင့် ကိုက်ညီအောင် ပြင်ဆင်ရေးသားထားခြင်းဖြစ်ပါ၍
အမှားအယွင်း တစ်စုံတစ်ရာ ပါရှိခဲ့ရင် ဒီပိုစ့်ရဲ့ မူရင်းပိုင်ရှင် မေတ္တာရှင် နှင့်
ညီအကို မောင်နှမများအားလုံးကို အနူးအညွှတ်တောင်းပန်အပ်ပါသည်။


ပထမဦးစွာ ယခုပိုစ့်၏ မူရင်းပိုင်ရှင်ဖြစ်သူ မေတ္တာရှင် နှင့် အခြားဘာသာဝင်တစ်ဦး တို့၏ ဘာသာရေး အကြောင်း
ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးပုံ အကျယ်ကို ဖော်ပြပါမည်။ထိုဆွေးနွေးပွဲအပြီးတွင် ထိုသူ(အခြားဘာသာဝင်တစ်ဦး)သည်
ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ် သွားခဲ့ပါသည်။ထိုသူသည် စာဖတ်သည် ထို့ကြောင့် အတွေးအခေါ်ကောင်းသည် ။ သူ့အတွေး
တစ်ခုကို ဖတ်ကြည့်ပါ..


တီဘီရောဂါဖြစ်နေသူတစ်ဦးသည် သူမှာ ခြောက်လလောက်သောက်လျှင် ထိုတီဘီရောဂါကင်းရှင်းစွာ ပျောက်နိုင်သော
ဆေးသူ့အနားမှာရှိလျက် မသောက်ပဲနေသည်။ ဘာကြောင့် သူမသောက်သနည်း..........?????။


ထိုဆေးမှာ သူ့နိုင်ငံမှ ထုတ်လုပ်သော ဆေးမဟုတ်သောကြောင့် မသောက်ခြင်းဖြစ်ပါသည်။ဒါဆို ဒီဆေးကိုမသောက်
လျှင် သူသည် တီဘီရောဂါဖြင့်သေဖို့သာရှိသည်။


ထို့အတူ လောဘ၊ဒေါသ စသော ကိလေသာရောဂါ ကိုပျောက်စေမည့် တစ်ခုတည်းသောဆေးသည် ဗုဒ္ဓ၏ ၀ိပဿနာ
တရားပင်ဖြစ်၏။ ထိုဝိပဿနာဆေးကို မိမိဘာသာကနည်းလမ်းမဟတ်ုသောကြောင့် မသောက်၊မကျင့်သုံးနိုင်လျှင် ပူ
လောင်သော၊အပယ်သို့ဆွဲချသော ကိလေသာရောဂါများ မပျောက်ကင်းရုံသာရှိသည်။


ထိုဆွေးနွေးပွဲအပြီးတွင် အခြားဘာသာဝင် ထိုပုဂ္ဂိုလ်သည် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သွားခဲ့သည်။ ဗုဒ္ဓဘာသာဝင်ဖြစ်လာ
ပြီးနောက် ရဟန်းပြုလိုက်သော အခါ ဦး ၀ိသုဒ္ဓ မည်သော ဘွဲ့နည်မည်ကို ရ၏။ ဦး ၀ိသုဒ္ဓ သည် ရွှေပြည်သာမြို့၊မန္တလေး
ကျောင်းတွင် ငါးဝါမျှ သီတင်းသုံးပြီးနောက် ကော့သောင်းမြို့သို့ ပြောင်းရွေ့သီတင်းသုံးသည်။ ကော့သောင်းမြို့၊ခုနစ်မိုင်
ရွာရှိ တောင်ကြီးတစ်တောင်ပေါ်တွင်တစ်ပါးတည်း ဧကစာရီသီတင်းသုံးပြီး ပုခုက္ကူဝိဿသနာ သင်တန်းခွေတရားများကို
နာယူလျက် တရားအားထုတ်လျက်ရှိသည်။


ဆရာတော်ဦးဝိသုဒ္ဓ သည် သူ့ထံသို့ရောက်လာသမျှ ဒကာ၊ဒကာမများအား အတွေးအမြင်ပါသည့်တရားတိုလေးများ ကို
ဟောပေးလေ့ရှိသည်။ဆရာတော်၏ တရားအများစုမှာ အမေးပါသော်လည်း အဖြေမပါချေ။ အလွန်စိတ်ဝင်စားစရာ
ကောင်းပါသည်။


ဥပမာတစ်ခု ဖော်ပြပါမည်။


ကောင့်သောင်းမြို့ ဟိုတယ်တစ်ခုမှ ဦးဘုန်းမြင့်အမည်ရှိ ပညာရှင်တစ်ယောက်သည် ဆရာတော်ဦး ၀ိသုဒ္ဓ ၏ တော
ကျောင်းလေးသို့ ရောက်လာသည်။ဆရာတော်ဦး ၀ိသုဒ္ဓ က စတင်မေးမြန်းသည်။


ဆရာတော်ဦး ၀ိသုဒ္ဓ ။ ။ ဒကာကြီးနာမည် ဘယ်လိုခေါ်သလဲ....

ဦးဘုန်းမြင့်             ။ ။ ဦးဘုန်းမြင့်လို့ ခေါ်ပါတယ်ဘုရား...

ဆရာတော်ဦး ၀ိသုဒ္ဓ ။ ။ ဒကာကြီး အသက်မွေးဝမ်းကျောင်းအလုပ် ဘာလုပ်သလဲ။

ဦးဘုန်းမြင့်             ။ ။ တပည့်တော်သူဌေးကျွန်း ဟိုတယ် အင်ဂျင်နီယာဌာနမှ အလုပ်လုပ်ပါတယ်ဘုရား။

ဆရာတော်ဦး ၀ိသုဒ္ဓ ။ ။ ဒကာကြီးလူဖြစ်လာရခြင်းရဲ့အဓိကရည်ရွယ်ချက်က အင်ဂျင်နီယာလုပ်ဖို့
                               တစ်ခုတည်းအတွက်လား။


ဆရာတော် ဦး ၀ိသုဒ္ဓ တရားသည် စကားလုံး ၂၇ လုံး ခန့်နှင့် ပြီးဆုံးသွားသည်။ ကမ္ဘာအတိုဆုံးတရားဟု ဆိုရမည်
လားမသိ။ ဦးဘုန်းမြင့်အတွက်တော့ အံ့သြစရာအကောင်းဆုံးနေ့တစ်နေ့ဖြစ်သွားပါတယ်။ လူတစ်ယောက်ဖြစ်နေပါ
လျက် လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကို ဦးဘုန်းမြင့်တစ်ယောက် တစ်ခါမှ မစဉ်းစာမိခဲ့ချေ။ထိုမေးခွန်း၏ အဖြေ
ကိုကားလုံးဝမပြောပြ အမေးခံရသူကိုယ်တိုင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အဖြေထုတ်ရသည်။ယခု ပိုစ့်၏ မူရင်းရေးသား
သည် မေတ္တာရှင်(အရှင်ဇ၀န)သည် ဤတရားကိုဟောကြားခဲ့သည်။


ဦးဘုန်းမြင့်ကဲ့သို့ ထိုတရားကို နာကြားရသူအားလုံးသည် အံ့သြတုန်လှုပ်သွားကြသည်။ အသိဥာဏ်ပညာအလင်းတွေ
အများကြီးရကြ၏။ မီးသွေးရောင်းသော အခြားဘာသာဝင်တစ်ဦးသည် ဗုဒ္ဓဘာသာဝင်ဖြစ်လာ၏။ ထိုပုဂ္ဂိုလ်မှ ပြောခဲ့
သောစကားမှာ မှတ်သားစရာကောင်းလှ၏



ကျွန်တော်ဟာ လူတစ်ယောက် ဖြစ်ပြီးတော့ လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကို တစ်ခါမှမစဉ်းစားမိခဲ့ဘူး။
လူဖြစ်လာရတာ မီးသွေးရောင်းဖို့ တစ်ခုတည်းအတွက်ပဲလို့ ထင်နေမိတယ်။
ဒီတရားကို နာရမှ လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက် ကို ကောင်းကောင်းကြီး နာလည်သွားတယ်ဗျာ.......
ဟူ၍၀န်ခံပြောဆိုခဲ့ပါသည်။

ထိုကြောင့်.........

လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်ကို
မသိသော ပညာမဲ့သည်
လူဘ၀ကို ကာမဂုဏ်ခံစားဖို့အတွက် အသုံးချ၍
အပ္ပါယ်လေးပါးသို့ သွားသည်။
လူဖြစ်ရခြင်းအဓိကရည်ရွယ်ချက်ကို
သိသောပညာရှိသည်
လူ့ဘ၀ကို ကုသိုလ်ရဖို့အတွက်အသုံးချ၍
နိဗ္ဗာန်သို့သွား၏ ။
ဆိုသည့်စကားနှင့်အညီ ဒီ ပိုစ့်လေးကို ဒီနေရာမှာအဆုံးသတ်လိုက်ပါရစေခင်မျာ......




လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်

မူရင်းစာအုပ်ကို ဖတ်လိုသူများအတွက်အောက်တွင် ဖတ်ရှုနိုင်ရင် တင်ပေးလိုက်ပါသည်။
စာရေးသူ =  မေတ္တာရှင်ရွှေပြည်သာ
ထုတ်ဝေသူ  =  သာသနာရေးဝန်ကြီးဌာန
             ရက်စွဲ  = ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ
စာမျက်နှာ  =  ၂၅၀
ဖိုင်အမျိုးအစား   =    PDF
ဖိုင်ဆိုဒ်     =   ၀.၉၉ MB


စာအုပ်အမည်
လူဖြစ်ရခြင်း၏အဓိကရည်ရွယ်ချက်(မေတ္တာရှင်ရွှေပြည်သာ)
တိုက်ရိုက်ဖတ်ရှုရန်(Google Document)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...