စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အလှပြင်ဆိုင်လေးဖွင့်ချင်လို့


ဒီနေ့တော့ကို ကြော်ငြာဝင်ရဦးမယ်။ မနေ့က ကျနော် ခေါင်းလျှော်ဖို့ အလှပြင်ဆိုင် ရောက်ဖြစ်တယ်။ အဲဒီမှာ သူများတွေ အလှပြင်နေတာကို ကြည့်ပြီး ကျနော် အားတွေကျလာတယ်။ ဆိုင်မှာက ထုံးစံအတိုင်း လူက ခပ်များများမို့ စောင့်နေရတယ်လေ။ အင်း စောင့်နေရင်းက သူများတွေ ဘာတွေများ အလှတွေ ပြင်နေကြပါလိမ့် ဆိုပြီး လျှာရှည်ပြီး လေ့လာလိုက်တော့ အင်း တစ်ယောက်တစ်မျိုးစီကို စုံလို့ပါပဲ။ တစ်ယောက်က ဆံပင် ပေါင်းတင်တယ်။ နောက် တစ်ယောက်က မျက်နှာပေါင်းတင်တယ်။
နောက် တစ်ယောက်ကကျတော့ ခြေထောက်အလှတွေ ပြင်နေပြန်တယ်။ နောက်ထပ် သူများတွေကရော ဆိုတော့ အို ဆံပင်ကို အရောင်လေးတွေ နဲ့ လိုင်းတွေဖောက်နေပြန်တယ်။ အင်း တော်တော်လည်း စုံပါလားပေါ့။
အားလုံးဟာ လှချင်ကြတယ် ဆိုတဲ့ အခြေခံခြင်းတော့ တူတူပါပဲနော်။ အဲဒါလေး တွေကို ကြည့်ပြီး သူတို့တွေရဲ့လှချင်တတ်တဲ့ စိတ်ကလေးကို တော်တော်လေး သဘောတွေကျမိပါတယ်။
တဆက်တည်းလည်း ခေါင်းထဲမှာ အကြံလေးတစ်ခု ရမိပါတယ်။ ဘာအကြံလဲဆိုတော့ အလှပြင်ဆိုင်လေး ဖွင့်ချင်တဲ့ အကြံပေါ့။
ဒါပေမယ့် ကျနော်ဖွင့်ချင်တဲ့ အလှပြင်ဆိုင်ကတော့ သူတို့နဲ့ မတူဘူးနော်။ သူတို့က ရုပ်ကို ပြုပြင်ပေးတဲ့ ရုပ် အလှပြင်ဆိုင်လေ။
ကျနော် ဖွင့်ချင်တာကကျတော့ စိတ်အလှပြင်ဆိုင်လေးပါပဲ။ ကျနော်ဖွင့်မယ့် အလှပြင်ဆိုင်ကနော် စိတ်ကိုအဓိက ပြင်ပေးမှာဆိုပေမယ့် ရုပ်ပါပါသွားမှာဆိုတော့ အင်း လာပြင်မယ့်သူတွေ အတွက်လည်း တန်သွားတာပေါ့နော်။ အဲဒီဆိုင်မှာ ကျနော့ဆံပင်ကို လေမှုတ်နေတုန်း စဉ်းစားမိနေတာ။ အင်းသူတို့တွေ အားလုံးပြင်ဖို့ မေ့နေတဲ့ စိတ်အလှပြင်ဆိုင်လေး ကတော့ဖြင့် မရှိမဖြစ်ကို လိုအပ်နေပြီလို့လေ။

ကိုယ့်ရုပ်ကလေးကိုယ် နေ့စဉ် ကြည့်မိလို့သာ ပြင်ရကောင်းမှန်း သိနိုင်တာမလား။ ဘာလို့ပြင်ပါလိမ့် ဆိုတော့ ဒီနေ့ ပြင်ထားတဲ့ ရုပ်အလှတွေက နက်ဖြန် ထိမှ မပါတာလေ။ သူကလည်း ဖြစ်ပြီးပျက်ရတယ်လေ။ ဒီတော့ နေ့စဉ်ကိုပဲ သူ့ကို ကြည့်ပေးပြီး ပြင်ပေးနေရပါတယ်နော်။
အင်း ဒီနေရာမှာ တစ်ချက်လေး စဉ်းစားဖို့ လိုနေတယ်နော်။ ဘာကိုလဲဆိုတော့ ဒီရုပ်ကိုသာ နေ့စဉ်ကြည့်ဖို့ သတိယပြီး စိတ်ကိုတော့ ကြည့်ပေးဖို့ သတိမရကြတာပဲလေ။ အင်းသေချာ စဉ်းစားကြည့်လိုက်တော့ ဒီရုပ်ကို တစ်နေ့နေလို့ တစ်ခါ မှန်မကြည့်ဖြစ်တာမျိုးရှိလို့လား။ အဲ စိတ်ကျတော့ တစ်နှစ်နေလည်း တစ်ခါ မကြည့်ပါဘူး။ ပစ်ထားကြတယ်နော်။
ဒီရုပ်ကျတော့ နေ့စဉ် သန့်ရှင်းပေးကြတယ်။ အလှပြင်ပေး ကြတယ်နော်။ ဒါတောင် တစ်နေ့တစ်ခါမက အခါခါဆိုသလိုပါပဲ။ ဒါဆိုရင်တော့ တို့က တော်တော် မတရားရာ ကျ မနေ ဘူးလား။ ရုပ်ကျတော့ တခုပ်တရ ကြည့်ပြီး လိုတာတွေ ပြုပြင်နေကြပါရဲ့။ စိတ်ကလေးကျတော့ ကြည့်ပေးဖို့ သတိလေး တစ်ချက်တောင် မရကြဘူးနော်။
အကယ်လို့များ ရုပ်ကို တစ်ခါ မှန် ကြည့်တဲ့ အခါတိုင်း မှာ စိတ်ကလေးကိုလည်း တစ်ခါ သတိတရ ကြည့်မိမယ် ဆိုရင် အင်း သူ့မှာလည်း လိုအပ်တာတွေ မလှတာတွေ တွေ့လာမယ်မလား။ အဲဒီ ကျရင်တော့ ရုပ်ထက် ဆိုးတဲ့ စိတ်ကို ပြင်ပေးရပါတော့မယ်။ ရုပ်အလှပြင်ဆိုင်ကတော့ သူတို့ပြင်ပေးမှသာ လှရမှာမလား။ ကိုယ်ကတစ်ခါသွားပြီးရင် နောက် တစ်ခါ ထပ်လှချင်ပြန်ရင် ထပ်သွားရမှာပဲနော်။
စိတ်အလှပြင်ဆိုင်ကျတော့ အဲလို မဟုတ်ဘူး။ ကိုယ့်စိတ်ကို ကိုယ်ကိုယ်တိုင် ပြင်ရမှာနော်။ သူများပြင်ပေးတာ ခံရဖို့လာရမှာ မဟုတ်ဘူးနော်။ ကျနော်တို့ဆိုင်က ပြင်နည်းလေးပဲသင်ပြပေးမှာ။ ကိုယ့်စိတ်ကလေးကို ဘယ်လိုကြည့်ပါဆိုပြီး ကြည့်နည်းလေး မှန်ထောင်ပြမှာ။ အဲဒီမှာ ကိုယ့်စိတ်မှာ ဖြစ်နေတာတွေ တန်းတွေ့ရမှာနော်။ အဲဒီအခါကျမှ လိုအပ်တာလေးကို ပြင်ပေးဖို့ နည်းထပ်ပေးမှာ။
ကိုယ့်ရဲ့ စိတ်ဆိုးကြီးကို ကိုယ်ကိုယ်တိုင်တွေ့ပြီး ကိုယ်တိုင်ပဲပြင်ကြရမှာလေ။ တစ်ယောက်နဲ့ တစ်ယောက်ကတော့ ပြင်ပုံ ပြင်နည်း တူချင်မှတူမယ်။ တို့ အလှပြင်ဆိုင်လေးကိုတော့ တစ်ခါပဲ လာရင်ရပြီ။ နောက်ဆို ထပ်လာစရာမလိုဘူးပဲ။ ဘာလို့လဲဆိုတော့ စိတ် အလှပြင်နည်းကို အတတ်သင်ပေးလိုက်မှာမို့လေ။ အင်း ဒါဆိုရင်တော့ နောက်ဆို ကိုယ့်အိမ်မှာကိုယ် အလှပြင်တတ်သွားပြီမို့ အချိန် မရွေး ပြင်နိုင် သွားမယ်နော်။
အင်းတကယ်တော့ စိတ်ကလေးသာ အလှပြင်နိုင်မယ်ဆိုရင် ရုပ်ကလည်း အလိုလို ပါသွားမှာပဲမလား။ စိတ်ကြည်မှ ရုပ်ကြည်မှာနော်။ ဒါဆို ကိုယ့်ကိုယ်ကို မလှမှာ မပူရတော့ပါဘူးနော်။
အင်း ဒီအစီအစဉ်လေးတော့ သူငယ်ချင်းတွေကို ပြောဦးမှပဲလို့ တွေးမိလို့ ကြော်ငြာဝင် လိုက်တာပါ။
ကျနော်တော့ အဲဒီဆိုင်မှာကိုပဲ ဆွဲနေလိုက်တဲ့ အစီအစဉ်တွေလေ။ ကိုယ့်အစီအစဉ် နဲ့ကိုယ် စိတ်ကူးတွေယဉ်ပြီး သဘောတွေတောင်ကျနေလိုက်တာ။
ကဲ ကျနော့ရဲ့ စိတ်အလှပြင်ဆိုင်လေး ဆီသို့ အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်တယ်နော်။
                                                                                                         စောသဇင်(မန္တလေး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...