စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အကျွန်ုပ် နှင့် ထေရ၀ါဒ ဗုဒ္ဓသာသနာ...

ရိုးသားစွာ ၀န်ခံရလျှင်  အကျွန်ုပ်သည်  ဗုဒ္ဓဘာသာဝင်  မိဘနှစ်ပါး မှ မွေးဖွားလာသော သူတစ်ယောက်
မဟုတ်ပါ ... ငယ်စဉ်က အဖေ နှင့် အမေ တို့သည် တိုင်းရင်းသား ရိုးရာ ... ဘာသာကိုသာ ကိုးကွယ်ကြ
သူများ ဖြစ်ကြပါသည်.. သို့သော် .. ကံကောင်းထောက်မစွာ အိမ်နီးချင်း ဘကြီး ထူး ဆိုသည့် ဘကြီးက
ကျွန်တော်အား ဗုဒ္ဓသာသနာကို စိတ်ဝင်စားစေရန် အစပျိုးပေးခဲ့ပါသည်..
(ကွယ်လွန်သွားပြီဖြစ်သော ဘာသာတရား နှင့် မွေလျော်သည့် ဘကြီးထူးတစ်ယောက် ကောင်းရာမွန်ရာ
ဘုံဘ၀မှ သာဓု ခေါ်ဆိုနိုင်ပါစေ..)
ငယ်စဉ်ကလေးဘ၀ဖြစ်သည့်အတွက် နှစ်နှစ်ကာကာ  ဗုဒ္ဓသာသနာကို မသိခဲ့ရိုး အမှန်ပင် ဖြစ်တော့သည်..
သို့ပေမဲ့ ... ငယ်စဉ်ကလေးဘ၀တွင်ပင် ဘကြီးထူး၏ တိုက်တွန်းချက်အရ အဖေ နှင့် အမေ သည် ကျွန်တော်
အား ရှင်ပြုပေးခဲ့ပါသည်.. ကိုရင်ဝတ် နှင့် တစ်လ တိတိပင် နေခဲ့ဘူးသည်.. ဗုဒ္ဓဘာသာဝင်ဖြစ်ရန် မျိုးစေ့ပင်
ဖြစ်ပေလိမ့်မည်..   အားမနာတန်း   ကိုယ့် ကို ကိုယ် ဝေဖန်ရလျှင် သူများ ကို ရင် ၀တ် ၍ အ ကျွန်ုပ်လည်း
ကိုရင် ၀တ်ချင်သည်ဟု အဖေ နှင့် အမေကို ဇွတ်အတင်း ပူစာသဖြင့် ကိုရင် ၀တ်ဖြစ်ခဲ့ခြင်း ဖြစ်သည်...

ဗုဒ္ဓသာသနာကို အမှန်တကယ် ယုံကြည် သက်ဝင်ဖြစ်သည်က  ရန်ကုန်တက္ကသိုလ်  ကျောင်းသားဘ၀တွင်
ဖြစ်သည်... ရန်ကုန်တက္ကသိုလ် တက်စဉ်က မာလာဆောင်ရှေ့ ခရစ်ယမ်ယုဒဿန်ရိပ်သာ အနောက်ဘက်
လမ်းကြား စံရိပ်ငြိမ် တွင် အဆောင်ကျောင်းသားအဖြစ် ကျောင်းတက်ခဲ့ရစဉ်က ဖြစ်သည်...
အယူဝါဒ များစွာကို လေ့လာဖြစ်ခဲ့သည်..(အခြား ဘာသာများကို မဝေဖန်လိုပါ၊ မိမိယုံကြည်ရာ ကိုးကွယ်ပါ)
ဤတွင် ဗုဒ္ဓသာသနာကို မိမိ၏  ကိုးကွယ် ဆည်းကပ်ရာအဖြစ် ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချနိုင်ခဲ့ပါသည်..

ဘာကြောင့် ဗုဒ္ဓဘာသာဝင် တစ်ယောက်  အဖြစ်  ဆုံးဖြတ်ချက်  ချခဲ့ရပါနည်းဟု ဆိုခဲ့လျှင် ....

"များပြားလှသော အယူဝါဒများတွင် မည်သည့် ၀ါဒကို  လက်ခံကျင့်သုံးနိုင်ရန်  ၀ါဒမှန်ရမည့်   နည်းလမ်းကို
ဟောကြားတော်မူပါ" ဟူသော ကာလာမ မင်းသားတို့၏ လျှောက်ထားချက်ကို ဗုဒ္ဓဘုရားရှင်ကဟောပြတော်
မူခဲ့သည့် စံထားစရာ ဒေသနာ(၁၀)ချက်ကြောင့်ဖြစ်ပါသည်....ယင်းဒေသနာတော်မှာ ...
" အို ကာလာမ မင်းသားတို့ သင်တို့သည် အယူဝါဒ တစ်ရပ်ကို ...
(၁) တစ်ဆင့်စကား ကြားရုံဖြင့် လက်မခံကြနှင့် ၊
(၂) ဘေးဘိုးစဉ်လာ အယူဝါဒ ဖြစ်၍လည်း လက်မခံကြနှင့် ၊
(၃) ဒီအရာက ဒီလို ဟူသော ကောလာဟလစကားကိုလည်း လက်မခံကြနှင့်၊
(၄) မိမိတို့ ကျမ်းစာ နှင့် ညီညွတ်သည်ဟူ၍လည်း လက်မခံကြနှင့်၊
(၅) မိမိတို့ တွေးခေါ် ကြံဆမှုနှင့် ကိုက်ညီရုံမျှဖြင့်လည်း လက်မခံကြနှင့်၊
(၆) ဒီအရာဟာ ယုတ္တိရှိသည် ဟု နည်းမှီထောက်ဆ၍ ရယုံမျှဖြင့်လည်း လက်မခံကြနှင့်၊
(၇) ဒီအရာ မှန်ကန်ပြီဟု မိမိဘာသာဆင်ခြင်သုံးသပ်၍ ရရုံမျှဖြင့်လည်း လက်မခံကြနှင့်၊
(၈) မိမိတို့ စဉ်းစားတွေးကြံ လက်ခံထားသော အယူဝါဒနှင့် ကိုက်ညီပြီဟူ၍လည်း လက်မခံကြနှင့်၊
(၉) မိမိတို့ ယုံကြည်ထိုက်သော ပုဂ္ဂိုလ်ကြီးက ပြောသောစကားဖြစ်၍လည်း လက်မခံကြနှင့်၊
(၁၀) မိမိတို့ လေးစားသော ဆရာသမား၏ စကားဖြစ်၍လည်း လက်မခံကြနှင့်၊
        ဤအချက်(၁၀)ချက်သည် လူမှုအကျိုးတရားကို ဖော်ဆောင်နိုင်မည့် သစ္စာဝါဒကို ရရှိနိုင်ရန်အတွက်
ဥာဏချိန်ခွင်တွင်တင်၍ ဆုံးဖြတ်ခိုင်းထားခြင်းကြောင့်ဖြစ်သည်..
အခြား မည်သည့် ဘာသာတရားတွင်မှ ဤသို့ ရှင်းလင်းချက် မရှိပါဟု ရိုးသားစွာ ဆိုပါမည်..

ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ရန်လည်း ...
ရိုးရှင်းသည်..ကျယ်ပြန့်သော ဥပဒေသများမရှိ..သရဂုံ(၃)ပါးဖြစ်သည့် ....
(၁) ဗုဒ္ဓဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း ၊
(၂) ဗုဒ္ဓ၏ တရားတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း၊
(၃) ဗုဒ္ဓ၏ သံဃာ့အဖွဲ့အစည်းကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း တို့ကို
     ယုံကြည်လက်ခံလျင်ပင် ဗုဒ္ဓဘာသာဝင်ဖြစ်သည်..

ဒီနောက်တော့ ... ဗုဒ္ဓစာပေတွေကို လေ့လာဖြစ်ပါသည်... တကယ်တန်းဆိုရလျှင် ဗုဒ္ဓစာပေများသည်..
လေးနက်သည်.... သိမ်မွေ့သည်.. နက်ရှိုင်းသည်... ကျယ်ဝန်းသည်..  တန်ဘိုးကြီးမားလှပေသည်....
လျှို့ဝှက် နက်ရှိုင်းသော.. ခက်ခဲသိမ်မွေ့သော .. သဘာဝ ဓမ္မ အကြောင်း  အကျိုး တရားများ   ဟု
ဆိုလျှင်လည်း လွန်မည်မထင်...

ကျယ်ဝန်း နက်ရှိုင်းသည့် ပဋကတ်တော်များ .....ပဋကတ်သုံးပုံ.....
(၁) ၀ိနယ ပိဋက၊(၂)သုတ္တန္တ ပိဋက၊ (၃) အဘိဓမ္မ ပိဋက ၊ ဤ ပဋကတ် သုံးပုံတွင် ပေစာရွက် ၆၃၄၅-ရွက်၊
ကျောက်ချပ်ရေ ၇၂၉-ချပ်၊   စာအုပ်ရေ ၄၀-အုပ်၊    စာရွက်ရေ ၆၅၄၇-ရွက်၊    စာမျက်နှာ ၁၃၀၉၄-မျက်နှာ၊
စာကြောင်းရေ ၄၀၄၀၇၀-ကြောင်း ၊ အက္ခရာလုံးရေ ၁၁၀၂၁၇၅၀- လုံး ....(တစ်ကုဋေ တစ်သန်း နှစ်သောင်း
တစ်ထောင် ခုနှစ်ရာ့ ငါးဆယ် ) ..မဆိုထားလေနှင့် ... ဗုဒ္ဓ၀ါဒ အခြေခံ အကြောင်းအရာအချက်အလက်များ
ကပင်  လူဘောင်လောက ရပ်ဝန်း ၀န်းကျင် အတွက် ကောင်းကျိုးများစွာကို စွမ်းဆောင်နိုင်သည်...

ဗုဒ္ဓဘာသာဝင်တစ်ဦး လိုက်နာကျင့်သုံးရသည့် ကျင့်ဝတ်(၅)မျိုး..ငါးပါးသီလ...
ဗုဒ္ဓဒေသနာတော်၍ မကောင်းမှု စရိုက်ဆိုး(၁၀)ပါးကို မပြုလုပ်ရန်တားမြစ်ထားသည့်..မကောင်းမှုစရိုက်ဆိုး(၁၀)ပါး..
လူမှုဘ၀ကျင့်ထုံးများကို အကောင်းဆုံးဖော်ပြနေသည့် မင်္ဂလာသုတ် အနှစ်ချုပ်(၃၈)ဖြာ မင်္ဂလာ..
သစ္စာ ခေါ် အမှန်တရားကို သိမြင်နိုင်သည့် မဂ္ဂင်(၈)ပါး ....
နိဗ္ဗာန် သဘောတရား ... အစရှိသည့် အခြေခံများကို လေ့လာဖြစ်ခဲ့ပါသည်... ဗုဒ္ဓဘာသာဝင်တစ်ယောက်
အနေနှင့်လည်း အခြေခံ အကြောင်းအရာ အချက်အလက်များကို သိထားသင့်သည်ဟု ထင်မြင်မိပါသည်...
သို့မဟုတ်ပါက အနှစ်  မရှိသော   မျက်ကန်း   ဗုဒ္ဓဘာသာဝင် တစ်ယောက်သာ   ဖြစ်နေပါလိမ့်မည်...
မိရိုးဖလာ ဗုဒ္ဓဘာသာဝင် သာ ဖြစ်နေပေလိမ့်မည်...

ပိုမိုသိမြင်နိုင်ရန်အတွက် ပရိယတ္တိစာပေများကို သင်ကြားပေးနေသော စာသင်တိုက် တွင် တစ်ကြိမ် ....
တရား ဘာဝနာများ အားထုတ်  ရှုမှတ်စေသော တရားစခန်းများတွင် တစ်ကြိမ်.. အကျွန်ုပ်၏ ဘ၀တွင်
နှစ်ကြိမ်တိုင် အကျိုးရှိရှိ ဒုလ္လဘ ဦးဇင်း အဖြစ် ၀တ်ခဲ့ဘူးသည်....ဤတွင် ပရိယတ္တိစာပေများကို သင်ကြား
နေကြသော   စာသင်သား သံဃာတော်များ၏ ဘ၀ကို ကိုယ်တိုင် သိမြင် ကြုံတွေ့ခွင့်ရခဲ့သည်...
တရားဘာဝနာများကို   ရှုမှတ်ရင်း နိဗ္ဗာန် ၏   အစွန်းအစ ကို   သိရှိ လေ့လာခွင့်ရခဲ့သည်...
(အာရုံကို တစ်နေတည်းမှာ စုစည်းထားနိုင်ခဲ့ပါက ဖြစ်ပေါ်ခံစားရသည့် အလုံးဆုံ ငြိမ်းချမ်းခြင်းသည်
နိဗ္ဗာန် ၏ အစွန်းအစများလားဟု တွေးထင်မိပါသည်)
ဆွမ်းတကာ့ ဆွမ်းတွင် ခံဆွမ်းသည် အမြတ်ဆုံးဖြစ်သည့်အတွက် ဒုလ္လဘ ဦးဇင်း ဖြစ်သော်ငြားလည်း
နံနက် အရုဏ်ဆွမ်းတန်းတွင်   သံဃာစစ်စစ်များ နည်းတူ   ဆွမ်းခံကြွ၍  သုံးဆောင်ခဲ့ပါသည်...
ဝိနည်း  ဒေသနာတော်အတိုင်း ကျင့်ကြံ ကြိုးကုတ် အားထုတ်ခဲ့သည်..
ဗုဒ္ဓစာပေများကို  ပို၍ လေ့လာ ဆည်းပူးခွင့် ရခဲ့သည်...

ဗု ဒ္ဓ ၀ါ ဒ ၏ အ နှစ် ချုပ် သည် ဒါ န ... သီ လ ... ဘာ ၀ နာ ...
ရင်း မြစ် သည် .. မိ မိ ကိုယ် ကို မိ မိ သာ လျှင် ဖန်း တီး နိုင် ခြင်း ....

သို့ဆိုလျှင် မိမိ ယုံကြည် ဆည်းကပ် ကိုးကွယ်နေသော " ထေရ၀ါဒ" ဟူသည် အဘယ်နည်း....
ထေရ၀ါဒ ၏ အဓိပ္ပါယ်ကို ဗုဒ္ဓဒေသနာတော် ဝေါဟာရ အဘိဓာန် ကျမ်း စာမျက်နှာ -၂၇၄ ၌
" မထေရ် အဆက်ဆက်တို့ မပျောက် မပျက်ရအောင် ဆောင်ထားအပ်သော ..
   ထိန်းသိမ်းအပ်သော ဘုရားစကားတော် အယူစကားစဉ် ..."
" အရှင်မဟာ ကဿပ အစရှိသော မထေရ် အဆက်ဆက်တို့ မူရင်းမပျက် သံဂါယနာတင်လျက် ထိန်းသိမ်း
   စောင့်ရှောက်ထားအပ်သော ဘုရားစကားပါဠိတော်အတိုင်း ကျင့်ကြံနေထိုင်သော အယူဝါဒ" ကို
" ထေရ၀ါဒ" ဟု ခေါ်သည်ဟု ဖွင့်ဆိုထားပါသည်....

ဤတွင် ယနေ့ ခေတ်ကာလ၌   ထေရ၀ါဒ နှင့်   ရောနှောနေသော ကိုးကွယ်မှုများ   ရှိနေပါသည်...
နတ်ကိုးကွယ်မှု ၊ သိကြားနတ် မိုးနတ်မင်း ကိုးကွယ်မှု ၊ သူရဿတီနတ် ကိုးကွယ်မှု ၊ ကွမ်ယင်မယ်တော်
ကိုးကွယ်မှု၊ ဂြိုဟ်နတ် ကိုးကွယ်မှု ၊ နတ်ကြီး ၅ပါး  နှင့် ဒေ၀ီ ၂၁-ပါး ကိုးကွယ်မှု၊    ပြည်တွင်းဖြစ်နတ်များ
ကိုးကွယ်မှု ၊ ဘိုးတော်-မယ်တော် ကိုးကွယ်မှု ၊   ရှင်ဥပဂုတ် ကိုးကွယ်မှု ၊    မင်းဝတ်ရုပ်ပွား  ကိုးကွယ်မှု ၊
ဒက္ခိဏသာခါ နှင့် အခြားရုပ်ပွား ကိုးကွယ်မှု တို့မှာ   ထေရ၀ါဒ ဗုဒ္ဓသာသနာ မဟုတ်ကြပေ....
(မိမိ ယုံကြည်ရာ ကိုးကွယ်နိုင်ပါသည်..ထေရ၀ါဒ မဟုတ်ကြောင်းသာ ညွန်းဆိုပါသည်)

ထေရ၀ါဒ နှင့် ရောနှောနေသော ယုံကြည်မှုများလည်း ရှိနေပါသေးသည် ..
ဂန္ဓာရီအတတ် ယုံကြည်မှု ၊ ဗေဒင်ယုံကြည်မှု ၊ ရသေ့စိတ်ဖြေရာ ကျမ်းစာများ ၊ အတိတ် နိမိတ်စသည်
ယုံကြည်မှု ၊ နှင့် မန္တန်ရွတ်ဆို ယုံကြည်မှု ၊   စိပ်ပုတီး ပြဿနာ    (သီးခြားဆောင်းပါးရေးပါမည် ) နှင့်
သိဒ္ဓိတင်ခြင်း(သီးခြားဆောင်းပါးရေးပါမည်) တို့သည်    စင်စစ် ထေရ၀ါဒ ၌   ရောနှော      နေသော
ယုံကြည်မှုများပင် ဖြစ်တော့သည်....

အလောင်းတော် သိဒ္ဓတ္ထမင်းသားသည် မဇ္ဈိမ ပဋိပဒါ လမ်းစဉ်ကို ကျင့်သုံးလျှက် တရားမှန်ကို ရှာဖွေခဲ့ရာ
မဟာသက္ကရာဇ် ၁၀၃-ခု၊ ကဆုန် လပြည့်၊    ဗုဒ္ဓဟူးနေ့ တွင် သစ္စာလေးပါးကို သိမြင်၍   ဘုရားအဖြစ်သို့
ရောက်ရှိခဲ့သည် ..ဗုဒ္ဓအဖြစ်သို့ ရောက်ရှိပြီးနောက် လူသားတို့၏ မှားယွင်းသော လူနေမှုဘ၀ ဓလေ့ကြီးကို
တွေ့မြင်လာရပြီး .. မိမိဝန်းကျင်၌ရှိသော ကိုးကွယ်မှု အမှားများ၊   ယုံကြည်မှု အလွဲများကို   ထောက်ပြ၍
မှန်ကန်သော သစ္စာလမ်းကြောင်းပေါ်သို့ ရောက်အောင် ပို့ဆောင်ပေးခဲ့တော်မူပါသည်...လူသားတစ်ဦး၏
ဘ၀ကို တရားဓမ္မဖြင့်သာ နေထိုင်ကြရန် လမ်းညွှန်ခဲ့ပါသည်.. လူတို့သည် မိမိတို့၏ဘ၀ကို မိမိတို့ ကိုယ်တိုင်
သာ ဖန်တီးသည်..   ကိုယ့်ကံ ကိုယ်ပြု၍ ကိုယ့်အမှု ကိုယ်ဆောင်ကြရသည်. . မိမိဘ၀အတွက် ကောင်းမှု ၊
ဆိုးမှုတို့ကို မိမိကိုယ်တိုင်သာလျှင် ဖန်တီးသည်ဟု ဟောကြားခဲ့ပါသည်..ကောင်းမှု/ မကောင်းမှု သဘော
တရားများကိုလည်း ဟောကြားပြသခဲ့ပါသည်..   မကောင်းမှုရှောင် ကောင်းမှုဆောင်ရန်လည်း ညွှန်ကြား
တော် မူခဲ့ပါသည်..

သို့ပါသော်လည်း..
လူအချို့သည် မိမိဘ၀အတွက် ကယ်တင်ရှင်ကို ရှာမှီး ကိုးကွယ်နေကြသည်..မမြင်ရသော ၊ မမြင်ဘူးသော
ကြားဖူးနားဝရှိသော နတ်ဒေ၀တာတို့၏ ကူညီ မစမှုကို အတွေးစိတ္တဇဖြင့် တောင်းတနေကြသည်..တောင်းခံ
နေကြသည်..     မိမိတို့ လူသားအချင်းချင်း ကယ်တင်နိုင်လိမ့်မည် ဟု   ထင်သော ပုဂ္ဂိုလ်များ၏ မ စ မှု ကို
မျှော်လင့်နေကြသည်..    ဓာတ်ပွင့်အောင် ၊   စန်းပွင့်အောင် တောင်းဆိုနေကြသည် .. ကောင်း မှု မ င်္ဂ လာ
အဖြာဖြာ နှင့် ပြည့်စုံပါစေကြောင်း  ရှိခိုး  ဦးတင်၍ တောင်းဆု ပန်ဆင်နေကြသည် ...

တကယ်တန်းစမ်းစစ်လျှင် ..
လူသားတစ်ဦး ၏ ကောင်းမှု / ဆိုးမှုကို လမ်းကြောင်းပြောင်း၍ တိမ်းစောင်းသွားအောင် ဘယ်ပုဂ္ဂိုလ်ကမှ
ရွက်ဆောင် မပေးနိုင်ပေ .. ဆုတောင်းပေး၍လည်း မရနိုင် ..  မိမိကိုယ်ကိုသာလျှင် မိမိကယ်တင်ရှင် ဖြစ်
ပေသည်...   ဤ သဘောတရားသည် ထေရ၀ါဒ ဗုဒ္ဓသာသနာ ..၏ လမ်းစဉ် စစ်စစ်ပင် ဖြစ်တော့သည်...
ယခု အကျွန်ုပ်တို့ မြန်မာနိုင်ငံသည် ထေရ၀ါဒ ဗုဒ္ဓဘာသာ သန့်သန့်ကို လက်ခံ ယုံကြည် ကိုးကွယ်ခဲ့သည်မှာ
နှစ်ပေါင်း ၁၀၀၀-နီးပါး ရှိပြီဖြစ်သည်..   ထေရ၀ါဒ ဦးဆောင် နိုင်ငံလည်းဖြစ်သည် ..ဗုဒ္ဓဘာသာ ၏ လူနေမှု
ဘ၀ကို လေ့လာစရာ စံပြနိုင်ငံလည်းဖြစ်သည်.. အရှည်တည်တံအောင်ဟု ဆိုခဲ့လျှင် မျက်ကန်း ဗုဒ္ဓဘာသာဝင်
မဖြစ်ဖို့ လိုပါလိမ့်မည်...   မျက်စိကိုဖွင့် ..   နားကိုစွင့်ရပါမည်...   ဗုဒ္ဓဘာသာဝင်တိုင်း   တတ်သိ   လိုက်နာ
ကျင့်ကြံ အားထုတ်မှုဖြင့် အဖက်ဖက် မှ ၀ိုင်းဝန်းကာဆီးရန် အချိန်တန်ပြီ ဖြစ်တော့သည်...

မြတ်ဗုဒ္ဓ ၏
ဓမ္မအနှစ်   တရားစစ်တို့
နွမ်းညစ်သေးသိမ်   မမှေးမှိန်ခင်
အလိမ်အညာ   မှားမိစ္ဆာတို့
များစွာထောင်သောင်း   အားမကောင်းခင်
ဘက်ပေါင်းစုံမှ   နည်းလမ်းချ၍
ဝါဒမှားယွင်း   အမိုက်သင်းကို
ပယ်ရှင်းချေမှုန်း    ပပျောက်သုဉ်းဖို့
အားလုံးတာဝန်ရှိသည်တကား .....

ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု .... ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု .... ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု ....

သင်ဆရာ ..ကြားဆရာ ..မြင်ဆရာများအား အစဉ် ထာဝရ ဦးညွှတ်လျှက် ...
လေးစားစွာဖြင့် .....
==========================================================
data အချက်အလက်များကို အရှင်ဧသိက(ရေစကြို) ၏ ထေရ၀ါဒ ဗုဒ္ဓသာသနာ နှင့် ဒုလ္လဘ ဦးဇင်းဝတ်ခဲ့စဉ်ကဆရာတော်များ၏ ဆုံးမချက်များ မှ ကိုးကား၍ အမှတ်(၇၃) ၊ ဓမ္မရံသီမဂ္ဂဇင်း မှ ချမ်းမြေ့သာရ ၏ ကဗျာကို ကူးယူပါသည်......
==========================================================

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...