စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သက်သတ်လွတ်နှင့်အသားကြီးဆယ်မျိုး

ဗုဒ္ဓဘာသာဝင်များ သက်သတ်လွတ် စားသင့်သလား၊ မစားသင့်ဘူးလား ဆိုတာကို ဆရာတော်နှစ်ပါးရဲ့ အမေးအဖြေများကို တိုက်ရိုက် ဖတ်ရှုစေခြင်းအားဖြင့် ဓမ္မဒါနပြုလိုက်ပါသည်။ လျှောက်ထားမေးမြန်းသူကတော့ ဆရာတော်အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)ပါ။ပြန်လည် မိန့်ကြားဆုံးမလမ်းညွှန်ထားသူကတော့ ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)ပါ။အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)ရေးသားသောနို့နှစ်လုံးဖိုးကြေပါတယ်
ဆိုတဲ့စာအုပ်ထဲတွင်ပါဝင်သော"သက်သတ်လွတ်နှင့်အသားကြီးဆယ်မျိုး"ဆိုသော
ခေါင်းစဉ်ကိုတိုက်ရိုက်ပြန်လည်ဖော်ပြအပ်ပါတယ်။ အားလုံး ကောင်းမွန်ရိုသေစွာနားကြားကြပါ။
အရှင်ဘုရား...
ဗုဒ္ဓဘာသာဝင် လူဝတ်ကြောင်တွေကို သက်သတ်လွတ်စားဖို ဆင်၊မြင်း၊ကျွဲ၊နွား၊ဝက် ဆိုတဲ့ အသားကြီးငါးမျိုးရှောင်ကြဉ်ဖို့ မြတ်စွာဘုရားရှင်ရဲ့ မိန့်ကြားချက် ထေရဝါဒပိဋကတ်တော်မှာ ရှိ-မရှိ ဖြေကြားပေးတော်မူပါဘုရား...။
ဦးဇင်းရဝေနွယ်ရေ...
ထေရဝါဒ ဗုဒ္ဓအဆုံးအမနဲ့ ဆန့်ကျင်တဲ့ အပြောအဆို၊အရေးအသားတွေကို အကြောင်းသင့် အကျိုးသင့် ရှင်းပြပြီး ဖယ်ရှားသုတ်သင်ရမယ့် တာဝန်ဟာ ထေရဝါဒ ဗုဒ္ဓဘာသာဈင်တိုင်းရဲ့ မထမ်းမဖြစ် ထမ်းဆောင်ရမယ့် 'ဘုရားပေးတာဝန်' တစ်ခုဖြစ်ပါတယ်။(ဗုဒ္ဓဘာသာဝင် အမည်ခံပြီး ပြောဆိုရေးသားတာတွေကို ပြောတာပါ။တခြားဘာသာဝင်တွေရဲ့ ကိုယ့်ဘာသာဆိုက်ရာပြောဆိုရေးသားမှုတွေကိုတော့ ဝင်ရောက်စွက်ဖက်စရာ လုံးဝမလိုပါဘူး။)
မြတ်စွာဘုရားရှင်က ဗြဟ္မဇာလသုတ္တန်မှာ 'အဘူတံ အဘူတယော နိဗ္ဗေဌေတဗ္ဗံ - မမှန်တာကို မမှန်ဘူးလို့ ဖြေရှင်းပြရမယ်' လို့မိန့်ကြားတော်မူထားပါတယ်။ဘုရား၊တရား၊သံဃာ ရတနာသုံးပါးနဲ့ ပတ်သက်တဲ့ မဟုတ်မမှန်တာတွေကို 'ဘာကြောင့် မဟုတ်ဘူး၊ ဘာကြောင့် မမှန်ဘူး' လို့ အကြောင်းအကျိုး ခိုင်လုံစွာဖြေရှင်းပြရမယ်...တဲ့။ သည်းခံတာပဲ ကောင်းပါတယ် ဆိုပြီး နှုတ်ဆိတ်ငြိမ်တိတ် မနေရဘူး...တဲ့။အဲဒီလို ဘာမှပြန်ဖြေရှင်းမပြဘဲ နှုတ်ပိတ်နေတာဟာလည်း သည်းခံခြင်းအစစ် မဟုတ်ပါဘူး...တဲ့။
ရဝေနွယ်ရေ...
မြတ်စွာဘုရားရှင်က ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်တဲ့ လူဝတ်ကြောင် ဒကာ၊ဒကာမတွေကို သက်သတ်လွတ်စားဖို့ လုံးဝမိန့်ကြားတော် မမူခဲ့ပါဘူး။ လူဝတ်ကြောင်တွေကိုသာ မဟုတ်ပါဘူး၊ သာသနာ့ အတွင်းသား ရဟန်းတော်များကိုလည်း သက်သတ်လွတ်စားဖို့ လုံးဝ ပညတ်တော်မမူခဲ့ပါဘူး။
သက်သတ်လွတ်စားရုံသက်သက်နဲ့ ကုသိုလ်မရနိုင်လို့ မြတ်စွာဘုရားရှင်က သက်သတ်လွတ်စားဖို့ တိုက်တွန်းတော်မမူခဲ့တာပါ။
ပါးစပ်ထဲ ထည့်သွင်းလိုက်တဲ့ အစားအစားတစ်ခုကို 'ဟိုဟာ ဒီဟာပဲ' လို့ရွေးချယ်သတ်မှတ်လိုက်ရုံနဲ့ အလိုလိုနေရင်း ကုသိုလ်စိတ်၊ အကုသိုလ်စိတ် ဖြစ်မသွားပါဘူး။ အစားအစာဟာ အစားအစာပါပဲ။ ဘာအစားအစာကိုပဲ စားစား ကုသိုလ်ဖြစ်အောင် နှလုံးသွင်းဆင်ခြင်ပြီးစားရင် ကုသိုလ်ရပါတယ်။ အကုသိုလ်ဖြစ်အောင် စဉ်းစားတွေးတောပြီး စားရင် အကုသိုလ်ရပါတယ်။
အစားအစာတစ်ခုကို စားနေစဉ်မှာဖြစ်တဲ့ လူတစ်ယောက်ရဲ့ ကုသိုလ်စိတ်နဲ့ အကုသိုလ်စိတ်ကို သူစားနေတဲ့ အစားအစာက မပြဌာန်းပါဘူး။ သူ့သန္တာန်မှာဖြစ်နေတဲ့ စိတ်ထား၊ အတွေး၊ နှလုံးသွင်းကပဲ ပြဌာန်းပါတယ်။
'အစားအစာကအဓိကမဟုတ် စိတ်ကသာအဓိက' ဖြစ်တဲ့အတွက် အစာစားရင်း ကုသိုလ်ရချင်ရင် အစာကို ရွေးချယ်နေစရာမလိုဘဲ စိတ်ကိုသာ ပြုပြင်နေဖို့ လိုအပ်ပါတယ်။ ကိုယ်နဲ့မျှတတဲ့ အစားအစာကို ရွေးချယ်တဲ့ 'ဘောဇနသပ္ပာယ' ကတော့ တစ်ပိုင်း တစ်ကဏ္ဍပေါ့။ ('သက်သတ်လွတ်နှင့် သပ္ပာယ'အကြောင်း ဆောင်းပါး သီးသန့် ရေးပါမယ်။)
သက်သတ်လွတ်အစားအစာကို ပါးစပ်ထဲ ထည့်လိုက်ရုံနဲ့ အလိုလိုနေရင်း ကုသိုလိရမသွားသလို အသားငါးအစားအစာများကို ပါးစပ်ထဲ ထည့်လိုက်ရုံနဲ့လည်း အလိုလိုနေရင်း အကုသိုလ်ဖြစ်မသွားပါဘူး။
သက်သတ်လွတ်စားရင်း လောဘ၊ ဒေါသဖြစ်စရာတွေ တွေးနေမယ်၊ အကုသိုလ်ဖြစ်စရာစကားတွေ ပြောနေမယ်ဆိုရင် သက်သတ်လွတ်စားရင်း အကုသိုလ် တိုးနေပါတယ်။
အသားငါးစားရင်း လောဘ၊ ဒေါသငြိမ်းကြောင်း ဘာဝနာတစ်ခုခုကိုပွားနေမယ်၊ ကုသိုလ်ဖြစ်စရာ စကားတွေ ပြောနေမယ်ဆိုရင် အသားငါးစားရင်း ကုသိုလ်တိုးနေပါတယ်။
အတွေးကြောင့်ဖြစ်တဲ့ ကုသိုလ်၊ အကုသိုလ်က သပ်သပ်၊ အစားကြောင့်ဖြစ်တဲ့ ကုသိုလ်၊ အကုသိုလ်က သပ်သပ်၊ရယ်လို့ မရှိပါဘူး။ သက်သတ်လွတ်အစားအစာဟာ ကုသိုလ်အစားအစာ မဟုတ်သလို အသားငါး အစားအစားဟာလည်း အကုသိုလ်အစားအစာမဟုတ်ပါဘူး။
သက်သတ်လွတ်စားရုံသက်သက်နဲ့ ကုသိုလ်ရတယ်ဆိုရင် နို့စို့ကလေးတွေ အမေနို့ စို့နေတဲ့အချိန်၊ မြီးကောင်ပေါက် ကောင်မလေးတွေ သရက်ပေါင်း၊ ဆီးပေါင်း စားနေတဲ့အချိန်၊ ရုပ်ရှင်ဗီဒီယိုကြည့်သူတွေ နေကြာစေ့၊ ကွာစေ့ ဝါးနေတဲ့အချိန်၊ အရက်သမား ဘီယာသမားတွေ အရက် ဘီယာ သောက်နေတဲ့အချိန်၊ အရက် ဘီယာ သောက်ရင်း အာလူးကြော်၊မြေပဲလှော် မြည်းနေတဲ့ အချိန်တွေမှာလည်း သူတို့တစ်တွေ အလကားနေရင်း ကုသိုလ်ရနေမှာပေါ့။ အဲဒါတွေအားလုံး သက်သတ်လွတ်တွေချည်းပဲ မဟုတ်လား။
ပွင့်တော်မူပြီးသမျှ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာအရှင်မြတ်တွေ အားလုံး အသားငါး အစားအစာရော၊ အသီးအရွက် အစားအစာပါ ကြုံရာ ရရာကို စားရင်း ကျင့်ကြံကြိုးကုတ် အားထုတ်ခဲ့ကြလို့ ဘုရားအဖြစ်၊ ပစ္စေကဗုဒ္ဓါအဖြစ်၊ ရဟန္တာအဖြစ်ကို ရောက်တော်မူခဲ့ကြပါတယ်။ သက်သတ်လွတ်စားတဲ့ ကုသိုလ်ကြောင့် ဘုရား၊ ပစ္စေကဗုဒ္ဓါ၊၊ ရဟန္တာ ဖြစ်သွားတဲူ့ တစ်ဦးတစ်ယောက်မှ မရှိပါဘူး။
သက်သတ်လွတ်စားရုံသက်သက်နဲ့ ကုသိုလ်မရနိုင်တဲ့အတွက် အရှင်ဒေဝဒတ်ရဲ့'ရဟန်းတော်တိုင်း သက်သတ်လွတ်စားရန်' ပညတ်ပေးဖို့ အဆိုပြုချက်ကို မြတ်စွာဘုရား၇ှင်က 'ဗီတိုအာဏာ'ထက်အဆပေါင်းများစွာ သြဇာကြီးတဲ့ 'ဗုဒ္ဓအာဏာ' နဲ့ ပြတ်ပြတ်သားသား ပယ်ချတော်မူခဲ့ပါတယ်။
ကိုယ့်အတွက် သီးခြား ရည်စူးပြီး သတ်တာလို့ မမြင်ရင်၊ မကြားရင်၊ မယုံမှားရင် လူဝတ်ကြောင်တွေအနေနဲ့ ဘယ်အသားကိုမဆို စားယောက်သုံးဆောင်နိုင်ပါတယ်။ လူဝတ်ကြောင်တွေ ရှောင်ကြဉ်ရမယ့်အသား တစ်ခုမှမ၇ှိပါဘူး။ ရဟန်းတော်တွေကတော့ 'လူသား၊ ဆင်သား၊ မြင်းသား၊ ခွေးသား၊ မြွေသား၊ ခြင်္သေ့သား၊ ကျားသား၊ ကျားသစ်သား၊ ဝက်ဝံသား၊ အောင်းသား' ဆိုတဲ့ 'အသားကြီးဆယ်မျိုး' ကို လုံးဝရှာင်ကြဉ်ကြရပါမယ်။
မြတ်စွာဘုရား၇ှင်လက်ထက်တုန်းက 'သုပ္ပိယာ' ဆိုတဲ့ ဥပါသိကာမ တစ်ယောက် က အသားစွပ်ပြုတ် လိုအပ်နေတဲ့ ဝမ်းလျှော ရဟန်းတော်တစ်ပါးကို ဈေထဲမှာ အသားဝယ်လို့မရတဲ့အတွက် မိမိရဲ့ ပေါင်သားကို လှီးဖြတ် စွတ်ပြုတ်လုပ်ပြီး ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။
မြတ်စွာဘုရားသိသွားတဲ့အခါ ဘာအသားလဲလို့မစူးစမ်းဘဲ စိပ်ပြုတ်သောက်လိုက်တဲ့ ရဟန်းတော်ကို ကဲ့ရဲ့ရှုတ်ချပြီး ရဟန်းတော်များ လူသားလုံးဝမစားဖို့ပညတ်ချက် ထုတ်လိုက်ပါတယ်။ 'ဘာအသားဟင်းလဲ လို့ မစူးစမ်း၊ မမေးမြန်းဘဲ အသားဟင်း မစားရ၊ စားလျှင် ဒုက္ကဋ်အာပတ်သင့်စေ' လို့လည်း ဝိနည်းစည်းကမ်း သတ်မှတ်လိုက်ပါတယ်။
အစာရေစာ ရှားပါးတဲ့ တစ်ချိန်တုန်းက အလိုလို သေဆုံးသွားကြတဲ့ ရှင်ဘုရင်ရဲ့ ဆင်တွေ၊ မြင်းတွေကို လူတွေက ဆင်သား၊ မြင်းသားဟင်း၊ ချက်စားကြပြီး ရဟန်းတော်တွေကိုလည်း လောင်းလှူကြပါတယ်။ ဘုဉ်းပေးတဲ့ ရဟန်းတော်တွေကို လူတွေက 'ကိုယ်တော်တွေ ဘာလို့ ဆင်သား၊ မြင်းသား စားကြတာလဲ၊ ဆင်တို့၊ မြင်းတို့ဆိုတာ ရှင်ဘုရင်ရဲ့ အသုံးအဆောင်တွေ၊ မင်းအင်္ဂါတွေပဲ၊ ရှင်ဘုရင်သာသိရင် ကိုယ်တော်တွေကို ကျေနပ်မှာ မဟုတ်ဘူး' လို့ ကဲ့ရဲ့ကြတဲ့အတွက် မြတ်စွာဘုရား၇ှင်က ရဟန်းတော်တွေ ဆင်သား၊ မြင်းသား မစားဖို့ ပညတ်တော်မူရပြန်ပါတယ်။
လူတွေလောင်းလှူလို့ ခွေးသား၊ မြွေသား ဘုန်းပေးကြပြန်တော့လည်း 'စက်ဆုပ်စရာကြီး၊ ရွံစရာကြီး၊ ဘာလို့ ဘုဉ်းပေးကြတာလဲ' လို့ကဲ့ရဲ့ကြပြန်တဲ့အတွက် ခွေးသား၊ မြွေသား မစားဖို့ ပညတ်တော်မူ၇ပြန်ပါတယ်။ မြွေသားမစားဖို့ ပညတ်တဲ့နေရာမှာတော့ 'သုပဿ' ဆိုတဲ့နဂါးမင်းက 'သဒ္ဓါတရားမ၇ှိတဲ့ နဂါးမျိုး၊ မြွေမျိုးတွေက ရဟန်းတော်တွေကို ဘာမဟုတ်တဲ့အကြောင်းလေးတွေလောက်နဲ့လည်း ညှင်းဆဲနှိပ်စက်နိုင်တဲ့အတွက် ရဟန်းတော်များ မြွေသားမစားဖို့ တောင်းပန်ပါတယ်'လို့ မြတ်စွာဘုရားရှင်ကို တောင်းပန်လျှောက်ထားခဲ့တာလည်း အကြောင်းတရားတစ်ခုအဖြစ် ပါဝင်ပါတယ်။
တောမုဆိုး လောင်းလှူတဲ့ ခြင်္သေ့သား၊ ကျားသား၊ ကျားသစ်သား၊ ဝက်ဝံသား၊ အောင်းသားတွေကို ဘုဉ်းပေးပြီး တောထဲမှာ သီတင်းသုံးကြပြန်တော့လည်း ခန္ဓာကိုယ်က ထွက်တဲ့ ခြင်္သေ့သားနံ့၊ ကျားသားနံ့၊ ကျားသစ်သားနံ့၊ ဝက်ဝံသားနံ့၊ အောင်းသားနံ့တွေကြောင့် ခြင်္သေ့တွေ၊ ကျားတွေ၊ ကျားသစ်တွေ၊ ဝက်ဝံတွေ၊ အောင်းတွေက ရဟန်းတော်တွေကို အမျိုါ်မျိုး ညှဉ်းဆဲတိုက်ခိုက် ရန်ပြုကြပြန်တဲ့အတွက် မြတ်စွာဘုရားရှင်င အဲဒီအသားတွေမစားကြဖို့ ရဟန်းတော်တွေကို ပညတ်ချက် ထုတ်ပြန်တော်မူရပြန်ပါတယ်။
အာပတ်အပြစ်အနေနဲ့ကတော့ လူသားစားရင် ထုလ္လစ္စည်းအာပတ်၊ ကျန်အသားကိုးမျိုးစားရင် ဒုက္ကဋ်အာပတ် သင့်ပါတယ်။ ဒီဆယ်မျိုးကို အသားသား မစားကောင်းတာမဟုတ်ပါဘူး။။ အရိုး၊ အရေ၊ အသား၊ အသွေး၊ အမွေး ဘာကိုမှ မသုံးကောင်းပါဘူး။ သုံးရင် အာပတ်သင့်ပါတယ်။
အသားကြီး ဆယ်မျိုးက လွဲရင် ဘယ်အသားငါးကိုမဆို ရဟန်းတော်များ ဘုဉ်းပေးကောင်းပါတယ်။ ဘာအာပတ်မှ မသင့်ပါဘူး။ ဘာအကုငိုလ်မှ မဖြစ်ပါဘူး။ လောကီ လောကုတ္တရာ ဘယ်လိုကောင်းကျိုးမျိုးကိုမှ မတားမြစ်နိုင်ပါဘူး။
ရဝေနွယ်မေးတဲ့ 'ဆင်၊မြင်း၊ကျွဲ၊နွား၊ဝက်' ထဲကဆင်နဲ့မြင်းကိုတော့ ရဟန်းတော်များ လုံးဝ ရှောင်ကြဉ်ရပါမယ်။ ကျွဲ၊ နွား၊ ဝက် ကိုတော့ရှောင်ကြဉ်စရာ မလိုပါဘူး။ ကိုယ်နဲ့တည့်ရင် စားနိုင်ပါတယ်။
လူဝတ်ကြောင်တွေကတော့ ဆင် ၊မြင်း ၊ကျွဲ ၊နွား ၊ဝက် ငါးမျိုးစလုံးဆန္ဒရှိသလို စားနိုင်ပါတယ်။ မတည့်လို့ ရှောင်တာကလွဲရင် အကုသိုလ် ကြောက်ပြီးလည်း ရှောင်စရာ မလိုပါဘူး။ ကိုယ်လိုချင်တဲ့ ကောင်းကျိုးတွေ မရမှာ၊ ကိုယ်ကျင့်နေတဲ့ ကျင့်စဉ်တွေ မအောငါမြင်မှာ ကြောက်ပြီးလည်း ရှောင်စရာ မလိုပါဘူး။ အသားကြီး ငါးမျိုး ရှောင်ကြဉ်ရုံနဲ့လည်း အလိုလိုနေရင်း ကုသိုလ်ရမသွားပါဘူး။ ကိုယ့်ဘာသာကိုယ် မစားချင်လို့ မစားတာကိုလည်း ဘာမှထူးပြီး ချီးမွမ်းစရာ မရှိပါဘူး။
အဆန်းမထွင်ဘဲ ဘုရားဟောမူရင်းအတိုင်း လိုက်နာကျင့်ကြံကြတဲ့ ဘုရားသားတော် ရဟန်းတော်(အမှန်အကန်)တွေက ဘုရားဟော ပိဋကတ်တော်နဲ့အညီ ပြောကြရေးကြတာကို ဘယ်သူ့ပုတ်ခတ်တာ၊ ဘယ်ဝါ့ စော်ကားတာတလို့ မကျေမနပ် တုံ့ပြန်ကြတာ လုံးဝသဘာဝ မကျပါဘူး။
ဘုရားဟော မရှိလို့ မရှိဘူးပြောတာ၊ ဘုရားဟောနဲ့မညီလို့ မညီဘူးပြောတာ စိတ်ဆိုးစရာ၊ ဒေါသထွက်စရာ မဟုတ်ပါဘူး။ ဝမ်းမြောက်စရာ၊ ကျေးဇူးတင်စရာပါ။ အယူမှန် သမ္မာဒိဌိကို မြတ်နိုးတယ် ဆိုရင်ပေါ့။ ကိုယ့်အပြော ကိုယ့်လုပ်ရပ်ကို ဘုရားဟောနဲ့မညီဘူးလို့ အပြောမခံချင်ရင် အစကတည်းက ဘုရားဟောနဲ့ညီအာင်ပြောပြီး ဘုရားဟောနဲ့ညီအောင် လုပ်ရုံပါပဲ။
'အဘူတံ အဘူတတော နိဗ္ဗဌေတဗ္ဗံ - မမှန်တာကို မမှန်ဘူး လို့ ဖြေရှင်းပြရမယ်' ဆိုတဲ့ ဗုဒ္ဓအဆုံးအထဲက 'မမှန်' ဆိုတာ ဘုရားဟာ အမှန်၊ တရားသဘောအမှန်နဲ့ ဆန့်ကျင်တဲ့ 'မမှန်' ကိုပြောတာပါ။ ကိုယ့်အကြိုက်၊ ကိုယ့်အမှန်နဲ့ဆန့်ကျင်တဲ့ 'မမှန်' ကိုပြောတာ မဟုတ်ပါဘူး။ ကိုယ်ကြိုက်လို့ ကိုယ်မှန်တယ်ထင်တဲ့ အမှန်မှားနဲ့ ဆန့်ကျင်တိုင်းသာ 'မမှန်' လို့ လိုက်ဖြေရှင်းနေရမယ်ဆိုရင်တော့ ဖြေလေ ရှုပ်လေ၊ ရှင်းလေ မှားလေ ဖြစ်နေမှာ သေချာပါတယ်။ ။
'မကျင့်လည်းမှား ကျင့်လည်းမှား'တဲ့
အဖြစ်ဆိုးမျိုးမှ
လွတ်မြောက်နိုင်ကြပါစေ။
[အလင်းတန်းဂျာနယ်၊ နိုဝင်ဘာ(၁၁)၊ ၂၀၀၂။]
ကျမ်းညွှန်း ။ ။ - သီလက္ခန်ပါဠိတော်၊ စာ - ၃။
- ဝိနည်းမဟာဝါပါဠိတော်၊ စာ - ၃၁၀ မှ ၃၁၄။
အထက်ပါတရားကို ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမိတောရ)ရေးသားသော 'နို့နှစ်လုံးဖိုး ကျေပါတယ်' ဆိုသောစာအုပ်မှတိုက်ရိုက်ကူယူဖော်ပြပြီး ဓမ္မဒါန ပြုလိုက်ပါတယ်
အားလုံးကို ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...