စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လက်ခုပ်တီးပြီး ငါးဟင်းစားမယ်

ခုဘ၀မှာ စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ လူဖြစ်ကျိုးနပ်ချင်လျှင်….
(၁) တစ်နေ့အနည်းဆုံးလက်ခုပ် သုံးခါတီး
(၂) ငါးဟင်းအမြဲတမ်းစား
(၃) ရေအေးအခါခါသောက်
(၄) တောင်ဝှေးသုံးချောင်းထောက်။
အဲဒါတွေကိုလုပ်ရင်တော့ ခုဘ၀မှာ စိတ်ချမ်းသာကိုယ့်ချမ်းသာနဲ့ တမလွန်ဘ၀အတွက်လဲ စိတ်အေးချမ်းသာရမှာသေချာတယ်…တဲ့။
မန္တလေးမြို့ ရွှေရေးဆောင်တိုက်ဆရာတော်ကြီး မိန့်တော်မူတဲ့ သြ၀ါဒပါ။
ကဲ…မိတ်ဆွေရဲ့စိတ်ထဲ ဘယ်လိုကြီးပါလိမ့်လို့ ဖြစ်နေသလား ရှေ့ဆက်ပြီးဖတ်ကြည့်လိုက်နော်….
(၁)တစ်နေ့အနည်းဆုံးလက်ခုပ်သုံးခါတီးပါ…
တကယ်လက်ခုပ်တီးရင်တော့ လက်နာရုံပဲအဖတ်တင်မှာပေါ့..။
လက်ခုပ်တီးဆိုတာ ပရိယာယ်နဲ့ပြောတာပါ..။ တကယ့်အဓိပ္ပာယ်က တစ်နေ့ကို လက်အုပ်ကလေးချီပြီးတော့ ရတနာသုံးပါ အနန္တငါးပါး မနက်တစ်ခါ နေ့အလုပ်လုပ်ချိန်တစ်ခါ ညတစ်ခါ သုံးခါရှိခိုးပါတဲ့။ သြော်…အလုပ်လုပ်ခါနီး ရှိခိုးဆိုလို့ အာရုံပြုလဲ ရှိခိုးတာပါပဲနော်..။ သုံးခါထက် များနိုင်ရင်တော့ များများတီးပေးပေါ့။ အန္တရာယ်ကင်းတဲ့ လက်ခုပ်တီးနည်း ဘေးရှင်းတဲ့ လက်ခုပ်တီနည်းပါ။ ဘေးကင်းတော့ ကိုယ်စိတ်ချမ်းသာတာပေါ့…။ ကဲ…ပျော်ပျော်ပါးပါး နေ့တိုင်းလက်ခုပ်တီးကြစို့နော်…။
(၂)ငါးဟင်းအမြဲတမ်းစား…တဲ့
ငါးဟင်းစားဆိုလို့ နေ့တိုင်းသာ တကယ့်ငါးဟင်းစားရလျှင် မွဲရချည်ရဲ့၊ ငါးဈေးကကြီးတာကိုး၊ တကယ်ငါးဟင်းစားရမှာကို ဆိုလိုတာမဟုတ်ပါဘူးဗျာ…။
ငါးပါးသီလမြဲရမယ်လို့ ဆိုလိုတာပါ။ (၁)သူ့အသက်မသတ်နဲ့၊ တတ်နိုင်ရင် သူ့အသက်ကိုကယ်လိုက်ပါဦး။ (၂)သူ့ဥစ္စာမခိုးနဲ့ မ၀ှက်နဲ့၊ ဈေးရောင်းရင်း အလေးချိန်မခိုးနဲ့၊ တင်းပြည်တောင်း ဂါလံတွေ မခိုးနဲ့၊ တတ်နိုင်ရင် သူ့ဥစ္စာကို မပျောက်မပျက်ရအောင် စောင့်ရှောက်ပေးလိုက်ပါဦးဗျာ။ (၃)သူတစ်ပါးသားမယားတွေကို မပြစ်မှားနဲ့၊ အိမ်ထောင်ရေးတွေ မဖောက်ပြန်နဲ့၊ ဒီထက်စွမ်းနိုင်ရင် သူတစ်ပါး သားမယားနဲ့ အပျိုလူပျိုတို့ကို စောင့်ရှောက်ကာကွယ်ပါ။ လူကုန်ကူးမှုစတာတွေ မကြုံရအောင် စောင့်ရှောက်ပေးပါဦးနော်။ (၄)လိမ်မပြောနဲ့ ညာမပြောနဲ့၊ မုသားမသုံးနဲ့၊ အမှန်တရားကိုမြတ်နိုးပါ၊ အဟဲ….သက်သေလိုက်ရတာတို့နဲ့ ကြုံရင်လဲ အမှန်ကိုသာ ဖော်ထုတ်ပေးလိုက်ပါဗျာ (ငွေများ တရားနိုင် မဖြစ်စေနဲ့ပေါ့ဗျာ)။ (၅)မူးယဇ်ဆေးဝါး မသုံးစွဲနဲ့ အရက်သေစာ စတဲ့ လူစိတ်ကို ထုံထိုင်းစေတတ်တဲ့ ယဇ်မူးစေတတ်တာတွေကို မမှီဝဲနဲ့၊ ဒီထက်ပိုပြီးစွမ်းနိုင်သေးရင် မူးယဇ်ကင်းစင်ရေးလှုပ်ရှားပေးပါဦး။ အဲဒီငါးပါးသီလကို အမြဲစောင့်ထိမ်းသောအားဖြင့် ငါးဟင်းအမြဲစားလို့ ဆိုတာပါတဲ့။ သီလလုံတော့ လူတွေယုံတယ်၊ ဂုဏ်သတင်းလဲ ပျံ့သင်းမွှေးကြိုင်မယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်သူဟာ ရဲရင့်လာတာပါပဲ..အောင်မြင်မှုတွေလဲ ရလာတာပါပဲ။ သွားလေရာမှာ မျက်နှာပွင့်လန်းမယ်၊ ချစ်သူခင်သူ အပေါင်းအသင်းပေါများလာမယ်လေ…။ ကိုယ့်ကိုယ်ကို ယုံကြည်ဖို့ သူတစ်ပါးက ယုံကြည်ဖို့စတဲ့ အကျိုးတွေနဲ့ စိတ်ရောကိုယ်ပါ ရွှင်လန်းစေဖို့ ငါးဟင်းအမြဲစားပေးနော်…၊ တကယ်ငါးဟင်းတော့ မဟုတ်ဘူးပေါ့ဗျာ…။
(၃) ရေအေးသောက်ပါဦး…တဲ့နော်
ရေဆိုတဲ့သဘောက ကြည်လင်စေတယ်၊ ရွှင်လန်းစေတယ်၊ အညစ်အကြေးတွေကို စင်ကြယ်စေတယ်၊ နွမ်းနယ်မှုကို ပြေစေတယ်..ဒါကြောင့် ရေအေးသောက်ခိုင်းတာပေါ့။ ဒါပေမယ့် ဒီမှာက တကယ်ရေအေးကို ပြောတာမဟုတ်ပါဘူး။ မေတ္တာရေအေးကို ပြောတာပါ.. မေတ္တာက စိတ်ကြည်လင်စေတယ်၊ စိတ်ကိုရွှင်လန်းစေတယ်၊ စိတ်ကိုမချမ်းသာစေတဲ့အညစ် အကြေးတွေကို စင်ကြယ်စေတယ်၊ စိတ်နွမ်းနယ်မှုကို ပြေစေတယ်၊…လူမှုဆက်ဆံရေးမှာ မေတ္တာပါမှ အဆင်ပြေပါတယ် အောင်မြင်တယ်..။ ဘေးအန္တရာယ်လဲ လုံခြုံနိုင်တယ်။ မေတ္တာစောင်ခြုံတော့ လုံတယ်တဲ့…။ ဒါကြောင့် မေတ္တာပွားများဖို့ကို ရေအေးသောက်ပါလို့ ပရိယာယ်နဲ့ညွှန်ကြားတော်မူတာပါ။
(၄)တောင်ဝှေးသုံးချောင်းထောက်ပါ…တဲ့
တောင်ဝှေးဆိုတာ ယိုင်လဲမသွားဖို့ ထိမ်းပေးတဲ့ ကိရိယာပါပဲ။ ဟုတ်တယ် လူ့ဘ၀မှာ အောင်မြင်လာသူတွေ တစ်ချို့ အထိမ်းကိရိယမရှိလို့ ယိုင်လဲသွားကြတယ်။ အထိမ်းကိရိယာရှိသူတွေတော့ အောင်မြင်မှုသရဖူကို အမြဲဆွတ်ချူနိုင်တာပေါ့။ အရှုံးနဲ့ရင်ဆိုင်ရသူတွေလဲထို့အတူပါပဲ အထိမ်းရှိရင် တော်သေးတယ် အထိမ်းကိရိယာမရှိရင်တော့ ဘုန်းဘုန်းလဲသွားတော့တာပါပဲ..။
ကဲပါ လိုရင်းပဲပြောပါတော့မယ်…တော်ကြာ………
တောင်ဝှေးသုံးချောင်းဆိုတာ အနိစ္စ၊(မမြဲဘူး)၊ ဒုက္ခ(ဆင်းရဲတယ်၊ ကြောက်စရာကောင်းတယ်)၊ အနတ္တ-မပိုင်ဘူး အစိုးမရဘူး..ဆိုတဲ့ သဘာဝတရားသုံးပါးကို အမြဲတမ်းနှလုံးသားထဲမှာ ဆောင်ထားပါလို့ ဆိုလိုတာပါ..။
အဲဒီတောင်ဝှေးသုံးချောင်းလေး အမြဲဆောင်ထားရင်တော့ အဆိုးလောကဓံတွေ ရှုံးနိမ့်မှုတွေနဲ့ ကြုံရတဲ့အခါမှာ စိတ်ဓာတ်တွေမယိုင်လဲအောင် ထိမ်းပေးမှာသေချာပါတယ်။
အောင်မြင်ခြင်းဟာ မမြဲဘူး၊ အောင်မြင်မှုပျက်စီးသွားနိုင်တယ်။ ရှုံးနိမ့်မှုအတွက်လဲ စိတ်ညစ်စရာမလိုပါ၊ ဘယ်အရာမှ မမြဲတာ၊ ကိုယ်မပိုင်တာပဲလေ.. ဒါသဘာဝပါ…လို့ဆင်ခြင်လိုက်ရင် စိတ်ညစ်မှုတွေ စိတ်ဆင်းရဲမှုတွေ အပူတွေသက်သာသွား နိုင်ပါတယ်။
နာဖျားတယ်ဆိုပါစို့။ ဖျားမှာပေါ့ ကျန်းမာခြင်းက မြဲမှမမြဲပဲ၊ ဒီခန္ဓာက ဆင်းရဲအတုံးအခဲပဲ၊ ဒီခန္ဓာကိုအတွက် အဆီအဆိမ့်တွေ သူအားရှိအောင်လို့ ကျွေးမွေးတယ်၊ စားတုန်းကတော့ ဟုတ်သလိုလို နောက်တော့ရောဂါ အမျိုးမျိုးနဲ့ နှိပ်စက်တော့တာ ကျေးဇူးကိုင်းလိုက်တဲ့ခန္ဓာ ကြောက်စရာကောင်းလိုက်တဲ့ခန္ဓာ။
ငါက အမြဲကျန်းမာချင်တယ်၊ သူကမဟုတ်ဘူး ကျန်းမာရေး ချို့ယွင်းပြတယ်..။ သူဖြစ်ချင်သလိုဖြစ်တဲ့ မပိုင်တဲ့ အစိုးမရတဲ့ သဘောပဲလို့ ဆင်ခြင်နိုင်ရင် စိတ်အပူတွေ ငြိမ်းအေးပါလိမ့်မယ်။ စိတ်ချမ်းသာပါလိမ့်မယ်…။ ဒါကြောင့် ဒီတောင်ဝှေးသုံးချောင်းကိုလဲ ဆောင်ဖြစ်အောင် ဆောင်ထားလိုက်ပါလို့….။
ဆရာတော့် သြ၀ါဒက ဉာဏ်ပညာအရည်အသွေးအလိုက် လိုသလိုသုံးစွဲနိုင်တဲ့ ဆေးတစ်မျိုးလို့တောင် ထင်မိတယ်၊ စိတ်ချမ်းသာ ကိုယ်ကျန်းမာရေးတွင်မက ထာဝရငြိမ်း အေးချမ်းသာတဲ့အထိ အသုံးချနိုင်လို့ပါပဲ……ဉာဏ်ရှိသလိုသာ သုံးစွဲပါလို့သာ စေတနာကောင်းနဲ့ ဝေငှ တင်ပြလိုက်ပါတယ်ဗျား……..။
အားလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာကြပါစေ…
(အမှားများပါရှိပါက ခွင့်လွတ်ကြရန်နှင့် ပြင်ဆင်ပေးကြမည်ဟု မျှော်လင့်ပါသည်။)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...