စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘုရားဟောသော ပိန်နည်း





မြတ်စွာဘုရားလက်ထက်တော်က ပသေနဒီကောသလမင်းကြီးဟာ ဆန်တစ်စိတ်(လေးပြည်)ချက် ထမင်းကို ကုန်တယ်လို့ ဆိုပါတယ်။ ဟင်းကိုလည်း ဆန်တစ်စိတ်ချက်နဲ့ညီမျှအောင် စီစဉ်ပေးရပါတယ်တဲ့။
တစ်နေ့မှာတော့ ထမင်းစားပြီးပြီးချင်း မြတ်စွာဘုရားဆီ ထွက်ခဲ့ပါတယ်။ မြတ်စွာဘုရားဆီရောက်တော့ ဦးချပြီး ထိုင်နေလိုက်ပါတယ်။ သိပ်မကြာခင်မှာပဲ ထမင်းဆိပ်တက်ပြီး အိပ်ငိုက်နေပါတော့တယ်။ ဒီတော့ မြတ်စွာဘုရားက ``မင်းကြီး..ထမင်းစားပြီး အပန်းလေး မဖြေခဲ့ဘူးလား´´လို့ မေးတော်မူပါတယ်။

ပသေနဒီကောသလမင်းကြီးကလည်း ``မှန်ပါဘုရား၊ အပန်းမဖြေခဲ့ပါဘူးဘုရား၊ တပည့်တော်မှာ ထမင်းစားပြီးတိုင်း ဒီလို ဒုက္ခကြုံရပါတယ်ဘုရား´´လို့ ပြန်လျှောက်တော့ မြတ်စွာဘုရားကလည်း ``ဟုတ်တယ် မင်းကြီး၊ အစားကြီးရင် ဒီလိုပဲ ဆင်းရဲဒုက္ခရောက်ကြရတယ်။ အစားကြူးတဲ့သူဟာ အနိစ္စ ဒုက္ခ အနတ္တတရားတွေကို နှလုံးမသွင်းနိုင်ဘူး၊ နှလုံး မသွင်းနိုင်ရင် အိုလို့မဆုံး၊ နာလို့မဆုံး၊ သေလို့မဆုံး ဖြစ်ရတယ်´´လို့ ဟောပြပါတယ်။ မြတ်စွာဘုရားက ဆက်ပြီး အစာ စားတဲ့အခါ အတိုင်းအရှည်ကို သိဖို့ ဂါထာလေးတစ်ပုဒ် ဟောပြောပေးပါတယ်။

မနုဇဿ သဒါ သတိမတော၊

မတ္တံ ဇာနတော လဒ္ဓဘောဇနေ။

တနုကဿ ဘဝန္တိ ဝေဒနာ၊

သဏိကံ ဇီရတိ အာယုပါလယံ။

(သတိလည်းရှိ အတိုင်းအရှည်လည်း သိတဲ့သူဟာ ဝေဒနာကင်းခြင်း၊ ဖြည်းဖြည်းအို၍ အရွယ်တင်ခြင်း၊ အသက်ရှည်ခြင်း အကျိုးသုံးပါးကို ရပါတယ်။)

ဒါပေမဲ့ ပသေနဒီကောသလမင်းကြီးဟာ အိပ်ချင်စိတ် များနေတဲ့အတွက် မမှတ်နိုင်ပါဘူး။ တူဖြစ်သူ သုဒဿနကိုပဲ ဂါထာကို ရအောင် ကျက်ခဲ့ဖို့ မှာခဲ့ပါတယ်။

တူဖြစ်သူ သုဒဿနက မြတ်စွာဘုရားကို 'ဘယ်လိုလုပ်ရမလဲ' လို့မေးပါတယ်။ မြတ်စွာဘုရားက ``မင်းကြီး ထမင်းသုံးဆောင်လို့ နောက်ဆုံး ထမင်းလုတ် စားခါနီးမှာ ဒီဂါထာကို ရွတ်ပေးပါ´´ လို့ မှာကြားပြီး 'မင်းကြီး ဂါထာကို ကြားလို့ နောက်ဆုံးထမင်းလုတ်ကို ဆက်မစားတော့ဘူးဆိုရင် တစ်လုတ်စာလျော့ချက်ပါ' လို့ မိန့်မှာလိုက်ပါတယ်။

တူဖြစ်သူလည်း မြတ်စွာဘုရားမှာတဲ့အတိုင်း မင်းကြီး ပွဲတော်တည်တဲ့အခါ အနားမှာထိုင်ပြီး နောက်ဆုံးအလုတ်စားခါနီးမှာ ဂါထာလေးကို ရွတ်ရွတ်ပေးပါတယ်။ ဒီတော့ မင်းကြီးကလည်း စားမယ်ဟန်ပြင်ထားတဲ့ နောက်ဆုံး ထမင်းလုတ် မစားတော့ပါဘူး။ ဒီလိုနဲ့ ထမင်းတစ်လုတ် တစ်လုတ် လျှော့လာလိုက်တာ ခန္ဓာကိုယ် ဝဖိုင့်နေရာကနေ ပိန်ပိန်လာပါတော့တယ်။ ခန္ဓာကိုယ် ပိန်ကျသွားတော့ မင်းကြီးလည်း တော်တော်စိတ်ချမ်းသာသွားပါတယ်။ အားရဝမ်းသာနဲ့ မြတ်စွာဘုရားဆီသွားပြီး ``မြတ်စွာဘုရား တပည့်တော် ခန္ဓာကိုယ်ပေါ့ပေါ့ပါးပါးနဲ့ ချမ်းချမ်း သာသာ ဖြစ်သွားပါပြီဘုရား၊ တောကစားထွက်ပြီး သမင်တွေကိုတောင် လိုက်ဖမ်းနိုင်ပါပြီဘုရား´´ လို့ လျှောက်ပြလိုက်ပါတယ်။

(ဓမ္မပဒ၊ ပသေနဒီကောသလမင်းဝတ္တု)

မြတ်စွာဘုရားဟောပြတဲ့ ဂါထာလေးကို မြန်မာလို ပြန်ပြောရင်-

သတိလည်းရှိမယ်၊ စားမယ့်အစားကို အတိုင်းအရှည်လည်း သိမယ်၊ ဒီအင်္ဂါနှစ်ချက်နဲ့ပြည့်စုံတဲ့သူဟာ..

၁။ ဝေဒနာကင်းခြင်းအကျိုး၊

၂။ ဖြည်းဖြည်းအို၍ အရွယ်တင်ခြင်းအကျိုး၊

၃။ အသက်ရှည်ခြင်းအကျိုး သုံးမျိုးကို ရနိုင်ပါတယ်တဲ့။

ဒီဂါထာလေးရဲ့ အဓိပ္ပါယ်ကို မှတ်သားရလွယ်အောင် သဒ္ဓမ္မရံသီ ဆရာတော်ဘုရားကြီးက ဆောင်ပုဒ်ကလေး စီပေးထားပါတယ်။

`တိုင်းရှည်သိကာ၊ သုံးဆောင်တာ၊ သုံးဖြာအကျိုးရသတည်း။

ဝေဒနာကင်း၊ ရွယ်တင်ခြင်း၊မမယွင်းသက်ရှည်သည်။´

သတိလည်းရှိဖို့လိုသလို စားမယ့်အစားအစာကို အတိုင်းအရှည်သိပြီး စားဖို့လည်း လိုပါတယ်။ သတိကတော့ ဝိပဿနာအားထုတ်တဲ့နေရာမှာတင် မဟုတ်ပါဘူး။ နေရာတိုင်းမှာ သတိကတော့ လိုနေတာပါပဲ။ ဘာပဲဖြစ်ဖြစ် သတိရှိနေရင် အမှားနည်းသလို သတိရှိနေတဲ့သူဟာ ကိုယ်စားမယ့်အစားအစာကို အတိုင်းအရှည်သိပြီးလည်း ဖြစ်နေတတ်ပါတယ်။

အတိုင်းအရှည်ကိုသိတာက သူများသိပေးတာထက် ကိုယ့်ဟာကိုယ် သိတာပဲ အကောင်းဆုံးပါ။ ကိုယ့်အတိုင်းအရှည်ကို ကိုယ်ပဲ အသိဆုံးမို့ပါ။ စားချင်တိုင်း စွတ်စားနေရင် ဝဝနေတော့မှာပါ။ အဓိကကတော့ သတိရှိနေဖို့ပါပဲ။ အကျိုးတွေကတော့ လူတိုင်းလိုချင်နေတဲ့ အကျိုးတွေချည်းပါပဲ။

ဝေဒနာကင်းရင် ဘာပဲလုပ်လုပ် စိတ်ချမ်းချမ်းသာသာနဲ့ လုပ်ရပါတယ်။ အရွယ်တင်တာကလည်း အထူးပြောနေစရာ မလိုပါဘူး။ အရွယ်တင်ချင်လွန်းလို့ တချို့ဆို ဆေးရုံတွေ သွားပြီးတောင် ပြုပြင်နေကြသေးတာပါ။ အသက် ရှည်တာကလည်း လူတိုင်း လိုချင်ကြတာပါပဲ။

စာရေးသူကတော့ ပိန်နေလို့ ဝအောင်, ပေါင်တိုးအောင် ကြိုးစားနေရတာဆိုတော့ ဝခြင်းရဲ့ဒုက္ခကို ကိုယ်တိုင် မခံစားရပါဘူး။ ဒါပေမဲ့ ကိုယ့်မျက်စိရှေ့မှာ ဝသူတွေရဲ့ဒုက္ခကို အမြဲတွေ့နေရတာပါ။ တချို့ဆိုတစ်ယောက်ယောက်က တွဲပေးမှ ထိုင်နိုင်တာ တစ်ယောက်ယောက်က ထူပေးမှ ထနိုင်တာ ဝခြင်းရဲ့ဆိုးကျိုးတွေကို ဆေးဆောင်းပါးတွေ ဖတ်ပြီးလည်း သိနေရတာပါ။ ခွဲစိတ်ပြီးတောင် ပိန်အောင်လုပ်ကြရတာကိုလည်း ကြားသိရပါတယ်။ ပိန်နည်းမျိုးစုံကို
ဆရာဝန်တွေ ကျွမ်းကျင်သူတွေလည်း ရေးပြနေကြတာပါပဲ။

ဒီတော့ စာရေးသူလည်း ကိုယ်စွမ်းနိုင်သလောက်လေး မြတ်စွာဘုရား ဟောပြောထားတဲ့ ပိန်နည်းလေးကို ဓမ္မဒါန မျှဝေတာပါ။

ပသေနဒီကောသလမင်းကြီးဟာ သူစားတဲ့ စားနှုန်းအရဆိုရင် တော်တော်ဝတဲ့ပုံပါပဲ။ မြတ်စွာဘုရားစကား နားထောင်ပြီး လေ့ကျင့်လိုက်တော့ တောကစားတောင် ထွက်နိုင်တဲ့အထိ ကိုယ်ရည်စစ်သွားပါတယ်။

ပသေနဒီကောသလ မင်းကြီးကျတော့ တစ်လုပ် တစ်လုပ် လျှော့စားသလို ချက်တဲ့အခါမှာလည်း တစ်လုတ်စာ တစ်လုတ်စာ လျှော့လျှော့ ချက်သွားတာပါ။ လျှော့စားရုံသက်သက်ဆိုရင် ပိုတဲ့အလုတ်က ဘာလုပ်ရမှန်းမသိပါဘူး။ လျှော့ချက်တော့ ကုန်ကျစရိတ်လည်း သက်သာသွားပါတယ်။ ထမင်းလုတ်ဆိုပေမယ့် ထမင်းနဲ့ညီမျှတဲ့ ဟင်းကိုပါ တွဲလျှော့ရမှာပါ။ ကုသိုလ် ဘက်က ကြည့်ရင်တော့ ပိုတာလေးတွေကို ငှက်ကလေးတွေ ကျွေးပေးလို့လည်းရပါတယ်။

မြတ်စွာဘုရားရှင်က လျှော့တဲ့နေရာမှာ တစ်ခါတည်း အများကြီး မလျှော့ခိုင်းပါဘူး။ တစ်လုတ်စာပဲ လျှော့ခိုင်းတာပါ။ အများကြီးဆို လျှော့ရ ခက်နေမှာ စိုးလို့ပါ။ ပသေနဒီကောသလမင်းကြီးစားလို့ တစ်လုတ်ပဲ ကျန်တော့ရင် သူ့ တူတော်မောင်က မြတ်စွာဘုရားဟောတဲ့ ဂါထာလေးကို ဆိုပေးလိုက်တာပါ။ ဒီတော့ ကိုယ်ကလည်း တစ်လုတ် အကျန် ကျရင် ကိုယ်တိုင်ဆိုနိုင်ရင်ဆို မဆိုနိုင်ရင် ပသေနဒီကောသလမင်းကြီးလို ကိုယ်တိုင် မကျက်ဘဲ ကိုယ့်ခင်ပွန်းကို ကျက်ခိုင်းပြီး သူ့ကို ဆိုခိုင်းပေါ့။ ဒါဆို ခင်ပွန်းမှာ ဂါထာဆိုရတဲ့ကုသိုလ် နေ့တိုင်းရနေပါတယ်။ ကိုယ့်ခင်ပွန်းကို ကုသိုလ်ပေးရာလည်း ရောက်ပါတယ်။

``ကိုကိုရေ..ကုသိုလ်ပေးတာပါနော်။ ဒီကုသိုလ်လေးကို အမြဲယူပါနော်´´လို့ ပြောထားလိုက်ရုံပါ။

ဂါထာမကျက်နိုင်ရင် လင်္ကာလေး ဆိုခိုင်းထားလည်း ရပါတယ်။ ဒါပေမဲ့ ဂါထာက တစ်ပုဒ်တည်းဆိုတော့ ကျက်ရတာလည်း မခက်ပါဘူး။ မြတ်စွာဘုရားကို ပူဇော်တဲ့အနေနဲ့ ကျက်ထားလိုက်တာ ကောင်းပါတယ်။ ဝနေတဲ့ဇနီး ထမင်းစားလို့ နောက်ဆုံးအလုတ် ရောက်တဲ့အခါ ခင်ပွန်းက ဂါထာနဲ့ လင်္ကာလေးကို ဆိုဆိုပေးဖို့ပါပဲ။ ဝနေတဲ့ဇနီး ပိန်မပိန်တော့ မသိပါဘူး။ ခင်ပွန်းမှာတော့ ဂါထာရွတ်ပေးတဲ့ကုသိုလ်၊ လင်္ကာရွတ်ပေးတဲ့ကုသိုလ် နေ့တိုင်းရနေတာတော့ အမှန်ပါပဲ။ ကိုယ့်ဇနီးကို တရားဟောပေးနေတယ်လို့လည်း ပြောလို့ရပါတယ်။

ဒါက ရွတ်ပေးမယ့်သူ ရှိတဲ့သူ အတွက်ပါ။ မရှိတဲ့သူကတော့ နောက်ဆုံးအလုတ်မှာ ကိုယ့်ဟာကိုယ်ရွတ်ပြီး လျှော့သွားရုံပါပဲ။ ကိုယ်တိုင် ရွတ်ရင် ကိုယ်တိုင် ကုသိုလ်ရမှာပါ။ ပိန်လည်းပိန်၊ ကုသိုလ်လည်းရတာပါ။ လျှော့ရင်း လျှော့ရင်းနဲ့ ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ် ရတဲ့အခါမှာတော့ အလျှော့ကို ရပ်လိုက်ရုံပါ။

အစားအသောက်ကို သိပ်တပ်မက်လွန်းတာလည်း မကောင်းပါဘူး။ တစ်ခါတစ်လေ မစားဖူးလို့စားတာပဲ ကောင်းပါတယ်။ သက်တော်ရှည် ဆရာတော်ဘုရားကြီးတွေကို ကြည့်ရင် အစားအစာကို အတိုင်းအရှည် သိတာလည်း တစ်ခုပါပါတယ်။ တစ်နေ့ကို ဆွမ်းတစ်ထပ်ပဲ ဘုဉ်းနေတဲ့ ဆရာတော်တွေလည်း အများကြီးရယ်ပါ။

ဒီနေရာမှာ အစားနဲ့ပတ်သက်လို့ အရှင်သာရိပုတ္တရာ ဟောပြထားတဲ့ ဂါထာလေးကိုလည်း အာရုံပြုထားရ အောင်ပါ။ ..

စတ္တာရော ပဉ္စအာလောပေ၊
အဘုတွာ ဥဒကံ ပိဝေ။
အလံ ဖာသုဝိဟာရာယ၊
ပဟိတတ္တဿ ဘိက္ခု နော။ ..

အဓိပ္ပါယ်ကတော့ တရားအားထုတ်နေတဲ့ယောဂီဟာ ထမင်းစားတဲ့အခါ လေးလုတ်ငါးလုတ်လျှော့ပြီး စားပါတဲ့။ လျှော့တဲ့အစား, ရေကိုသောက်လိုက်ပါတဲ့။ ဒါဆို တရားအားထုတ်ရတာ ခန္ဓာကိုယ် ချမ်းချမ်းသာသာနဲ့ အဆင်ပြေပါတယ်တဲ့။

ဒီဂါထာလေးကိုလည်း သဒ္ဓမ္မရံသီ ဆရာတော်ဘုရားကြီးက ဆောင်ပုဒ်လေး စီပေးထားပါတယ်။

စားနိုင်သည်မှ၊ ငါးလုတ်မျှ၊ လျှော့ချသုံးဆောင်ရာ။
လျှော့သည့်အစား၊ ရေကိုကား၊ သောက်ထားမျှတာစွာ။
ဣရိယာပထ၊ များသုခ၊ မုချရမည်သာ။

ဂါထာလေးက တရားအားထုတ်နေတဲ့ယောဂီတွေကို ဟောပြပေးထားတာပါ။ တရားအားထုတ်နေတဲ့အခါ အစားများရင် နေ့လယ်(၁၂)နာရီ တရားမှတ်တဲ့အခါကျတော့ အိပ်ငိုက်နေတတ်ပါတယ်။ ဒါကြောင့် ထမင်းစားတဲ့အခါ လေးလုတ် ငါးလုတ်လျှော့စားပြီး ရေသောက်ဖို့ မိန့်မှာထားတာပါ။ ဒါပေမဲ့ မြတ်စွာဘုရားလက်ထက်တော်က လူတွေကတော့ ခန္ဓာကိုယ်သန်မာထွားကျိုင်းလို့ ပြဿနာမရှိပေမယ့် ဒီခေတ်မှာတော့ ယောဂီတစ်ယောက်အနေနဲ့ လေးလုတ် ငါးလုတ် လျှော့စားဖို့ မလွယ်လှပါဘူး။ အစားနည်းတဲ့ယောဂီဆို ပိုတောင်မလွယ်ပါသေးတယ်။ ဒါကြောင့် ကိုယ်နဲ့ သင့်တော်သလောက်ပဲလျှော့ပြီး လျှော့တဲ့အစား ရေသောက်လိုက်လို့လည်း ရပါတယ်။ အများကြီးလျှော့စားပြီး ညကျ ဗိုက်ဆာနေပြန်ရင်လည်း အဆင်မပြေပါဘူး။

တရားအားထုတ်တဲ့နေရာမှာတော့ ဗိုက်တင်းနေရင်လည်း အဆင်မပြေသလို ဗိုက်လျော့နေရင်လည်း အဆင်မပြေပါဘူး။ ယောဂီမှာတော့ အမှတ်သတိက ရှိပြီးသားဆိုတော့ အတိုင်းအရှည်က ကိုယ့်ဟာကိုယ် သိနေကြတာ များပါတယ်။ နောက်ဆုံးကျတော့ သတိပါပဲလေ။ သတိရှိနေရင် ဘယ်အရာမှ အလွန်အကျွံ မဖြစ်တော့ပါဘူး။

ဒီလိုပါပဲ သတိပါနေအောင် လေ့ကျင့်ယူရမှာပါပဲ။ နေရာတိုင်းမှာ သတိပါဖို့ကျတော့ မလွယ်လှပါဘူး။ အချိန်ပြည့် တရားအားထုတ်နေတဲ့ ယောဂီတောင် သတိက လွတ်သေးတာဆိုတော့ အပြင်မှာ နေရတဲ့သူတွေအဖို့တော့ သတိလွတ်နေတဲ့ အချိန်က များနေမှာပါ။ ဒါပေမဲ့ တတ်နိုင်သမျှလေးတော့ သတိပါနေအောင် ကြိုးစားရမှာပါ။

ရိပ်သာဝင်တဲ့အခါ အထွေထွေ အမှတ်ကို ဖိအားထုတ်ထားရင် အပြင်ပြန်ရောက်တဲ့အခါ အများကြီး အထောက်အပံ့ ပေးတာပါ။ အပြင်မှာ သတိနဲ့ နေတတ်သွားတဲ့ သဘောလေးပါ။ သတိရှိနေရင် အမှား နည်းနေတော့တာပါ။
တစ်ခါတစ်လေ တချို့ အမှားတွေဟာ သတိလွတ်သွားလို့ မှားကြတာပါ။ သတိပြန်ရတဲ့အချိန်မှာ အမှားက ကျူးလွန်ပြီးသား ဖြစ်နေပါပြီ။ အဲဒီအခါကျမှ ကိုယ့်ကိုယ်ကိုယ် ယူကျုံးမရ ဖြစ်ရတော့တာပါ။ ဒါကြောင့် သတိဟာ လူတိုင်းအတွက် သိပ်လိုအပ်ပါတယ်။

ယောဂီတွေက တရားဝင်တဲ့အခါ ထိုင်မှတ်နဲ့ စင်္ကြံမှတ်ကိုပဲ ဦးစားပေးမှတ်ကြတာ များပါတယ်။ အထွေထွေ အမှတ်ကိုတော့ လျှော့ထားကြပါတယ်။ တကယ်တော့ အထွေထွေ အမှတ်ဟာ ထိုင်မှတ်နဲ့ စင်္ကြံမှတ်ကို အများကြီး အထောက်အပံ့ပေးသလို အပြင်ပြန်ရောက်တဲ့အခါမှာလည်း သတိနဲ့ နေတတ်အောင် လေ့ကျင့် သင်ကြားပေးလိုက်တာပါ။ လက်တွေ့ဘဝထဲမှာ သတိနဲ့ နေတတ်ဖို့က သိပ်အရေးကြီးတာပါ။

ဘာပဲပြောပြော သတိရှိနေရင် အတိုင်းအရှည်ကို သိပြီး ဖြစ်နေမှာပါ။ ဒီတော့ သတိရှိနေရင် စားချင်တိုင်း မစားတော့ပါဘူးလေ။ မှားချင်တိုင်းလည်း မမှားတော့ပါဘူးလေ။

ဆရာတော် အရှင်ရာဇိန္ဒ
(ရဝေနွယ် -အင်းမ)

ကျမ်းကိုး..ဣနြေ္ဒထက်ကြောင်းကိုးပါးတရားတော်
သဒ္ဓမ္မရံသီရိပ်သာဆရာတော်။ ။

[ပေါ်ပြူလာဂျာနယ်]

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...