စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆံပင်က ဗောက် အကြောင်းနှင့် ဗောက်နှိမ်နင်းသော သဘာဝပစ္စည်းများ





ပခုံးပေါ်က (သို့မဟုတ်) ဆံပင်တွေကြားက အ၀ါရောင်အဖတ်တွေ၊ ပါးပါးလွှာလွှာအဖြူဖတ်တွေဟာ ဗောက်ရဲ့ သက်သေပါ။ တကယ်တော့ ဗောက်ဆိုတာ သင့်ဦးရေပြားပေါ်က အရေပြားဆဲလ်တွေသေဆုံးပြီး ကွာကျလာတာပါ။ ဗောက် ရှိပြီဆိုရင် ဦးရေပြားမှာ အကွက်သေးသေးလေးတွေပေါ်လာပြီး ယားယံနေပါတယ်။ ဦးရေပြားနီရဲတာ၊ ကျိန်းစပ်တာတွေ လည်း ဖြစ်နိုင်ပါတယ်။ ယားလို့ကုတ်မိတဲ့အခါ အဖြူဖတ်တွေ ကွာကျလာပါတယ်။ အမည်းရောင် အင်္ကျီဝတ်မိတဲ့နေ့မျိုးဆို ပိုလို့သိသာပါလိမ့်တယ်။ ဗောက်နဲ့ပတ်သက်ပြီး အမေးများတဲ့မေးခွန်းတွေကို လေ့လာကြည့်ရအောင်။


ဘာ့ကြောင့်ဗောက်တွေဖြစ်လာသလ

ဘယ်အရာက ဗောက်ဖြစ်ပေါ်စေသလဲဆိုတာ ဘယ်သူမှ အပ်ချမတ်ချ မပြောနိုင်ပါဘူး။ အရေပြားပေါ်မှာ စွဲကပ် နိုင်တဲ့ မှိုကြောင့် ဗောက်ဖြစ်ရတယ်လို့တော့ ယူဆရပါတယ်။ ဆံပင်ထွက်လာတဲ့ မွေးညင်းပေါက်တွေနဲ့ ဦးရေပြားက အဆီအိတ်တွေက sebum လို့ခေါ်တဲ့ “လူ”ဆီကို ထုတ်ပေးပါတယ်။ အဲဒီ“လူ”ဆီက မှိုတွေ နှစ်ခြိုက်စွာပေါက်ပွားနိုင်တဲ့ နေရာကောင်းဖြစ်လာပါတယ်။ ပေါက်ပွားလာတဲ့ မှိုပမာဏများပြားလွန်းလာတဲ့အခါ ဗောက်တွေ ဖြစ်လာတော့တာပေါ့။ ပြန်ပြီးဆက်စပ်ကြည့်ရရင် အဆီထွက်တာများလွန်းတာကလည်း ဗောက်ဖြစ်စေတဲ့ အကြောင်းတစ်ခုပါပဲ။ ရေသောက်နည်း ခြင်းနဲ့ ခြောက်သွေ့တဲ့ လေထုကြောင့် ဦးရေပြားကို ခြောက်တာပြီး အဖတ်တွေ ကွာကျတဲ့အခါမှာလည်း ဗောက်နဲ့ ဆင်တူပါတယ်။

သုံးနေတဲ့ ခေါင်းလိမ်းဆီကြောင့် ဗောက်ဖြစ်နိုင်သလား။

ဗောက်ရှိနေခြင်းကြောင့်ဒီလူရဲ့ဆံပင်ဟာ မသန့်ရှင်းဘူးလို့ပြောလို့မရပါဘူး။ တစ်ခါတလေ တချို့သောခေါင်းလိမ်းဆီ ဆံပင်ပုံသွင်းပစ္စည်းတွေနှင့် ဆံပင်ဆိုးဆေးတွေကြောင့်လည်း ဦးရေပြားပေါ်မှာ ဗောက်နဲ့တူတဲ့အဖြူဖတ်တွေ ဖြစ်ပေါ်ရပါ တယ်။ နဂိုကတည်းက ဗောက်ရှိတဲ့သူဆိုရင်တော့ ဆံပင်ကို ပြီးစလွယ်လျှော်လိုက်မိတဲ့နေ့မျိုးမှာ ဦးရေပြားပေါ်က ဆဲလ်တွေ ပိုပြီးများလာတဲ့အတွက် ဗောက်တွေပိုပွားလာသလို ဖြစ်နေပါလိမ့်မယ်။ တကယ်လို့ သုံးနေတဲ့ ဆံပင်ပုံသွင်းပစ္စည်းက ဗောက်ကို ပိုဆိုးစေတယ်လို့ထင်ရင် ခဏရပ်ထားပြီး တခြားတံဆိပ်အသစ်တစ်မျိုးကို စမ်းကြည့်ပါ။

ဗောက်ဆိုတာ ဆံပင်မှာပဲ ရှိတာလား။

ဦးရေပြားနဲ့ ဆံပင်တွေကြားထဲမှာတင်မဟုတ်ဘဲ နဖူး၊ မျက်ခုံး၊ မျက်တောင်မွေးနဲ့ နားရွက်ထဲမှာလည်း ဗောက် ဖြစ်နိုင်ပါတယ်။ ကုန်ကုန်ပြောရရင် ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်ရှိတဲ့ နေရာမှန်သမျှမှာ အရေပြားကွာသလိုဖြစ်နေတဲ့ အဖြူဖတ်လေးတွေဟာ ဗောက်ဖြစ်နေနိုင်ပါတယ်။ အဲဒီဗောက်ကိုတော့ အရေပြားရောင်ရမ်းနာ (Seborrheic dermatitis) အပျော့စားလို့ ခေါ်ပါတယ်။

ဘယ်လိုအချိန်မျိုးမှာ ဗောက်ပိုဖြစ်တတ်လဲ။

သွေ့ခြောက်တဲ့ရာသီဥတုမျိုးမှာ ဗောက်ထတာ ပိုဆိုးတတ်ပါတယ်။ ဒါကြောင့် အေးမြပြီးခြောက်သွေ့တဲ့ ဆောင်း ဥတုမှာ ဗောက်တွေပိုများနေတာပါ။ စိတ်ဖိစီးနေခြင်းနဲ့ မောပန်းနွမ်းလျနေတဲ့ အခါမျိုးမှာလည်း ဗောက်ပိုဖြစ်ပါတယ်။

ဘယ်လိုလူတွေမှာ ဗောက်ပိုဖြစ်နိုင်သလဲ။

အတက်ရောဂါ (epilepsy) အထူးသဖြင့် အသက်ကြီးသူတွေမှာဖြစ်တတ်တဲ့ ခြေတုန်၊ လက်တုန်နဲ့ လမ်းလျှောက်ရ ခက်၊ ပစ္စည်းတွေကိုင်ရင် မမြဲ၊ ကြွက်သားတွေ တင်းတောင့်နေတဲ့ အာရုံကြောရောဂါတစ်မျိုးဖြစ်တဲ့ ပါကင်ဆန်ရောဂါ (Parkinson's disease)နဲ့ HIV ဝေဒနာရှင်တွေစတဲ့ ရောဂါအဆောက်အအုံ ကြီးကြီးမားမားရှိသူတွေဟာ ဗောက် ပိုဖြစ်နိုင်ပါတယ်။ ဘာ့ကြောင့်ဆိုတဲ့ အကြောင်းရင်း ရှင်းရှင်းလင်းလင်းမသိပေမယ့် လေဖြတ်ဖူးသူ၊ နှလုံးသွေးကြောပိတ်ဖူး သူနဲ့ ဦးခေါင်းကို ထိခိုက်ဒဏ်ရာရဖူးသူတွေဟာလည်း ဗောက်ဖြစ်ဖို့အလားအလာ ပိုများပါတယ်။

ဗောက်ကုနည်း

ဆိုင်တွေမှာ လွယ်လင့်တကူဝယ်လို့ရတဲ့ ဗောက်ပျောက်ခေါင်းလျှော်ရည်တွေ ရှိပါတယ်။ အဲဒီခေါင်းလျှော်ရည်တွေမှာ ဗောက်နိုင်တဲ့ ဓာတုပစ္စည်းတွေ ထည့်သွင်းထားပါတယ်။ အသုံးများတဲ့ပစ္စည်းတွေကတော့-
Ketoconazole - ဗောက်ဖြစ်စေတဲ့ မှိုကိုသတ်ပစ်ပါတယ်။
Salicylic acid - ဆဲလ်သေတွေ ကွာကျတာကို တားဆီးပေးပါတယ်။ ဒါပေမယ့် ဦးရေပြားကိုခြောက်စေပါတယ်။
Selenium Sulfide - ဆဲလ်သေတွေများမလာအောင် ထိန်းထားပေးပြီး မှိုကိုလည်းသတ်ပေးပါတယ်။

Tar - ဆဲလ်သေတွေကို များမလာအောင် ထိန်းထားပေးပါတယ်။ ဒါပေမယ့် ဆံပင်ဆိုးထားတဲ့သူတွေနဲ့ အညိုရောင် ဆံကေသာပိုင်ရှင်တွေကို အရောင်ပြောင်းသွားစေနိုင်ပါတယ်။
Zinc Pyrithione - ဗောက်ဖြစ်စေတဲ့မှိုကို သတ်ပစ်ပါတယ်။

ဗောက်ပျောက်ခေါင်းလျှော်ရည် ၀ယ်မယ်ဆိုရင် ဘူးပေါ်မှာပါတဲ့ ပါဝင်ပစ္စည်းတွေကိုဖတ်ကြည့်ပြီး ဘယ် အမျိုးအစားကို ထည့်သွင်းထားလဲဆိုတာ ရှာကြည့်ပါ။ သင်နဲ့ အကိုက်ညီဆုံး ဖြစ်မယ်ထင်တာကို ရွေးချယ်ပါ။

ဗောက်ပျောက်ခေါင်းလျှော်ရည်သုံးရင် သင်သုံးနေကျ ရိုးရိုးခေါင်းလျှော်ရည်နဲ့ လျှော်ပုံလျှော်နည်း မတူဘဲ ကွဲပြားတာမို့ ဘူးပေါ်က သုံးနည်းအညွှန်းကို သေချာလိုက်နာပါ။ ခေါင်းလျှော်ရည်ကို ဦးရေပြားတစ်ပြင်လုံး နှံ့အောင် လက်ချောင်းထိပ်တွေကိုသုံးပြီး ပွတ်သပ်နှိပ်နယ်ပါ။ ပြီးရင်ချက်ချင်း ရေမဆေးပစ်ဘဲ (၅)မိနစ်ထားပြီးမှ (သို့) ဘူးပေါ်မှာ ညွှန်းတဲ့အတိုင်းထားပြီးမှ ရေပြောင်အောင်ဆေးချပါ။ တကယ်လို့ သင်သုံးနေကျ ခေါင်းလျှော်ရည်နဲ့ အနံ့ကိုပဲ နှစ်သက်တယ်ဆိုရင် အဲဒီခေါင်းလျှော်ရည်နဲ့ နောက်တစ်ခေါက် ထပ်လျှော်လို့ရပါတယ်။ ဗောက်တွေ သက်သာသွားတဲ့အခါ ကျရင်တော့ ဗောက်ပျောက်ခေါင်းလျှော်ရည်ကို တစ်ပတ်မှာ တစ်ကြိမ်လောက်ပဲ သုံးပေးရင်ရပါတယ်။

ဗောက်နှိမ်နင်းသော သဘာဝပစ္စည်းများ

လေ့လာမှုတချို့မှာ သဘာဝကပေးတဲ့ ပစ္စည်းတွေကလည်း ဗောက်ကို နှိမ်နင်းနိုင်တယ်လို့ ညွှန်းဆိုထားပါတယ်။ ဒါပေမယ့် လူတိုင်းအတွက်တော့ မထိရောက်ပါဘူး။ ဗောက်သက်သာစေတဲ့ သဘာဝပစ္စည်းတွေကတော့ -

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ကထွက်တဲ့ အရည်ကို ဦးရေပြားပေါ်မှာသုတ်လိမ်းပေးရင် ဦးရေပြားဆဲလ်တွေ ကွာကျတာနဲ့ ယားယံတာ သက်သာပါတယ်။

လက်ဖက်စိမ်းပါဝင်တဲ့ ခေါင်းလျှော်ရည်

လက်ဖက်စိမ်းပါဝင်တဲ့ ခေါင်းလျှော်ရည်ဆိုရင် ဘူးပေါ်မှာ ၅% Tea Tree Oil လို့ ရေးထားပြီး ဗောက်ဖြစ်ပွားမှုကို လျော့နည်းစေကာ ယားယံမှုကို သက်သာစေပါတယ်။

စပါးလင်

စပါးလင်ကိုထောင်းပြီး ရလာတဲ့အရည်က ဗောက်ဖြစ်စေတဲ့ မှိုကို သေစေပါတယ်။ Blender နဲ့ ကြိတ်ရင်လည်းရပါ တယ်။ အဲဒီလို မထောင်းချင်ရင် ခေါင်းလျှော်ရည်ဘူးပေါ်မှာ ၂% Lemon grass လို့ ရေးထားတာ ရွေးဝယ်ပါ။

နေရောင်ခြည်ကို ခံယူပေးပါ။

နွေးထွေးတဲ့ နေရောင်ခြည်အောက်မှာ နေပေးတဲ့အခါ ဗောက်နဲ့ အရေပြားရောင်ရမ်းနာ (Seborrheic dermatitis) ဖြစ်စေတဲ့ မှိုကိုသေစေပါတယ်။ သတိပြုရမှာကတော့ နေရောင်ခြည်မှာနေစဉ် အနည်းဆုံး SPE 30 ပါတဲ့ နေရောင်ကာ လိမ်းဆေးကို လိမ်းထားပေးဖို့ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ တိုင်ပင်သင့်သလဲ။

ဗောက်ပျောက်ခေါင်းလျှော်ရည်ကို လပေါင်းများစွာ သုံးနေတာတောင် ဗောက်ကမပျောက်ဘဲ တောင့်ခံနေတယ် ဆိုရင်တော့ ဆရာဝန်ပြသင့်တဲ့ အချိန်ရောက်နေပါပြီ။ ထို့နည်းတူ ဦးရေပြား နီရဲခြင်း၊ ရောင်ရမ်းခြင်းတွေ ဖြစ်လာမယ်။ ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေမှာပါ နီရဲရောင်ရမ်းပြီး အရေပြားကွာမယ်ဆိုရင်လည်း ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ အဲဒီအခါ ဆရာဝန်က ပိုပြီး သင့်တော်တဲ့ ဗောက်ပျောက်ခေါင်းလျှော်ရည် အမျိုးအစား (သို့) မှိုသတ်ဆေး (သို့) ဦးရေပြားနဲ့ ခန္ဓာကိုယ်ပေါ်မှာလိမ်းဖို့ စတီးရွိုက်လိမ်းဆေးတွေကို ရွေးချယ်ပေးပါလိမ့်မယ်။

ကလေးတွေမှာ ဗောက်ဖြစ်သလား။

ကလေးတွေမှာတော့ ပုခက်နာလို့ဆိုရမယ့် seborrheic dermatitis ဖြစ်တတ်ပါတယ်။ ကလေးရဲ့ ဦးရေပြားပေါ်မှာ အညိုရောင် (သို့) အ၀ါရောင် အကွက်လေးတွေဖြစ်လာပြီး ယားပါတယ်။ ကလေးမျက်ခွံလေးတွေ နှာခေါင်းနဲ့ပေါင်ခြံတွေမှာ လည်း ဖြစ်နိုင်ပါတယ်။ ဒီပုခက်နာက ကလေးအသက် ရှစ်လကနေ တစ်နှစ်လောက်ရောက်ရင် သူ့အလိုလို ပျောက်သွား ပါတယ်။ ဆီသန့်သန့်လေး (ဟင်းသီးဟင်းရွက်ဆီဆို ပိုကောင်းပါတယ်)ကို ကလေးရဲ့ ဦးရေပြားပေါ်မှာ လိမ်းပေးပြီး (၁၀)မိနစ်လောက်ထားပေးပါ။ နောက် ကလေးခေါင်းလျှော်ရည်လေးနဲ့ ပြောင်အောင်ပြန်ဆေးလိုက်ပါ။ အချိန်တွေ ကြာလာ တဲ့အထိ မပျောက်ဘဲဆက်ရှိနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသတိုင်ပင်ပေးပါ။

ဗောက်က လူကို အန္တရာယ်ပေးနိုင်လား။

ဗောက်တွေရှိနေတာ ရှက်စရာ၊ စိတ်ရှုပ်စရာ ကောင်းပေမယ့် အန္တရာယ် ဘာမှမရှိပါဘူး။ အရှေ့မှာ ပြောခဲ့သလိုပဲ ဗောက်ရှိနေတာဟာ သင့်ကို ညစ်ပတ်တဲ့လူလို့ အထင်မခံရစေပါဘူး။ ဗောက်က ကူးစက်တတ်တဲ့ ရောဂါလည်းမဟုတ်ပါဘူး။ သူများဆီကလည်း သင်မကူးနိုင်သလို သင့်ဆီက ဗောက်လည်း တခြားလူကို မကူးနိုင်ပါဘူး။ ဗောက်ထတာကြောင့်လည်း ဆံပင်မကျွတ်နိုင်ပါဘူး။ ဒါပေမယ့် ကုတ်လွန်းအားကြီးရင်တော့ ခဏတဖြုတ် ဆံပင်ကျွတ်နိုင်ပါတယ်။

သဲနွေဇွန်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...