စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဂဠုန် ဦးစော

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI6G9WRvD2R0NXyjEGvW_UGGsvBaDvVAB1BK3zOxASdLrKAwh6IyD5SVliIV9VKWUvbwFbKgnyDQUca_5sCRBttxbYxNde3vdbzg5kP3S7VnoU0JggYqtfSicAqNhZ4UxewsoU_7to9pis/s640/Min+KoKo.jpg
 
ဗိုလ်ချုပ်အကြောင်းစာအုပ်တွေဖတ်ဖြစ်ရင်းနဲ့ တဆက်တည်းဖတ်ဖြစ်တာကတော့ ဂဠုန်ဦးစောရဲ့အကြောင်းတွေပါပဲ။ဒီလူကြီးဘယ်လိုစိတ်နဲ့ များ နိုင်ငံတော်လုပ်ကြံမှုကြီးကို လုပ်ခဲ့သလဲသိချင်တာပေါ့လေ။

တကယ်တော့ ဦးစောဟာလည်း လူတော်တစ်ယောက်ပါ။
ရှေ့ နေတစ်ယောက်ဖြစ်ပြီး ဒိုင်အာခီရွေးကောက်ပွဲမှာ အမတ်ဖြစ်ဖူးတယ်။
ဆရာစံတို့ ဂဠုန်တပ်သားတွေ အတွက်လည်း ရှေ့ နေလိုက်ပေးဖူးတယ်။
အဲ့ဒီမှာ ပြည်ထဲရေး အတွင်းဝန် မစ္စတာ ဘုသ်ဂရေ့ဗလီ (Mr. Booth Gravely) က ဦးစောကို "မောင်စော ဂဠုန် ဖြစ်လာပြီ" လို့ ပြောရာကနေ 'ဂဠုန်ဦးစော' ဆိုပြီး အမည်တွင်လာခဲ့တယ်။နောက်ပိုင်းမှာ မျိုးချစ်ပါတီထောင်၊ နန်းရင်းဝန်လုပ် ၊ တစ်ဆင့်ပြီးတစ်ဆင့် အာဏာမက်လာရာကနေ နိုင်ငံတော်လုပ်ကြံမှုကြီးဖြစ်လာတယ်။

ကြိုးအပေးမခံရမီ အင်းစိန်ထောင်ထဲမှာ တရားစာအုပ်တွေဖတ်တယ်။ ကိုယ်တိုင်ရေးအတ္ထုပတ္တိရေးတယ်။ သူ့ သမီး ဘေဘီစောကို နောက်ဆုံးရေးပေးတဲ့စာထဲမှာ ဦးစောဟာ တရားတော်တော်ပေါက်နေမှန်းသိသာတယ်။ သူ့ ဇနီးနဲ့ သမီးခမျာမှာတော့ အယူခံဝင်ဖို့ ရှေ့ နေငှားတာ ဘယ်သူကမှ ရှေ့ နေမလိုက်ပေးရှာဘူး။

ကြိုးဒဏ်မခံရမီ တစ်ရက် က ကြိုးတိုက်နံရံ မှာ ခဲနဲ့ စာရေးသွားတယ်။ "အတိတ်ဘဝမကောင်းမှုက အရင်းခံကြောင့် ဒုက္ခဖြစ်ရသည်။ ဥယိဋ္ဌကကံကကပ်၍ နှိပ်စက်သောကြောင့် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်ရသည်။ အထည်ခံရုပ်ကြမ်းထုကား သေသည်နောက်တိုင်အောင် ကျန်ရှိလေ၏"တဲ့ ။

၁၉၄၈မေလ ၈ ရက်နေ့ လင်းအားကြီး အချိန်မှာ ဦးစောနှင့် အပေါင်းအပါ တရားခံတွေကို ကြိုးဒဏ်ပေးတယ်။ ရန်ကုန်ထောင်ကြီးထဲမှာရန် ကြီးအောင်နဲ့ စိန်ကြီး၊အင်းစိန်ထောင်မှာ ဦးစော၊ မောင်စိုး၊ သက်နှင်းနဲ့  မှုံကြီးတို့ ကို နှစ်ယောက်တစ်တွဲစီ တစ် နာရီခြား ကြိုးပေးတယ်။ ကြိုးဒဏ်ပေးမယ့် နံနက်ငါနာရီခွဲမှာ ဦးစောဟာ နောက်ဆုံးအချိန်အထိ ဣနြေ္ဒမပျက်ဘဲ ပြုံးပြုံးရယ်ရယ်နဲ့ ထောင်ပိုင်ကြီးကို(ဂွတ်ဘိုင်)လို့  နှုတ် ဆက်သွားသေးသတဲ့။ ကြိုးစင်ပေါ်သို့ မတက်ခင် ဘုရားလည်းဝတ်ပြုသွားသေးတယ်။
အလောင်းကိုတော့ အပြင်သယ်ခွင့်မရှိလို့ ထောင်ထဲမှာပဲ သင်္ဂြိုလ်ရရှာတယ်။

အင်းစိန်ထောင်ကနေပြီး သူ့ ဇနီးကိုရေးတဲ့စာမှာ

" မာမီခင် ကျွန်တော်၏ အလောင်းကို အိမ်သို့ မယူပါနှင့်။
ဘယ်ကိုမှလည်း မယူပါနှင့်။ သေပြီးသောအပုပ်ကောင်ကြီးဟူ၍ တရား နှင့်ဖြေပါ။ သတိသံဝေဂဖြစ်ပါ။
အနိစ္စ တရားနှင့် အနတ္တတို့ကို ပွားများပါ။ သေပြီဖြစ်၍ မထူးပါ။ ထို့ကြောင့် မာမီတို့ ဒုက္ခမရှာကြပါနှင့်တော့။ သေသူအား ရည်ရွယ်၍ ပဉ္ဇင်းခံခြင်း၊ ရှင်ပြုခြင်း၊ ဆွမ်းကျွေးခြင်း စသော ကုသိုလ်ကောင်းမှုများကို လုပ်ပါက မာမီ တို့မှာကုသိုလ်ရနိုင်ပါသည်။ အမျှအတန်း ဝေပါက ကုသိုလ်ရနိုင်ပါသည်။ ဤသို့ သော ကုသိုလ်ရေးများကိုသာ ဂရုစိုက်ပါ။"တဲ့။

သူ့ သမီး မေသန်းစော(ခ)ဘေဘီစောကိုရေးတဲ့စာမှာလည်း

"ချစ်သမီးသို့

ချစ်သမီးအတွက် အနည်းငယ် ရေးရဦးမည်။ သမီးသည် ငယ်စဉ်ကစ၍ သူတပါးအသတ်ကို မသတ်ဘဲ အမြဲရှောင်ကြဉ်လာခဲ့သလို၊ မိမိ၏ အသက်ထက်ဆုံး မည်သည့်အခါမှ သူတပါးအသက်ကို မသတ်ပါဟူ၍ မြတ်စွာဘုရားရှေ့တော်၌ နေ့စဉ်နေ့တိုင်း အဓိဌာန်ပြုပါ။
နောက် အရေးကြီးတာတခုက သမီးအား မှာခဲ့ဦးမည်။ ဒယ်ဒီတို့အမျိုးသည် အဖေမျိုး၊ အမေ မျိုးတို့သည် စိတ်အလွန်ထက်ကြသည်၊ စိတ်ကောင်းရှိကြသည်။ သို့သော် သူတပါးစော်ကားလာလျှင် မခံချင်သောစိတ်ထားက အလွန်အားကြီးကြ၏၊ စိတ်ပြင်းထန်၏။ သူများတကာက တချက်ရိုက်လျှင် ကိုယ်က အချက် ၂၀ ပြန်ရိုက်ချင်သည်။ လက်စားပြန်မချေရလျှင် တသက်လုံး မမေ့နိုင်၊ မစားနိုင်၊ မနေနိုင်သလို ရှိကြသည်။ ငါ့သမီး ဤသို့သဘော မရှိလေနှင့်။ အကယ်၍ တစုံတယောက်က ရန်မူလာလျှင် သည်းခံပါ။ သည်းခံခြင်းသည်ပင်လျှင် ကုသိုလ်ရေး ဖြစ်တော့၏။


အရေးအကြီးဆုံး၊ အဖိုးတန်ဆုံး၊ နောက်ဆုံးအမွေတခု ပေးရဦးမည်။ ထိုအမွေကား အခြားမဟုတ်။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို အမြဲဆည်းကပ်ရမည်။

လူ့ဘဝကိုရဖို့ အလွန်ခဲယဉ်း၏။ ဘုရားသာသနာနှင့် ကြုံကြိုက်ဖို့ရာ အလွန်ခဲယဉ်း၏။ ယခု သမီးတို့မှာ လူ့ဘဝကို ကံအားလျော်စွာ ရောက်လာ၏။ အလွန်အဖိုးတန်သည့် မြတ်စွာဘုရား သာသနာတော်ကြီးနှင့် ကြုံကြိုက်လျက်ရှိ၏။

မသေမနေရသမျှ အချိန်ကလေးအတွင်းမှာ ရတနာ သုံးပါးကို နေ့ရောညဥ့်ပါ ဆည်းကပ်ကိုးကွယ်ပါ။ ဝိပဿနာတရား အားထုတ်ပါ။
မြန်မာပြည်၌ ဘုန်းတော်ကြီးတွေ များနိုင်သလောက်များအောင် ပဉ္စင်းခံ၊ ရှင်ပြုတို့ကို ငါ့သမီး တတ်နိုင်သလောက် လုပ်ပါ။

သူတော်ကောင်းများသော နိုင်ငံအဖြစ်နှင့် မြန်မာပြည်သည် ကမ္ဘာတွင် ထင်ရှားပါစေ။ ဤသို့ဖြစ်ရန် ငါ့သမီးသည် တတ်နိုင်သမျှ ပါဝင်ကူညီပါ။ ဆောင်ရွက်ပါ။ ဘုရား သာသနာတော် အကျိုး၊ သတ္တဝါများ၏ အကျိုး၊ မိမိကိုယ်ကျိုးအတွက်ဖြစ်ပေမည်ဟူ၍ တသက်လုံး မှတ်ထားပါ။ သမီးသည် ဆရာတော်၊ သံဃာတော်အရှင်မြတ်များကို အမြဲကိုးကွယ်ပါ။ ဆည်းကပ်ပါ။ လှူဒါန်းပါ။ ဒါန၊ သီလ၊ ဘာဝနာ၊ ကုသိုလ်ကောင်းမှုများကို အမြဲအားထုတ်ပါ။ ဤကား- ငါ၏ ချစ်သမီး အား ပေးအပ်ခဲ့သော အမွေပင်တည်း"

လိမ္မာစွာနေရစ်ပေတော့ ချစ်သမီး

မောင်စော"

သေသူကတော့ သေရှာပေမယ့် ကျန်ရစ်သူမိသားစုမှာတော့ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့မှုကမလွတ်ဘူး။ ဗိုလ်ချုပ်ဇနီးဒေါ်ခင်ကြည်ကတော့ မုဆိုးမချင်းတူပေမယ့် ဦးစောဇနီး ဒေါ်သန်းခင်ခမျာမှာတော့ ပတ်ဝန်းကျင်က ကဲ့ရဲ့ရှာတယ်ဆိုပြီး အားမငယ်ဖို့ အားပေးခဲ့တယ်။ ဒေါ်ခင်ကြည်ရဲ့ သဘောထားကြီးမြတ်မှုပေါ့လေ။

နောက်ဆက်တွဲသိရတာတွေက ဦးစောရဲ့ မြေးတွေဟာ ဒဂုံ(၁)မှာကျောင်းတက်တော့ အတန်းထဲမှာ ဆရာမက ဗိုလ်ချုပ်အကြောင်းပြောမိရင် သူတို့ အဘိုးဦးစောကိုစိတ်နာလို့ မျက်ရည်ကျတတ်သတဲ့။ သူတို့ ကိုလည်း အပေါင်းအသင်းသိပ်မလုပ်ကြဘူးတဲ့။ အဘိုးရဲ့ အမည်းစက်တွေက အပြစ်မရှိတဲ့ သူ့ မြေးတွေမှာ လာအရိပ်ထိုးနေတာစိတ်မကောင်းစရာပဲ။

တလောတုန်းက ဗိုလ်ချုပ်အတ္ထုပတ္တိရုပ်ရှင်ရိုက်မယ်ဆိုတော့လည်း ဦးစောနဲ့ ရုပ်တူတဲ့ မြေးတစ်ယောက်က သူကိုယ်တိုင် ဦးစောနေရာမှာ ဝင်သရုပ်ဆောင်ပေးပါရစေဆိုပြီးကမ်းလှမ်းတယ်။ သူ့ အဘိုးရဲ့မိုက်ပြစ်တွေရှိခဲ့ပေမယ့် ဗိုလ်ချုပ်ဇာတ်ကားမှာ သူပါဝင်ချင်ပါတယ်ဆိုတဲ့သတင်းတက်လာတော့ အောက်ကနေ ကွန်မန့် တွေနဲ့ ဝိုင်းဆဲကြတာတွေတွေ့ ရတယ်။ တကယ်စိတ်မကောင်းဘူး။

ဦးစောအကြောင်းဖတ်ဖြစ်ရင်းနဲ့ သင်ခန်းစာတစ်ခုရခဲ့တယ်။
ကိုယ့်ရဲ့ မိုက်ပြစ်တွေဟာ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် အရှက်ရမယ့်ကိစ္စဖြစ်ခဲ့ရင် ကိုယ့်သားမြေးတွေမှာ ကိုယ့်နာမည်ကြားတိုင်းအကြိမ်ကြိမ်သေနေရတယ်။
ကိုယ့်အမျိုးကတောင် ကိုယ့်နာမည်ထုတ်မပြောရဲလောက်အောင် ရာဇဝင်ရိုင်းခဲ့သူတစ်ယောက်ဟာ ဘဝမှာ ဘာများအောက်မေ့စရာရှိပါတော့မလဲ။


ကိုးကား ...
ဂဠုန်ဦးစော၏ နောက်ဆုံးနေ့ရက်များ - တက္ကသိုလ် စိန်တင်

လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်

သမိုင်းတကွေ့ မှ ဂဠုန်ဦးစော



- ယဉ် ယဉ်နှောင်း မှကူးယူဖော်ပြပေးပါသည်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...