စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သက္ကာယဒိဌိဆိုသည်မှာ

http://api.ning.com/files/KrnknWjFN4HfZim**Qw753DtPkGLbhlbsiWMUmB0ZDQL8dczzTUSDiP3u-m9uyBber3IQkdS4x69J4QEB*aLQgEmsbw1hq1w/buddhism.jpg

သက္ကာယဒိဌိဆိုတာ - ထင်ရှားရှိတဲ့ ရုပ်-နာမ်အပေါင်းကို အတ္တကောင်၊ ငါကောင်လို့ အမြင်မှား၊ အယူမှား၊အမှတ်မှားပါ။ သက္ကာယဒိဌိဆိုတဲ့ ပါဠိအမည်ထဲမှာ သ - က တစ်ခု၊ ကာယ- က တစ်ခု၊ ဒိဌိ-က တစ်ခု၊ ဒီသုံးခုကိုတွဲစပ်ထားတာပါ။
သ-ထင်ရှားရှိတယ်လို့ အနက်ရှိ။
ကာယ- အပေါင်း လို့ အနက်ရှိ။
ဒိဌိ- အမြင်မှား အယူမှား လို့ အနက်ရှိ။
သ+ ကာယ =သက္ကာယ (ထင်ရှားရှိတဲ့ ရုပ် နာမ် အပေါင်း)

ဒီတော့ သက္ကာယ ဒိဌိဆိုတာ = ထင်ရှားရှိတဲ့ ရုပ် နာမ် အပေါင်းကို အတ္တကောင်၊ငါကောင်၊ သတ္တ၀ါကောင်၊ အနေနဲ့ အထင်အမြင်မှား၊ အမှတ်မှား၊ အယူမှားတာကို သက္ကာယဒိဌိ လို့ခေါ်ပါတယ်။
မြင်ရာ၌ သက္ကာယ ဒိဌိဖြစ်ပုံ - မြင်ဆဲခဏမှာ ၊ မျက်စေ့ရုပ် ထင်ရှားရှိတယ်၊ မြင်စရာအဆင်းရုပ်ရှိတယ်၊မြင်သိမှုစိတ် နာမ်ရှိတယ်။ တကယ်ထင်ရှားရှိတဲ့ မျက်စေ့၊ အဆင်း ဆိုတဲ့ ရုပ်နဲ့ မြင်သိတယ်ဆိုတဲ့ နာမ် ဒီရုပ် နာမ်ကို အတ္တကောင် ငါကောင်လို့ ထင်နေတာ သက္ကာယ ဒိဌိ ပါပဲ။

အထင်အမြင်မှားပုံကတော့ မျက်စေ့နဲ့ တစ်ကိုယ်လုံးကိုလဲ ငါလို့ထင်တယ်။ မြင်သိတာကိုလဲ ငါလို့ထင်တယ်။ ငါက မြင်တယ်၊ မြင်တာငါပဲလို့ ထင်တတ်တာမျိုး။ မျက်စိ၊ မြင်သိတာ၊ မြင်ရတာ၊ အဲဒီသုံးမျိုးလုံးကို ငါလို့ထင်တယ်။ အဲဒါဟာ သက္ကာယဒိဌိပါ။ သူတစ်ပါးကို မြင်ရတဲ့ အခါလဲ လူကိုမြင်တယ်။ မိန်းမကိုမြင်တယ်။ ယောက်ျားကိုမြင်တယ်။ စသည်ဖြင့် အသက်ရှင်နေတဲ့ အတ္တကောင် ၊ သတ္တ၀ါကောင် အနေဖြင့် ထင်မှတ်တယ်။ ဒါလဲ သက္ကာယ ဒိဌိပါ။ မြင်သိတာလေး တစ်ခုကနေပြီးတော့ သိတဲ့စိတ်နဲ့ တစ်ကွ တစ်ကိုယ်လုံးကို တစ်ပေါင်းတည်းပဲ ငါလို့ စွဲလန်းသွားတယ်။ဒါလဲ သက္ကာယ ဒိဌိပါ။မျက်စိ၊ အဆင်း၊ မြင်သိစိတ် ဆိုတဲ့ ဒီသုံးခုအပေါင်းကို ငါကောင်၊ သတ္တ၀ါကောင် လို့ ထင်နေတာပါပဲ။ ဒီအတ္တစွဲ သက္ကာယဒိဌိ အစွဲက ကင်းခဲပါတယ်။ ပကတိ လူတွေမှာ ဒီအစွဲက ရှိနေတာပါပဲ။

အဘိဓမ္မာ စာပေကျမ်းဂန်တွေကို လေ့လာထားတဲ့ ပုဂ္ဂိုလ်တွေမှာတော့ ဒီအတ္တစွဲဟာ အတော်အတန်နည်းပါးတယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် လုံးဝကင်းတာတော့ မဟုတ်ပါဘူး။ သုတမယ ဥာဏ်လောက်နဲ့တော့ ဒီအတ္တစွဲက မကင်းနိုင်ပါဘူး။ မြင်တိုင်း၊ သိတိုင်း မပြတ်လိုက်ရှုပြီး ရှုသိနေတဲ့  ဘာဝနာမယ ဥာဏ်နဲ့ ဆိုရင်တော့ အနတ္တလို့ သိတိုင်း သိတိုင်း ဒီအတ္တစွဲ ကင်းနေပါတယ်။ ဒါပေမယ့် မရှုပဲ နေတဲ့ အခါကျတော့ ဒီအတ္တစွဲက ပြန်လာတာပဲ။ အရိယမဂ်ရောက်မှ ဒီအတ္တစွဲက လုံးလုံးကင်းသွားတာ။ အဲဒီ အရိယမဂ်ဥာဏ် ဖြစ်ပေါ်လာသည့်တိုင်အောင် ၀ိပဿနာဥာဏ်ဖြင့် ရှုသိပြီး ပယ်ဖို့ရာ အရေးကြီးပါတယ်။

ကြားဆဲ ခဏမှာလဲ မြင်ဆဲလိုပါပဲ နားရုပ်က ထင်ရှားရှိတယ်။ ကြားရတဲ့ အသံရုပ်ကလဲ ထင်ရှားရှိတယ်။ကြားသိတဲ့ စိတ် နာမ်ကလဲ ထင်ရှားရှိတယ်။ အဲဒီ ထင်ရှားရှိတဲ့ ရုပ် နာမ် အပေါင်းကို ငါပဲ အသက်ရှင်နေတဲ့ အကောင်ပဲလို့ ထင်မှတ်စွဲလန်းတယ်။ အသံရှင်ဖြစ်တဲ့ သူတစ်ပါးကိုလဲ အသက်ရှင်နေတဲ့ ထင်မှတ်စွဲလန်းတယ်။ ဒါဟာထင်ရှားရှိတဲ့ ရုပ် နာမ် အပေါင်းကို အတ္တကောင်လို့ အထင်မှား အမြင်မှား အယူမှားတဲ့ သက္ကာယ ဒိဌိဖြစ်ပါတယ်။

နံဆဲ ခဏမှာလဲ နှာခေါင်းရုပ်က ထင်ရှားရှိတယ်။ အနံ့ရုပ်ကလဲ ထင်ရှားရှိတယ်။ နံသိတဲ့ စိတ် နာမ်လဲ ထင်ရှားရှိတယ်။ အဲဒီရုပ် နာမ် အပေါင်းကို အသက်ရှင်နေတဲ့ ငါကောင်၊ သတ္တ၀ါကောင်လို့ ထင်မှတ် စွဲလန်းတယ်။ ဒါလဲ သက္ကာယဒိဌိဖြစ်ပါတယ်။

စားသိဆဲ မှာလဲ လျှာရုပ်က ထင်ရှားရှိတယ်။ စားသိရတဲ့ အရသာရုပ် ထင်ရှားရှိတယ်။ အရသာသိတဲ့ စိတ် နာမ်လဲ ထင်ရှားရှိတယ်။ အဲဒီရုပ် နာမ် အပေါင်းကို အသက်ရှင်နေတဲ့ ငါကောင်၊ သတ္တ၀ါကောင်လို့ ထင်မှတ် စွဲလန်းတယ်။ အဲဒါလဲ သက္ကာယဒိဌိ ဖြစ်ပါတယ်။

တွေ့ထိရာဌာန ကတော့ အလွန်ကျယ်ပြန့်ပါတယ်။ တစ်ကိုယ်လုံး နေရာတစ်ကာ က ထိသိနိုင်တာပဲ။ သွေးသားကောင်းတဲ့နေရာမှန်သမျှ အကုန်လုံးပဲ။ ခြေထောက်က ခေါင်းထိ တစ်ကိုယ်လုံး၊ အတွင်းရော အပြင်ရော အတွေ့ အထိတွေပြည့်လို့ ။ဟိုနားက ထိတွေ့လိုက် ဒီနားက ထိေ တွ့လိုက် နဲ့ တွေ့ထိတိုင်းတွေ့ထိရာဌာနက ကာယပသာဒ ခေါ်တဲ့ ကိုယ်အကြည်ရုပ်ကလဲ ထင်ရှားရှိတယ်။ တွေ့ထိရတဲ့ရုပ်ကလဲ ထင်ရှားရှိတယ်။ ထိသိတဲ့စိတ် နာမ်လဲ ထင်ရှားရှိတယ်။ ဒီထင်ရှားရှိတဲ့ ရုပ် နာမ်တွေကို တစ်ပေါင်းတည်းပြုပြီးတော့ ငါပဲ အသက်ရှင်နေတဲ့ အကောင်ပဲလို့ ထင်မှတ်စွဲလန်းနေတယ်။ အဲဒါလဲ သက္ကာယဒိဌိ ဖြစ်ပါတယ်။

စိတ်ကူး၊ စဉ်းစား၊ ကြံသိဆဲ မှာလဲ ကြံစည်တိုင်း မှီရာ ရုပ် ထင်ရှားရှိတယ်။ စိတ်ကူး ကြံသိရတဲ့ အာရုံလဲ ထင်ရှားရှိတယ်။ အဲဒီလို ထင်ရှားရှိတဲ့ရုပ် နာမ် အပေါင်းကို စွဲမှီပြီးတော့ငါ စိတ်ကုးနေတယ်။ ငါကြံတွေးနေတယ်။ ငါသိနေတယ်လို့ ထင်မှတ်နေတာလဲ သက္ကာယဒိဌိ ဖြစ်ပါတယ်။
မြင်တာ၊ ကြားတာ၊ နံတာ၊ စားသိတာ၊ ထိသိတာ၊ ကြံသိတာ တွေအကုန်လုံးပေါင်းပြီးတော့လဲ ငါကောင် အတ္တကောင်လို့ ထင်မှတ်နေတာလဲ သက္ကာယဒိဌိ ဖြစ်ပါတယ်။

ဓမ္မာ့ မိတ်ဆွေတို့အတွက် သက္ကာယဒိဌိ ဖြစ်ပေါ်ပုံလေးများကို မဟာစည်ဆရာတော်ဘုရားကြီး၏ တက္ကသိုလ် ၀ိပဿနာ တရားတော် စာအုပ်မှ ထုတ်နှုတ်၍ သက္ကာယဒိဌိ ကင်းစင် နိုင်စေရန် ဆန္ဒမွန်ဖြင့်………………..
Nyan soe

http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:351340

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...