စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စာဖတ်ခြင်းဖြင့် အသိပညာ ဗဟုသုတ ရှာဖွေပါ



ချိုနွယ်ဌေး

နိုင်ငံ တစ်နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုကို ကြည့်မည်ဆိုလျှင် အသိပညာရှင်၊ အတတ်ပညာရှင်များ ဖြစ်ထွန်း ပေါ်ထွက် မှုသည် လွန်စွာ အရေးကြီးလှ ပေသည်။ ထို ပညာရှင်များသည် မိမိတို့ အတတ်ပညာ များကို နိုင်ငံသူ နိုင်ငံသားများ၊ ကမ္ဘာ့ လူသားများ အတွက် တန်ဖိုး မဖြတ်နိုင်သော အသိပညာ၊ အတတ်ပညာ များကို ဖော်ထုတ်ပြီး ထင်ပေါ် လာကြကာ ၎င်းတို့ကို ပိုင်ဆိုင်သော နိုင်ငံ သည်လည်း ကမ္ဘာ့အလယ်တွင် ထင်ပေါ် ကျော်ကြားပြီး စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အခွင့်အလမ်း ကောင်းများ ပိုင်ဆိုင် လာနိုင်ပေသည်။

မြန်မာ နိုင်ငံသည်လည်း ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခဲ့သော ကာလ တစ်ခုကို ကျော်လွန်လာပြီး ဖွံ့ဖြိုး တိုးတက်မှု လမ်းကြောင်းပေါ်သို့ စတင် လျှောက်လှမ်းနေပြီ ဖြစ်ရာ ယနေ့ ကမ္ဘာပေါ်တွင် ဖြစ်ပေါ်လျက် ရှိသော စီးပွားရေး၊ နိုင်ငံရေး၊ အသိ ပညာများ၊ အတတ် ပညာများကို ပွင့်လင်း မြင်သာစွာ တွေ့မြင် ကြားသိ နေရပြီ ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်စ ပြု ပြီဖြစ်သော ကျွန်ုပ်တို့ နိုင်ငံသည် ရှေ့လာမည့် အနာဂတ် ကာလတွင် စိန်ခေါ်မှုများနှင့် ကြုံတွေ့ရမည် ဖြစ်ရာ မည်သို့ ရင်ဆိုင်ကျော်လွှား
ရမည်ကို ကြိုတင် သိရှိထားရန် လိုအပ်မည် ဖြစ်သည်။

လူဦးရေ သန်း ၆ဝ နေထိုင်သော မြန်မာ နိုင်ငံတွင် စုစုပေါင်း လူဦးရေ၏ ၇ဝ ရာခိုင်နှုန်းသည် ကျေးလက် ဒေသ များတွင် နေထိုင်ကြပြီး အဓိကအားဖြင့် စိုက်ပျိုးရေး လုပ်ငန်းများ၊ အခြေခံ အလုပ်များကို လုပ်ကိုင်ကာ အသက်မွေး ဝမ်းကျောင်း ပြုကြသည်။ စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံ ဖြစ်သော်လည်း စိုက်ပျိုးရေး နည်းပညာ လိုအပ်ချက် အရ ခရီး ရောက်သင့်သလောက် မရောက်နိုင်၊ တွင်းထွက် သယံဇာတများ ပေါများ သော်လည်း နည်းပညာ ရှိသော နိုင်ငံ များကို အားကိုး ရသဖြင့် သွေးစုပ် ခြယ်လှယ်ခြင်း ခံနေရသည်ကို သိလျက်နှင့် ဘာလုပ် နိုင်မည်နည်း၊ ကျွန်ုပ်တို့ ပညာတတ်ဖို့ လိုနေပေပြီ၊ အရင်းအနှီး များပြီး အမြတ် နည်းရသည့် အကြောင်း အရင်းကို ရှာဖွေ ဖော်ထုတ် သင့်ပြီ ဖြစ်သည်။
 စာဖတ်ခြင်းဖြင့် အသိပညာ ဗဟုသုတ ရှာဖွေပါ
အဆင့်မြင့် နည်းပညာများ၊ အတတ်ပညာများ တတ်မြောက်ဖို့ရန် အတွက် ပညာသင်ကြားရန် လိုအပ်သလို စဉ်ဆက် မပြတ် ပြောင်းလဲလာသော နည်းပညာများကို ဆက်လက် ဆည်းပူးနိုင်ရန် စာဖတ်ဖို့ လိုပေသည်။ စာပေသည် ရိုင်းစိုင်းသောသူကို ယဉ်ကျေးစေပြီး ယဉ်ကျေးသော သူကို သိမ်မွေ့နိုင်စွမ်း ရှိပေသည်။ စာပေ၏ အစွမ်းကို ဥပမာ ပြရလျှင် ဆေးထိုးမှားသော ဆေးဆရာ တစ်ဦးသည် လူနာတစ်ဦးသာ သေစေ နိုင်သော်လည်း စာပေ အဆိပ်အတောက် တစ်ခုကြောင့် လူသားများစွာ အတိဒုက္ခ ရောက်ကြရသည့် သာဓက များစွာ ရှိပေသည်။

 အများ အပြောကိုသာ ကျေနပ်မနေဘဲ မိမိကိုယ်တိုင် စာပေများကို ဖတ်ရှုပြီး စာပေမှ ရရှိသော ဗဟုသုတ များဖြင့် တွေးခေါ် မြော်မြင်နိုင်မည် ဖြစ်သည်။ စာပေ ဖတ်ရှုခြင်းနှင့် ပတ်သက်ပြီး မြန်မာ ရာဇဝင်တွင် ဝန်မင်း ဘိုးရာဇာကို သိရှိကြမည် ဖြစ်သည်။ ၎င်းသည် သာမန် လယ်သမား ဘဝတွင် တွေ့သမျှ စာပေကို ဖတ်ရှုပြီး ဗဟုသုတ ရှာမှီးခဲ့ခြင်းကြောင့် ပညာရှိ အမတ်အဖြစ် ဘုရင်၏ ခေါ်ယူ မြှောက်စား ခံရသည်မှာလည်း စာဖတ်ခြင်း၏ အကျိုးကျေး ဇူးများပင် ဖြစ်သည်။

ယနေ့ ကမ္ဘာပေါ်တွင် ဖြစ်ပေါ်လျက်ရှိသော အကြောင်း တရားများ၏ အကြောင်းအကျိုး၊ အကောင်း အဆိုးကို ဝေဖန် ပိုင်းခြားနိုင်ရန် တီဗွီ၊ ရေဒီယို ကြည့်ရှု နားထောင်နိုင်သလို စာပေ ဖတ်ခြင်းဖြင့်လည်း သိမြင်နိုင်မည် ဖြစ်သည်။ ယနေ့ အချိန်အခါသည် ဖတ်စရာ၊ မှတ်စရာ စာပေများ လွန်စွာ ပေါများသောခေတ် ဖြစ်ပေရာ လက်တစ်ကမ်းမှ အခွင့်အလမ်းများကို လက်လွှတ် မခံသင့်ပေ။

 နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ယခု အခါတွင် စာမဖတ်သူများ ပပျောက်ဖို့ အချိန်တန်ပြီ ဖြစ်သည်။ ခရိုင်/ မြို့နယ်/ ကျေးရွာ စာကြည့်တိုက် များကို နိုင်ငံတော်၊ ဒေသခံ ပြည်သူများ၊ ပုဂ္ဂလိက အလှူရှင်များ ဆောက်လုပ်၍ စီစဉ် ဆောင်ရွက် ပေးခဲ့ပြီ ဖြစ်သည်။ ထို့မှတစ်ဆင့် ခရီးသွား ပြည်သူများ၊ စာပေ ဝါသနာရှင်များ လမ်းခရီး တစ်ထောက်နားချိန် များတွင် ဖတ်ရှု လေ့လာနိုင်ရန် အတွက် မြို့များရှိ လူစည်ကားရာ နေရာများတွင် Mini Book Corner (စာပေ ရေချမ်းစင်) များကို စီစဉ် ဆောင်ရွက်ပေးပြီး အပတ်စဉ်ထုတ် ဂျာနယ်မျိုးစုံ၊ နေ့စဉ်ထုတ် သတင်း စာများ၊ လစဉ်ထုတ် မဂ္ဂဇင်းများ၊ ဝတ္ထုနှင့် သုတ စာပေများကို ဖတ်ရှုနိုင်ပြီ ဖြစ်သည်။

Mini Book Corner (စာပေ ရေချမ်းစင်) တွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ သိပ္ပံနှင့် နည်းပညာ၊ ယဉ်ကျေးမှု၊ အနုပညာ၊ အားကစား အတ္ထုပ္ပတ္တိ စသည်ဖြင့် ကဏ္ဍ (၁၂) ခု စီစဉ် ထားပေးပြီး ကဏ္ဍ တစ်ခုစီကို တစ်ထိုင်တည်း ဖတ်ရှုနိုင်ရန် အတွက် ထိမိသော စာမျက်နှာ (၂၄)မျက်နှာဖြင့် ဗဟုသုတ ရရှိစေရေးကို စီစဉ်ထားသည်။ အဆိုပါ စာစဉ်များကို တစ်နိုင်ငံလုံး အတွက် အုပ်ရေ ၆ဝဝဝ ရိုက်ကူးပြီး ကဏ္ဍ တစ်ခုလျှင် ငါးအုပ်နှုန်း၊ စာစဉ် အသစ်များကို တစ်လလျှင် တစ်ကြိမ် ရိုက်နှိပ် ဖြန့်ဝေပေးသွားမည် ဖြစ်သည်။

နိုင်ငံတော် အစိုးရမှ နိုင်ငံသူ နိုင်ငံသားများ စာပေ ဖတ်ရှုနိုင်ရေး အတွက် အသွင်သဏ္ဌာန် အမျိုးမျိုးဖြင့် စီစဉ် ဆောင်ရွက် ပေးထားပြီ ဖြစ်ရာ ကျွန်ုပ်တို့ အနေဖြင့် စာပေ ဗဟုသုတများစွာ ရှာမှီးပြီး နည်းပညာ အသစ်များ ရရှိရေး၊ တိုင်းတစ်ပါး ယဉ်ကျေးမှု ကူးစက်မှုကို သတိပြု ကာကွယ်နိုင်ရေး အသိနှင့် ဆင်ခြင်နိုင်ပြီး နိုင်ငံတော် ၏ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများတွင် ကျရာ အခန်းကဏ္ဍမှ ပါဝင်နိုင်ရေး အတွက် စာဖတ်ခြင်းဖြင့် အားဖြည့် နိုင်စေရန် ရေးသား အပ်ပါသည်။

 http://www.myawady.com.mm/library/stories/storiesforall/item/20346-2013-07-24-09-29-

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...