စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘဝတန်ဖိုး မြင့်မားလိုလျှင်




အထက်လူကြီး တစ်ဦးသည် လက်အောက် ဝန်ထမ်းများ၏ လေးစားချစ်ခင်မှုကို နှစ်သက်သကဲ့သို့ ရိုသေကိုင်းရှိုင်းမှု ကိုလည်း ခံယူလိုကြသည်မှာ သဘာဝကျ ပါ၏။ တစ်ချိန်တည်းတွင် မိမိအပေါ် မထီမဲ့မြင်ပြုခြင်း၊ အရွဲ့ တိုက်ခြင်းတို့ ကိုလည်း လိုလား ကြမည် မဟုတ်ပေ။

ထို့အတူပင် လူမှုနယ်ပယ်တွင်လည်း လူငယ်လူရွယ်များက မိမိထက်အသက်၊ ဝါကြီးသူတို့ အပေါ် ရိုရိုသေသေ ပြောဆို ဆက်ဆံခြင်းကို လူကြီးသူမများ နှစ်လိုကြ သော်လည်း မထီမဲ့မြင် ပြုခြင်းကို မူ လိုလားကြမည် မဟုတ်ပေ။

ရိုသေမှုဟူသည် လူမျိုး အသီးသီးတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံအရ ရှိသင့် ရှိအပ်သော လူမှု ဆက်ဆံရေးပင် ဖြစ်ပါ၏။ ရိုသေမှုဆိုရာတွင် ကိုယ်၊ နှုတ်တို့ဖြင့် သူများ နားလည်အောင် ဖော်ပြနိုင် သည်။ သို့သော် တကယ်ရိုသေ၊ မရိုသေသည်ကို စိတ်ဖြင့်သာ ခွဲခြားနိုင်၏။ ဥပမာ-ဘုရား ရှိခိုးသောအခါ ကိုယ်ဖြင့်ရိုကျိုးလျက် နှုတ်က တဖွဖွ ဆိုနေလင့်ကစား စိတ်မပါလျှင် အကျိုးမဖြစ်ပေ။ တစ်ခါတလေ ဘုရားရှိခိုးနေရင်း စိတ်တွေပျံ့လွင့်ပြီး အတွေး နယ်ချဲ့နေပါက အပြစ်ပင်ဖြစ်နိုင် သေး၏။

ထို့ကြောင့် စိတ်သည် အခရာဖြစ်၏။ သို့သော် ''စိတ်'' သည် သက်သေပြရန် ခက်၏။ စိတ်ဖြင့်ဘုရားရှိခိုးနေသည်ဟုဆိုလျှင် မည်သူမျှ လက်ခံယုံကြည်မည် မဟုတ်ပေ။

ဗုဒ္ဓတရားတော်အရ အရိုအသေပြုခြင်း ဆိုသည်မှာ လက်အုပ်ချီမိုး ရှိခိုးခြင်း၊ ခရီးဦး ကြိုဆိုခြင်း၊ ကောင်းမွန် မြင့်မြတ်သော နေရာထိုင်ခင်း ပေးခြင်း၊ အစားအသောက် ဦးစားပေးခြင်း၊ ယဉ်ကျေး သိမ်မွေ့စွာ ပြောဆို ဆက်ဆံခြင်း စသည်တို့ဖြစ်၏။

ရိုသေထိုက်သော ပုဂ္ဂိုလ်များမှာ ရတနာသုံးပါး (ဘုရား၊ တရား၊ သံဃာ) မိဘ၊ ဆရာသမား၊ မိမိထက် အသက်၊ ဝါ၊ သိက္ခာကြီးသူ၊ သီလသမာဓိ ပညာဂုဏ်ကြီး သူနှင့် မိမိအား ကျေးဇူးပြု ဖူးသော ကျေးဇူးရှင်များ ဖြစ်ကြသည်။ ထိုပုဂ္ဂိုလ်များကို ရိုသေလေးစားခြင်းသည် ''ဂါရဝမင်္ဂလာ'' ကို ကျင့်သုံးခြင်း ဖြစ်၏။

လူကြီးသူမများနှင့် မိမိအထက် အကြီးအကဲများအား မထီမဲ့မြင် ပြုတတ်သူများကို လေ့လာကြည့်လျှင် ၎င်းတို့သည် ဘဝင်မြင့်ကြွားဝါပြီး မာန်ရောင် ထွက်တတ်သူများ ဖြစ်သည်ကို တွေ့ရပေမည်။ တက်ကြွ မောက်မာသော မာနသည် မိမိ၏ ကြီးပွားချမ်း သာရေးကို ကြီးစွာ အနှောင့်အယှက်ပေး၏။ မာနကို မထိန်းသိမ်းနိုင်လျှင် ပျက်စီး တတ်၏။

အင်းဝခေတ်က ''ခုံတော်မောင်ကျဘမ်း'' သည် ပညာရှိ တစ်ယောက်ဖြစ်လျက် မာန်ထောင်၊ မာန်ယစ်၊ မာန်မောက်တတ်သော ဝါသနာကြောင့် တောင်တွင်းရှင် ဥတ္တမကျော်၏ ဆုံးမခြင်းကို ခံရပြီး အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရဖူးသည်။

ရိုသေလေးစား ထိုက်သူကို ကိုယ်ဟန် အမူအရာမျှသာမ ဟုတ် စိတ်ကိုလည်း နှိမ့်ချ၍ မာန်မာနကို ချိုးနှိမ် ဆက်ဆံတတ်ပါမှ ''နိဝါတမင်္ဂလာ'' ဖြစ်မည်။

စင်စစ်အားဖြင့် မာန်မာနကြောင့် ကိုယ်အမူအရာ၊ နှုတ်အမူအရာ ခက်ထန် ကြမ်းတမ်းလာပြီး ရိုင်းစိုင်း စိတ်ဝင်ကာ ကြီးငယ်မရွေး မထီမဲ့မြင် ပြုတတ် လေတော့သည်။ ထောင်လွှား မော်ကြွား ဝင့်ဝါလိုသော စိတ်သည် တစ်ဖက်သားကို မထီမဲ့ မြင်ပြုခြင်း၊ အထင်သေးခြင်း၊ အရေးမစိုက်ခြင်း၊ အပြောအဆို အမူအရာ ကြမ်းတမ်း ရိုင်းပျခြင်းတို့ကို ဖြစ်ပေါ်စေသည်။

အချို့သူတို့သည် အနည်းငယ်မျှသော ရာထူး၊ ဂုဏ်ရှိန်ကို ကြီးကျယ်သည်ဟု ထင်ကာ ထောင်လွှား မာန်တက်တတ်ကြ၏။ ဂုဏ်ယူလောက်သော အရည်အချင်း မရှိပါဘဲ ဘဝင်မြင့်ကာ သွေးနား ထင် ရောက်တတ်၏။ အမှန်တွင် ရာထူး၊ ဂုဏ်ရှိန်ဟူသည် ထာဝရခိုင်မြဲသော အရာမဟုတ်သဖြင့် ရာထူး၊ ဂုဏ်ရှိန်မရှိသော အခါ သို့မဟုတ် လျော့ကျ သွားသောအခါ အိမ်နိမ့်စံ ဘဝသို့ အလိုအလျောက်ရောက် ရှိသွားတော့၏။

မြန်မာမှု နယ်ပယ်တွင် အထူးအလေးထား လိုက်နာကျင့်သုံးရန် ''ချစ်ကြောက်ရိုသေ'' ဟူသော နီတိ စကားရှိ၏။ ထိုစကားသုံးလုံးတွင် အမှန်တကယ် ရိုသေလေး စားမှုရှိမှသာ ချစ်ခြင်းနှင့် ကြောက်ခြင်းကို ဟန်ချက်ညီညီ ကျင့်သုံးနိုင်မည် ဖြစ်သည်။ ချစ်ခြင်း တစ်ခုတည်းနှင့် ရိုသေလေးစားမှုကို မရနိုင်သလို ကြောက်၍ရိုသေ ရခြင်းသည်လည်း ရိုသေကိုင်းရှိုင်းမှု ။ ချစ်ကျွမ်း ဝင်လွန်းခြင်း၊ ခင်မင်ရင်းနှီးမှု လွန်ကဲခြင်းတို့ကြောင့် ရိုသေလေးစားမှု ပျက်ပြယ်စေတတ်၍ ''အရောဝင်လွန်းပါက အရိုအသေတန်'' သည်ဟူသော စကားရှိသဖြင့် ဂရုထား သင့်အစစ်မဖြစ်နိုင်ပေ ပါ၏။

ထို့အတူ အကြောင်းကြောင်းကြောင့် ကြောက်ရွံ့ ရခြင်းသည်လည်း ရိုသေမှုနှင့် ပို၍ အလှမ်း ဝေးသွားတတ်၏။ ကြောက်ရသော ပုဂ္ဂိုလ်တို့ရှေ့တွင် ရိုသေဟန်ပြနေ ရသော်လည်း စစ်မှန်သော ရိုသေခြင်း၊ စေတနာပါသော ရိုသေခြင်း မဟုတ်၍ နောက်ကွယ်တွင် ပမာမခန့် မလေးမစား ပြုမူပြောဆို ခံရတတ်ပါ၏။ ကြောက်ရခြင်းသည် အနေကျုံ့ အနေခက်စေ၍ မိမိကြောက်ရွံ့ ရသူများကို ဝေးဝေးမှ ကွင်းရှောင် တတ်ကြ၏။ ချစ်ကြောက် ရိုသေပြုရမည့် အစား ''ချစ်ကြောက်ရွံ့မုန်း'' ဖြစ်သွားတတ် သည်ကို သိထားသင့်ပါ၏။

''ရိုသေကိုင်းရှိုင်းခြင်း'' နှင့် ''မထီမဲ့မြင်ပြုခြင်း'' တို့သည် မတူကွဲပြားသော ဆန့်ကျင်ဘက် အမူအကျင့်များပင် ဖြစ်သည်။ အမှန်မှာ ''ရိုသေကိုင်းရှိုင်းခြင်း'' သည် မြန်မာ့ ယဉ်ကျေးမှု၏ အသီးအပွင့် ပင် ဖြစ်သည်။ ယဉ်ကျေးမှု၏ အနှစ်သာရ သဘော သဘာဝကို မြန်မာ့အဘိဓာန်၌ ဤသို့ ဖွင့်ဆိုထားသည်။

''(၁) ယဉ်ကျေးသိမ်မွေ့သော အပြုအမူ (၂) လူမှု အဆင့်အတန်း ပြောင်းလဲတိုး တက်လာစေသော တတ်သိလိမ္မာမှု (၃) အစဉ်အလာ ထိန်းသိမ်းလာခဲ့သော ထုံးတမ်း ဓလေ့ကျင့်ဝတ် (၄) သာယာ ကြည်နူးဖွယ် အာရုံ ခံစား ရရှိစေ နိုင်အောင် အကျိုး ပြုနိုင်သော နှုတ်မှု၊ လက်မှုအတတ်ပညာ'' မိမိကိုယ်တိုင်က ဘဝကို တန်ဖိုးထားသူ ရည်မှန်းချက် မြင့်မြင့်ထားသူဖြစ်ရန် လို၏။ ဘဝကို တန်ဖိုးထားသူဖြစ်မှ မိမိကိုယ်ကိုယ် တန်ဖိုးထားသူ ဖြစ်မည်။ မိမိ ကိုယ်ကိုယ် တန်ဖိုးထားသူသည် စည်းစနစ်ကျသော အလေ့အကျင့်များနှင့် အတူ တွေးခေါ် ဆင်ခြင်တုံ တရားများ ရှိ၏။ ကိုယ်အမူအရာ၊ နှုတ်အမူအရာ ယဉ်ကျေး သိမ်မွေ့၏။ လူတစ်ဖက်သားအပေါ် အထင်ကြီးခြင်း၊ အထင်သေးခြင်းများ ကင်း၍ လူကိုလူလို သဘောထားသူ၊ လူသားချင်း စာနာထောက်ထားသူ၊ လူ့ကိုယ်ကျင့် သိက္ခာ တန်ဖိုးထားသူ ဖြစ်ပေလိမ့်မည်။

သို့ဖြစ်၍ ဘဝတန်ဖိုး မြင့်မားစေနိုင်သော ''ရိုသေကိုင်းရှိုင်းခြင်း'' အမှုကို အစဉ် အမြဲပြုနိုင်အောင် ကြိုးစားသင့်ပါကြောင်း တိုက်တွန်းရပါ၏။

https://www.facebook.com/photo.php?fbid=438840479547122&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...