စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရွှေအဆင်းတွေ့တိုင်း ဘုရားကို သတိရပါ

http://www.freewebs.com/buddhapuzar/buddha_padamya2.jpg

ပြောရင်းနဲ့ သတိရလို့ ပြောလိုက်ရရင်တော့ ရွှေလှူမှသာ ရွှေအကျိုးရတာ မဟုတ်ပါဘူး။

            ဦးဇင်းတို့ မြတ်စွာဘုရားလက်ထက်က “မဋ္ဌကုဏ္ဍလီ”ဆိုတဲ့ သတို့သားလေး တစ်ယောက်ရှိတယ်။ သူ့အဖေက နှမြောလွန်းလို့ မွေးကတည်းက တစ်ပြားတစ်ချပ်မှ မလှူဖူးဘူး။ အဲဒါ အဖေနှမြောလွန်းလို့လည်း သူသေရတာပါနော်။
သူရောဂါတစ်ခုဖြစ်တော့ အဖေက ဆေးကုလို့ရှိရင် ဆေးဖိုး ၀ါးခကုန်ကျမှာ စိုးလို့ဆိုပြီးတော့ ကိုယ့်သားကိုယ် မကုဘူး၊ ဘယ်လောက် နှမြောတုံးဆိုတာ။ အဲဒါ နှမြောလွန်းလို့ ဘယ်သူ့ကိုမှ ဘာမှ မလှူဘူး။ အဲဒါ သားလေးက ရောဂါဖြစ်တော့ အိမ်ပေါ်တောင်မထားဘူး၊ အိမ်ပေါ်ထားလို့ ဧည့်သည်တွေလာရင် အိမ်ထဲကပစ္စည်းတွေ ယူသွားမှာစိုးလို့တဲ့။

     အဲဒါ ကလေးက သေတောင် မသေသေးဘူး၊ အိမ်ရှေကပြင်ပေါ် ထုတ်ထားတယ်။ မသေခင်က အလောင်းဖြစ်နေတာပေါ့၊ ဒါပေမဲ့ အဖေ နှမြောတာ သားအတွက်တော့ ကံကောင်းသွားတယ်။ ဘယ်လို ကောင်းသွားသလဲဆိုတော့…

       အိမ်ထဲမှာ မထားဘဲနဲ့ အိမ်အပြင် ထုတ်ထားတော့ မြတ်စွာဘုရားရှင်ကလည်း ဒီသတို့သားကိုတော့ ငါ ကုသိုလ်ကောင်းမူဖြစ်အောင် ပြုလုပ်ပေးမှပဲ ဆိုပြီးတော့ အိမ်ရှေ့မှာ လာရပ်ပြီးတော့ ရောင်ခြည်တော်တွေ လွှတ်လိုက်တော့ ပက်လက်လှန်ပြီး အိပ်နေတဲ့ မဋ္ဌကုဏ္ဍလီကလေးလေးက အိမ်ခြံဝင်းဝဘက်ကို ခေါင်းလေးစောင်းပြီးတော့ ကြည့်လိုက်တယ်။

      ကြည့်လိုက်တော့ မြတ်စွာဘုရားရှင်ရဲ့ ရွှေအဆင်းလိုဝါ၀င်းနေတဲ့ ကျက်သရေတော်ကိုလည်း ဖူးရရော ကြည်ညိုတဲ့ စိတ်ကလေးတွေ ဖြစ်သွားတယ်။ ဘာမှတောင် မလှူလိုက်ရဘူးနော်။ ဘုရားရဲ့ ဂုဏ်တော်လည်း ဘာမှ ထွေထွေထူးထူး မသိပါဘူး။ ဒါပေမဲ့ မြတ်စွာဘုရားရဲ့ ရွှေအဆင်းလို ၀ါဝင်းတဲ့ ကျက်သရေတော်သည်ပင်လျှင် ဂုဏ်ပါပဲ။

    ဂုဏ်တော်ကိုးပါးထဲက “ဘဂ၀ါ” ဂုဏ်တော်မှာ ဘုန်းတော်ခြောက်ပါးဆိုတာ ပါတယ်။ အဲဒီထဲက “သီရိဘုန်းတော်”ဆိုတာ ရွှေအဆင်းလို ၀ါဝင်းတာတို့၊ အသေားတော်ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ကျက်သရေရှိတာတို့ တင့်တယ်တာတို့၊ အဲဒါတွေကို ပြောတာပါပဲ။ ဒါကြောင့် ရွှေအဆင်းကို အာရုံပြုတာ၊ ပုံတော်ကို အာရုံပြုတာလည်း ဂုဏ်တော်တစ်မျိုးပါပဲ။

    ဒါကြောင့် ရန်ကုန်က ဒကာဒကာမတွေ ဆိုလို့ရှိရင်လည်း ရွှေတိဂုံစေတီတော်ကြီကို ဟိုဘက်ကသွားသွား၊ ဒီဘက်ကသွားသွား မကြာမကြာ တွေ့တွေ့နေတာပါပဲ။ ကားပေါ်ကနေ တွေ့လို့ရှိရင် လက်အုပ်လေး ချီပြီးတော့ တခြားဂုဏ်တော်တွေ နက်နက်နဲနဲ ဘာမှ မပွားတောင် “ရွှေအဆင်းကဲ့သို့ ၀ါဝင်းတော်မူသော မြတ်စွာဘုရား”လို့ ဒီလောက်လေး ပွားလိုက်ရင်တောင် ကုသိုလ်က မကြီးဘူးလား၊ ကြီးတယ်နော်။

     ရွှေအဆင်းကို အာရုံပြု၊ စေတီတော်အချွန်အတက်ကို အာရုံမပြုနဲ့။ မြတ်စွာဘုရားရဲ့ ရွှေအဆင်းလို ၀ါဝင်းတဲ့ ကျက်သရေတော်ကို အာရုံပြုပြီးတော့ “ရွှေအဆင်းကဲ့သို့ ၀ါ ၀င်းတော်မူသော မြတ်စွာဘုရား”လို့ ဒီလို အာရုံပြုပြီး တစ်ချက်ကလေး ဂုဏ်တော်ပွားလိုက်မယ်ဆိုရင် ဒီကုသိုလ်လေးက အင်မတန် အကျိုးကြီးကျယ်ပါတယ်။

      မဋ္ဌကုဏ္ဍလီလေးက သေခါနီးလေးမှာ မြတ်စွာဘုရားရှင်ရဲ့ ရွှေအဆင်းလို ၀ါဝင်းတဲ့ ကျက်သရေတော်ကို အာရုံပြုပြီး ကြည်လင် ၀မ်းမြောက်တဲ့စိတ်နဲ့ သေသွားတဲ့အတွက် တာဝတိံသာနတ်ပြည်မှာ ရွှေဗိမာန်ကြီးနဲ့ နတ်သား သွားဖြစ်တယ်။ ရွှေမလှူဘူးနော်။ ဒါပေမယ့် ဘာကိုတော့ အာရုံပြုလိုက်လဲ၊ ရွှေအဆင်းကိုတော့ အာရုံပြုလိုက်တယ်။ ဒါကြောင့် ဒီနေ့တော့ ရွှေတွေချည်းပဲနော်။ 

 ရွှေပါရမီတောရ အရှင်ဆန္ဒာဓိက “အိုဘယ့်အလှူရှင်” စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားပါသည်။

ဘာသာရေးစာပေများကို ♣☺ မေတ္တာရိပ် ☺♣ မှာလည်း လာရောက်ဖတ်ရူလေ့လာနိုင်ပါသည်။

http://buddhismworld.ning.com/profiles/blog/show?id=6371237%3ABlogPost%3A348

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...