စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မင်းသားညီနောင်နဲ့ အတွဲထူးလာတဲ့ ဝတ်မှုံရွှေရည်ရဲ့ ‘ချစ်မြတ်နိုးခြင်းများ ဖွဲ့သီထားသော’

အနုပညာလောကမှာ ထူးထူးခြားခြား ညီအစ်ကိုအရင်းအချာ ဖြစ်တဲ့နေတိုးနဲ့ မင်းသွေးတို့ မင်းသားညီနောင်နှစ်ယောက်၊ ဒုတိယမြောက် အတွဲထူးတဲ့ဇာတ်ကားကတော့ ‘ချစ်မြတ်နိုးခြင်းများ ဖွဲ့သီထားသော’ဆိုတဲ့ လွန်းထားထားရဲ့ဝတ္ထုကို ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ဖန်တီးရိုက်ကူးတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က မင်းသား ညီနောင်နဲ့ အတွဲထူးပါဝင် သရုပ်ဆောင်ထားပါတယ်။  ဒီဇာတ်ကားက အချစ်ဇာတ်ကား ဖြစ်တဲ့အတွက် တော်တော်လေးကို ဂရုစိုက်ပြီးရိုက်ရတယ်လို့ နေတိုးက ပြောပါ တယ်။ ‘ဂျစ်ပစီ’ ဆိုတဲ့ဇာတ်ကားကို ဒါရိုက်တာဝိုင်းနဲ့ ညီအစ်ကို၂ယောက်ရိုက်ခဲ့ဖူးပြီး ဒီဇာတ်ကားနဲ့ဇာတ်လမ်း၊ အဝတ်အစားကအစ အကုန်ကွာခြားပြီး ဆန့်ကျင်ဘက် ဖြစ်တဲ့အတွက် မတူတဲ့ရသကို ပေးနိုင်မယ်လိမ့်လို့ မျှော်လင့်တယ်လို့ ပြောပါတယ်။ ဒီဇာတ်လမ်းရိုက်ကူးဖြစ်ပုံနဲ့ ပတ်သက်ပြီး နေတိုးက”ဒီဇာတ်လမ်းမှာက မင်းသား ၂လက်ဖြစ်တယ်။ မင်းသမီးအနေနဲ့ကလည်း ရှေ့မှာဂေါ်လီလိုမျိုးကို ပရိသတ်အသိအမှတ် ပြုမယ့်ဇာတ်လမ်းမျိုးလေးတွေက ပိုများတယ်။ အခုဟာကသူလည်း လုပ်ဖူးပြီး သား မဟုတ်ဘူး။ ကျွန်တော်ကတော့ ဇာတ်ရုပ်အနေနဲ့ ရှိကောင်းရှိမယ်။ ဇာတ်ကောင်စိတ်အနေနဲ့တော့ ဒီလိုမျိုးမရှိဖူးဘူး။ ပရိသတ်တွေအတွက် ဇာတ်လမ်းတင်ပြပုံ ဆန်း သစ်မှု၊ စကားလုံးအပေါ် ရွေးချယ်လိုက်တာပါ။ အိုက်တင်တွေ အပြိုင်အဆိုင်လုပ်တာ ထက်စာရင် စကားလုံးတွေ၊စိတ်တွေနဲ့ တည်ဆောက်ထားတဲ့ ဇာတ်လည်းဖြစ်တယ် လေ။ မင်းသွေးရဲ့အတွေ့အကြုံနဲ့ ကျွန်တော့်အတွေ့အကြုံက ကွာတယ်ဆိုတော့ ဘယ်လိုပဲအိုက်တင် အတူတူဆိုပေမယ့် အတွေ့အကြုံရှိတဲ့ လူတစ်ယောက်အပေါ် လွှမ်းမိုး နိုင်ဖို့မရှိဘူး။ ဒီဇာတ်ကတော့သူ့ တာဝန်နဲ့သူပေါ့။ ပရိသတ်ရဲ့စိတ်ဝင်စားမှုက လူ၃ယောက်အပေါ်မှာပဲရှိမှာပါ”လို့ ပြောပါတယ်။ဒီဇာတ်ကားမှာ နေတိုးနဲ့မင်းသွေးတို့ ညီအစ်ကိုနှစ်ယောက်ရဲ့ အပြင်က ပုံစံကိုပြောင်းပြန် သရုပ်ဆောင်ထားတာဖြစ်ပြီး မင်းသွေးက ပိုခက်တဲ့ဇာတ်ရုပ်မှာ လုပ်ရကြောင်း သရုပ်ဆောင်တစ်ယောက်က အိုက်တင်ပိုင်းမှာ ငြိမ်မှအကြာကြီး ရပ်တည်လို့ရမှာဖြစ်ပြီး အတတ်နိုင်ဆုံးရသတစ်ခုကို ထိထိရောက်ရောက် ပေးနိုင်မှာဖြစ်တဲ့အတွက် မင်းသွေးအနေနဲ့ တော်တော်များ များလည်း ရိုက်ပြီးပြီ၊ အိုက်တင်ပိုင်းကလည်း ငြိမ်လာပြီ ဖြစ်တာကြောင့်ငြိမ်တဲ့ ဇာတ်ရုပ်တစ်ခုကစပြီး လုပ်ခိုင်းတာဖြစ်ကြောင်း ဒီကားရဲ့ အဓိကရည်ရွယ်ချက်က အခု ခေတ်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အချစ်တစ်ခုကို ရိုက်ကူးတာဖြစ်ပြီး တာဝန်ကျေအောင် ကြိုးစားရိုက်ကူးနေတယ်လို့ နေတိုးကပြောပြပါတယ်။

ရခိုင်လူမျိုးဆင်းသက်လာပုံအကြောင်း



                     


ရခိုင်လူမျိုး
၁၂။တိုင်းရင်းသားမျိုးနွယ်တော်များ

နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ

ရခိုင်ဆိုသော စကားသည် ပါဠိ စကားမှ ဆင်းသက်လာသည်။ ရက္ခိတ (အမျိုးကို စောင့်ရှောက်သူ) ဟု အဓိပ္ပါယ်ရသည်။ ပျူ နှင့်အနွယ်တူ ကမ်းယံ လူမျိုးများ မြန်မာနိုင်ငံဧရာဝတီမြစ်ဝှမ်း ဒေသဘက် သို့ဝင်ရောက်သည့် အချိန်ကာလ လောက်မှာပင် အနောက်တိဗက်အနွယ်ဝင် အခြား လူမျိုးစုများသည်လည်း ရခိုင်ကမ်းရိုးတန်း ဒေသများသို့ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသ များဘက်မှ ၀င်ရောက်လာကြသည်။
ရခိုင်ကမ်းရိုးတန်းဒေသနှင့် သက်ဆိုင်သည့် သမိုင်းများကို လေ့လာသည့် အခါ ရှေးအကျဆုံး မင်းဆက်များနှင့် တိုင်းပြည် နယ်ပယ်များသည် စစ်တွေပတ်ဝန်းကျင် ဒေသတ၀ိုက်လောက် တွင် အခြေခံသည်ကို အများဆုံးတွေ့ရှိရသည်။

ရခိုင်ကမ်းရိုးတန်းတောင်ပိုင်း ဒေသများ သို့ဝင်ရောက် ခြေချသည့် လူ့အဖွဲ့အစည်းများမှာ ပျူနှင့် အနွယ်တူကမ်းယံ လူမျိုးများ သည် ဧရာဝတီမြစ်ဝှမ်း အရပ်ဒေသများမှတဆင့် ၀င်ရောက် လာဖွယ်ရာရှိသည်။ ရခိုင်ရာဇ၀င်ဟောင်းများ၌ ရေးသား ဖေါ်ပြထားသည်မှာ ဗုဒ္ဓပွင့်တော် မမူမှီ လွန်ခဲ့သည့်နှစ် ပေါင်း ၅၀၀၀ ကျော်လောက်မှ စ၍ဓည၀တီ ကို တည်ထောင်သည့် မာရယု မင်းဆက် ၅၄ ဆက်မျှ စိုးစံခဲ့ကြောင်း ဒုတိယအကြိမ် ဓည၀တီကိုတည်ထောင်သည့်ကံရာဇာကြီး မင်းဆက် ၂၉ ဆက်မြောက် စန္ဒသူရိယမင်းသည် ဗုဒ္ဓနှင့် ခေတ်ပြိုင်ဖြစ်ပြီး မဟာမုနိရုပ်ပွားတော်ကို သွန်းလုပ်ခဲ့ကြောင်း ရေးသား ဖေါ်ပြကြသည်။

ရခိုင်ကမ်း ရိုးတန်းဒေသတ၀ိုက်တွင် တွေ့ရှိရသည့် သမိုင်းဝင်ထောက်အထားများအရ ပုဂံပြည် မတိုင်မှီ ရာစု နှစ်များစွာကပင် တိုင်းပြည် မင်းဆက်များ ထူထောင်ပြီးစီးကြောင်း တွေ့ရှိရသည်။ အထူးသဖြင့် ဓည၀တီ၊ ဝေသာလီနှင့် လောင်းကြက် ပြည်များသည် သူ့ခေတ်နှင့် သူ့အခါ ထင်ရှားကြီးကျယ် သည့် တိုင်းပြည် များဖြစ်ခဲ့ကြသည်။

မြောက်ဦးခေတ် ရောက်သောအခါ ရခိုင်ဘုရင်များသည် ရခိုင်ကမ်းရိုးတန်းဒေသတ ခုလုံးကိုစည်းလုံး သိမ်းသွင်းနိုင်ခဲ့ရုံမျှမက၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေနှင့် အိန္ဒိယနိုင်ငံ တြိပူရ ဒေသများကိုပါ နှစ်ပေါင်း ရာနှင့်ချီ၍ သိမ်းပိုက်ထားနိုင်ခဲ့ကြသည်။

မြန်မာတနိုင်ငံလုံး ကို စတင်စည်းရုံးခဲ့သည့် ပုဂံမင်းဆက်ဘုရင်များသည်လည်းကောင်း၊ ဒုတိယ မြန်မာနိုင်ငံကို ထူထောင်သည့် ဘုရင့်နောင်သည်လည်းကောင်း၊ တတိယမြန်မာနိုင်ငံကို စည်းလုံးတည်ထောင်သည့် အလောင်းဘုရားသည် လည်းကောင်း ရခိုင်ပြည်ကို မြန်မာနိုင်ငံ၏ နယ်ပယ် တစ်ခု အဖြစ်သို့ မသိမ်းသွင်းနိုင်ခဲ့ကြချေ။ီရခိုင်သည် ၁၈၇၄ ရောက်မှသာ ဘိုးတော်ဗဒုံမင်းလက်အောက်သို့ ကျရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံတွင် ပါဝင်လာခဲ့သည်။

ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ
ရခိုင်လူမျိုးတို့ သည် ရခိုင်ဘာသာစကားနှင့် မြန်မာဘာသာစကားကို အများဆုံး အသုံးပြုကြသည်။
ရခိုင်ဘာသာစကားနှင့် မြန်မာ ဘာသာစကားသည် အတော်များများတူပြီး ရ-သံ /r/ နှင့် ယ-သံ /j/ ထွက်ကွာသည်။ ရခိုင်စာပေ အရေးအသားနှင့် မြန်မာစာပေး အရေး အသားသည် ဆင်တူသည်။

ရခိုင်လူမျိုးတို့သည် များသောအားဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ ကို ကိုးကွယ်ကြသည်။
သူတို့သည် အရှေ့တောင်အာရှ၏ ပထမဦးဆုံးသော ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်သူများ ဖြစ်ကြသည်။
ရခိုင်ယဉ်ကျေးမှုသည် ထေရဝါဒ ဗုဒ္ဓဘာသာ အခြေခံထား၍ပေါ်ပေါက်လာခဲ့သည်။
ရခိုင်လူမျိုးတို့၏ စာပေ၊ ဂီတ နှင့် အနုသုခုမပညာရပ်တို့သည် ဘာသာရေးကို အခြေခံပြီး တိုးတက်လာခဲ့သည်။ ရခိုင်လူမျိုးတို့၏ ကျင် အားကစားနှင့် ရခိုင်ဆီမီးခွက်အကတို့သည်ထင်ရှားသည်။

ရခိုင်ပြည်နယ်ရှိမြို့များ
ပြည်နယ်မြို့တော် စစ်တွေ
အကျယ်အ၀န်း ၁၄၂၀၀ စတုရန်းမိုင်ခန့်
လူဦးရေ ၃.၈၃၆ သန်းခန့် (၂၀၁၀ ပြည့်နှစ် စာရင်း)
ခရိုင် ၅ ခရိုင်
မြို့နယ် ၁၇ မြို့နယ်

ကျောက်တော်မြို့

ကျောက်ဖြူမြို့

ဂွမြို့

စစ်တွေမြို့

တောင်ကုတ်မြို့

ပုဏ္ဏားကျွန်းမြို့

ပေါက်တောမြို့

ဘူးသီးတောင်မြို့

မာန်အောင်မြို့

မောင်တောမြို့

မင်းပြားမြို့

မြေပုံမြို့

မြောက်ဦးမြို့

ရသေ့တောင်မြို့

ရမ်းဗြဲမြို့

သံတွဲမြို့

အမ်းမြို့

 ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးများ
၁၉၈၂ မြန်မာနိုင်ငံသား အက်ဥပဒေအရ၊ တရားဝင် အသိအမှတ်ပြုထားသော၊ မြန်မာနိုင်ငံ၏ တိုင်းရင်းသား (၁၃၅) မျိုးတွင် ပါဝင်သည့် ရခိုင်ပြည်နယ်မှ လူမျိုး နှင့် မျိုးနွယ်စု (၇) မျိုးမှာ အောက်ပါ အတိုင်း ဖြစ်သည်။
ရခိုင်လူမျိုး
ကမန် မျိုးနွယ်စု
ခမွီး မျိုးနွယ်စု
ဒိုင်းနက် မျိုးနွယ်စု
မရမာကြီး မျိုးနွယ်စု
မြို မျိုးနွယ်စု
သက် မျိုးနွယ်စု

ရည်ညွှန်းကိုးကား
ရခိုင်ရာဇ၀င် ။ အောင်သာဦး
စန္ဒမာလာလင်္ကာရ။ ရခိုင်ရာဇ၀င်သစ် ရခိုင်သမိုင်း ၊ ၁၅ ၊ ၁၈ ရာစု
အရှေ့တောင်အာရှရာဇ၀င်၊ ဟော-၁၉၅၅
မြန်မာရာဇ၀င် (ဟာဗေး ၁၉၂၅)
မိတ်ဆိနာ-ခေတ်ဦး ဖုနန်-ဖန်-ပျူ နှင့် ရခိုင် ယိုးဒယားသင်း ဂျာနယ်။
ရခိုင်ဂီတ ဒေါ့ကွန် [1]
By Shwe Eaim Si in

ရုပ်မြင်သံကြားစက် ဆိုသည်မှာ!!


ရုပ်မြင်သံကြားစက်(ခေါ်) တယ်လီဗေးရှင်း ဆိုသည်မှာ ရောင်စဉ်တစ်မျိုးတည်း (အဖြူ-အမည်း) သို့မဟုတ် ရောင်စုံရုပ်ပုံများကို အများအားဖြင့် အသံနှင့် တွဲဖက်၍ ရုပ်ပုံ ထုတ်လွှင့်ခြင်းနှင့် ဖမ်းယူခြင်းတို့ကို လုပ်ဆောင်ပေးသော ကျယ်ပြန့်စွာ သုံးစွဲလျက်ရှိသော ဆက်သွယ်မှု ကြားခံ ကိရိယာ တစ်ခု ဖြစ်သည်။ `တယ်လီဗေးရှင်း´ ဆိုသော စကားစုသည် တယ်လီဗေးရှင်း စက်၊ တယ်လီဗေးရှင်း အစီအစဉ်ရေးဆွဲခြင်းနှင့် တယ်လီဗေးရှင်း ထုတ်လွှင့်ခြင်းတို့ကိုလည်း အထူးတလည် ရည်ညွှန်းသည်။ တယ်လီဗေးရှင်းဆိုသော ဝေါဟာရသည် လက်တင်နှင့် ဂရိစကားလုံးများမှ ဆင်းသက်လာခြင်းဖြစ်ပြီး အဝေးမှ မြင်ကွင်း ဟု အဓိပ္ပာယ်ရသည်။ ဂရိ စကားလုံး `တယ်လီ´ မှာ အဝေးမှ ဆိုသော အဓိပ္ပာယ်ရပြီး လက်တင်စကားလုံး ဗစ်စူယို သည် `မြင်ကွင်း´ဟု အဓိပ္ပာယ်ရသည်။

စမ်းသပ်ထုတ်လွှင့်ခြင်း
၁၉၂၆-ခုနှစ်တွင် ပထမဆုံး ရုပ်မြင်သံကြား စမ်းသပ်ထုတ်လွှင့်ခြင်းကို စကော့လူမျိုး အင်ဂျင်နီယာ ဂျွန်လိုဂျီဘိုင်းယာ့ဒ်က ပြုလုပ်ခဲ့သည်။
၁၉၃၆-ခုနှစ်တွင် ပထမဆုံး ရုပ်မြင်သံကြား ချယ်နယ်ကို ဘီဘီစီ က ဖွင့်လှစ်ခဲ့သည်။

၁၉၅၁-ခုနှစ်တွင် ပထမဆုံး ရောင်စုံ ရုပ်မြင်သံကြား ထုတ်လွှင့်ခြင်းကို အမေရိကန်ပြည်ထောင်စု၌ ဆောင်ရွက်ခဲ့သည်။ အစတွင် အရုပ်များ ရွှဲ့စောင်းနေသဖြင့် လူကြိုက်နဲခဲ့ပြီး နောက်ပိုင်းတွင် ပိုမိုကြည်လင်ပြတ်သားသော ပုံများရရှိလာသဖြင့် ရောင်စုံ ရုပ်မြင်သံကြားကို တွင်တွင်ကျယ်ကျယ် သုံးစွဲလာသည်။ ရုပ်မြင်သံကြားသည် အရေးကြီးသော သတင်းများကို ဖြန့်ဝေသည့် ထိရောက်သော နည်းလမ်းတစ်ခုဖြစ်လာသည်။

ဝေးလံသီခေါင်သော အရပ်ဒေသများသို့ ရုပ်မြင်သံကြားထုတ်လွှင့်ခြင်းကို ဂြိုလ်တုမှ တစ်ဆင့် ဆောင်ရွက်ရသည်။ ၁၉၆၃-ခုနှစ်တွင် ပထမဦးဆုံး အသုံးပြုသည့် ဂြိုလ်တုမှာ ဥရောပကို အမေရိကားနှင့် ချိတ်ဆက်ပေးသည့် တဲလ်စတား(Telstar) ဖြစ်သည်။ကနဦးတွင် ရုပ်မြင်သံကြားစက်သည်ကားတစ်စီး လောက် တန်ဘိုး ရှိသော ဇိမ်ခံပစ္စည်းဖြစ်ခဲ့သော်လည်း သုံးနှစ်အတွင်း နေအိမ်များ၌ ရုပ်မြင်သံကြားစက် အလုံးပေါင်း သုံးသောင်းကျော် တပ်ဆင်ထားပြီး ဖြစ်နေသည်။

၁၉၃၀ နှောင်းပိုင်းတွင် ဈေးကွက်အတွင်း စတင်ရောင်းချခဲ့ပြီး နေအိမ်များ၊ စီးပွားရေးလုပ်ငန်းများ နှင့် အဖွဲ့အစည်းများစွာတွင် ဖျော်ဖြေမှုနှင့် သတင်းထုတ်လွှင့်မှုများအတွက် အဓိက ဆက်သွယ်ရေး ကိရိယာအဖြစ် တွင်ကျယ်လာခဲ့သည်။
၁၉၇၀ မှစတင်၍ ရုပ်မြင်သံကြားကို ထုတ်လွှင့်သည့် အစီအစဉ်များ သာမက ဗီဒီယို အသံသွင်း ဗီဒီယို တိတ်ခွေများ၊ ထိုမှတဆင့် ဒီဗီဒီကဲ့သို့သော ဒစ်ဂျစ်တယ် မီဒီယာများ ဖမ်းယူကြည့်ရှုနိုင်ရန် သုံးစွဲခဲ့ကြသည်။

ပုံမှန် တယ်လီဗေးရှင်းစက်တစ်လုံးတွင် ရေဒီယိုလှိုင်း ချိန်ညှိ ဖမ်းယူခြင်းနှင့် ရုပ်သံ အချက်ပြတွေလှိုင်းများကို မူရင်း အရုပ်အသံ အချက်ပြများအဖြစ် ပြန်လည်ပြောင်းလဲခြင်း လုပ်ငန်း လုပ်ဆောင်သည့် အီလက်ထရွန်းနစ် လျှပ်စီးပတ်လမ်းအများအပြား ပါဝင်သည်။ ၄င်းလျှပ်စီးပတ်လမ်းများ မပါဝင်သည့် ရုပ်ပုံဖော်နိုင်သော ပစ္စည်းကိုမူ တယ်လီဗေးရှင်းဟု မခေါ်ဘဲ မော်နီတာ ဟူ၍သာ ခေါ်ဆိုကြသည်။ သမားရိုးကျ ရုပ်သံထုတ်လွှင့်မှု နဲ့ အသံသွင်းထားသည့် အချက်ပြများ ထုတ်လွှင့်မှုအပြင် လုံခြုံရေး စနစ်သုံး တယ်လီဗေးရှင်းစနစ်၊ ဒစ်ဂျစ်တယ် တီဗီစနစ်နှင့် ပြတ်သားမှုမြင့် တယ်လီဗေးရှင်းကဲ့သို့သော စနစ်များအတွက်လည်း တည်ဆောက်နိုင်သည်။
                                                 ဂျာမနီနိုင်ငံ Braun HF 1 ရုပ်မြင်သံကြားပြစက်(၁၉၅၈ ခုနှစ်)

တရားခံထက်ထက်မိုးဦးအား ငွေဒဏ်ကျပ်တစ်ထောင် ပြစ်ဒဏ်ချမှတ်ခြင်းခံရ

                                                    ယခင်အမှုခြိမ်းများတွင် တရားရှေ့၌တွေ့ ရသော ထက်ထက်မိုးဦး
ရုပ်ရှင်မင်းသမီး ထက်ထက်မိုးဦးနှင့် သတင်းထောက် မအေးသူစံတို့အကြား ဖြစ်ပွားခဲ့သည့် အမှုနှင့်ပတ်သတ်၍ အပြီးသတ် စီရင်ချက်ကို မတ်လ ၃၀ ရက်နေ့က ရန်ကင်းမြို့နယ် တရားရုံးတွင် အမိန့်ချမှတ်ခဲ့ရာ တရားခံ ထက်ထက်မိုးဦးသည် ငွေဒဏ် တစ်ထောင်ကျပ်သာ ပြစ်ဒဏ်ချမှတ် ခြင်းခံခဲ့ရကြောင်း သိရသည်။

ထက်ထက်မိုးဦးအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၃ဖြင့် အမိန့်ချမှတ်ခဲ့ရာ ဒဏ်ငွေကျပ်တစ်ထောင် ပေးဆောင်စေရန်နှင့် မပေးဆောင်ပါက အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်လ အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

''တရားခံ ထက်ထက်မိုးဦးအနေနဲ့ တရားရုံးမှာ အမှုရင်ဆိုင်တဲ့အခါတိုင်းမှာ တရားခွင် မစသေးရင် တရားသူကြီး ရုံးခန်းထဲမှာပဲ နေခွင့်ရတယ်။ အကြောင်းက သတင်းထောက်တွေ အင်တာဗျူးလုပ်မှာစိုးလို့တဲ့။ ဒီနေ့ စီရင်ချက် ချမှတ်မယ့်နေ့မှာလည်း တရားခံ ထက်ထက်မိုးဦးက တရားခွင်ရှေ့ကို စီရင်ချက်ချမှတ်မယ့် တရားသူကြီး ဒေါ်ထွေးထွေးအခန်းထဲကနေပဲ ရောက်လာခဲ့ပါတယ်။ နောက်ပြီး စီရင်ချက်ချမှတ်တဲ့ ဒဏ်ငွေတစ်ထောင်ကို ပေးဆောင်ခြင်းမရှိပဲ ထွက်သွားခဲ့တယ်။ တရားရုံးကို မေးကြည့်တော့ တရားခံရဲ့ ရှေ့နေ ဦးစိန်မြင့်ရဲ့တပည့်တွေက ဆောင်သွားတယ်လို့ သိရတယ်'' ဟု တရားလို မအေးသူစံက ပြောကြားခဲ့သည်။
'' ထောင်ဒဏ်တစ်လနဲ့ ငွေ ဒဏ်တစ်ထောင် ကြိုက်တာရွေးဆိုမှတော့ မူလတန်းကျောင်းသားရဲ့ တစ်နေ့ မုန့်ဖိုးစာတောင်မရှိတဲ့ ငွေလေးတစ်ထောင်ကိုပဲ ပေးမှာပေါ့။ နောက်ဆိုရင် ငွေတစ်ထောင်ပေးရင် ပါးရိုက်လို့ ရတယ်ဆိုပြီး ပါးရိုက်မဲ့သူတွေများလာမှာတောင် စိုးရိမ်နေရပါပြီ။တရားဥပဒေစိုး မိုးရေးဆိုတာဒါလားလို့ မေးရမလိုတောင် ဖြစ်နေပြီ''ဟု စီရင်ချက်အား ကိုယ်တိုင် သွားရောက်နားထောင်ခဲ့သူတစ်ဦးက ဆိုပါသည်။

၂၀၁၀ ပြည့်နှစ် မေလ ၁၉ ရက်နေ့က ပွဲတစ်ခု၌ အေးသူစံက ထက်ထက်မိုးဦးအား အင်တာဗျူးလုပ်ရာမှတစ်ဆင့် ထက်ထက်မိုးဦးက ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့်အတွက် အေးသူစံမှ ၂၀၁၀ မေလ ၂၀ ရက်နေ့တွင် တရားရုံး၌ ဦးတိုက်လျှောက်ထားကာ အမှုဖွင့်ခဲ့ခြင်းဖြစ် သည်။ ယင်းအမှုကို ရန်ကင်းတရား ရုံးမှ ပုဒ်မ ၃၂၃ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၃သည် ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက ထောင်ဒဏ်တစ်နှစ်အထိ ပြစ်ဒဏ်ကျခံရနိုင်သော ပုဒ်မဖြစ်ကြောင်း သိရသည်။
၂၀၁၀ မေလ ၁၉ ရက်နေ့တွင် ဖြစ်ပွားသည့် အမှုအတွက် တရားလို မအေးသူစံက ရန်ကင်းမြို့နယ် တရားရုံးသို့  ဦးတိုက်လျှောက်ထားကာ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ အမှုစစ်ဆေးစဉ် ကာလ တစ်လျှောက်တွင် ရုံးချိန်းအဖြစ် တရားရုံးသို့ အကြိမ် (၇၀) ကျော် သွားရောက်ခဲ့ရကြောင်း မအေးသူစံက ဖြေကြားခဲ့ပါသည်။ အမှုစစ်ဆေးမှုမှာ အချိန်တစ်နှစ်နှင့် ၁၀လကျော် ကြာမြင့်ခဲ့ပြီး ထိုကာလအတွင်း တရားလို မအေးသူစံမှာ အိမ်ထောင်ကျခဲ့ပြီး ရင်သွေးတစ်ဦး မွေးဖွားခဲ့ကာ ယခုအချိန်တွင် အဆိုပါ ရင်သွေးမှာ အသက်သုံးလ အရွယ် ရောက်ရှိနေပြီ ဖြစ်ပါသည်။ ထို့အပြင် ထက်ထက်မိုးဦးမှာလည်း အမှုစစ်ဆေးနေစဉ် ကာလအတွင်း ရင်သွေးတစ်ဦး မွေးဖွားခဲ့ပါသည်။
****သစ်ထူးလွင်****

နေအိမ်အတွင်း ဗလီဆောက်ဖို့ ကြိုးပမ်းသည့်အတွက် ကျောက်ပန်းတောင်းမြို့ခံများ ဝိုင်းဝန်းဖြိုဖျက်

                                                                 By ဇာဏီ၊ မတ်လ ၃၀ ရက်နေ့၊ ၂၀၁၂ ခုနှစ်။
မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ဘုရားနီ ဘုရားအနီးရှိ အိမ်တအိမ်အတွင်း ဗလီ ဆောက်လုပ်ရန် ကြိုးစားသည့်အတွက် ကျောက်ပန်းတောင်းမြို့ခံ လူဦးရေ တသောင်းခွဲ ဝန်းကျင်ခန့် လာရောက် ဖြိုဖျက်နေသည်လို့ မြို့ခံပြည်သူတဦးက ဘားမားဗီဂျေ မီဒီယာကို သတင်းပေးပို့ပါသည်။

အခုလို ဖြစ်ပွားနေသည့် ပြဿနာအပေါ် ကျောက်ပန်းတောင်းမြို့နယ် နိုင်ငံရေး အသိုင်းအဝိုင်းက ပြောနေကြတာကတော့ “ အရင်တုန်း ကတည်းက ကျောက်ပန်းတောင်းက  လူမျိုးခြားကုလား လက်မခံတဲ့ မြို့ ဖြစ်တယ်၊ ညအိပ်ညနေတောင် လက်မခံဘူး။ အပြင်ဘက်မှာ ထွက်နေတဲ့အသံက ကျောက်ပန်းတောင်းမှာ ကုလားတွေ ဗလီ ဆောက်တယ်ဆိုပြီး သတင်းရလို့ မြို့ခံတွေ စုပေါင်းပြီး ဝင်ဖျက်နေတာ၊ လူထုက တသောင်းခွဲလောက် ရှိတယ်၊ ကားအစီး ၁၀၀ လောက် ရှိသွားပြီ၊ တကယ်က ကုလားနဲ့ ဘုန်းကြီးနဲ့ ပြဿနာဖြစ်တယ်ဆိုပြီးတော့ အသံထွက်နေတာ" ဟု မြို့ခံ တဦးက ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။

"ကျောက်ပန်းတောင်းမှာ  မြို့လူထုရော သံဃာရော လက်မခံတာ ဖြစ်တဲ့အတွက် ဗလီဆိုတာ မရှိဘူး။ အဲဒီအိမ်မှာ ဗလီ ခိုးဆောက်တယ်ဆိုပြီး အရင်သုံးလေးနှစ်တုန်းက ပြဿနာ တခါဖြစ်ပြီးပြီ။ အခုထပ်ပြီး အဲဒီအိမ်မှာပဲ ကုလားတွေက ကန်ထရိုက်ငှားပြီး ဗလီ ခိုးဆောက်တဲ့အတွက် အိမ်ကို ဝိုင်းဖျက်နေကြတာပါ။ အခုကိစ္စက  ကျန်တဲ့ ပယောဂ မပါဘဲ ကျောက်ပန်းတောင်းမြို့ခံတွေရဲ့ ဆန္ဒအရ ဖြစ်တာဆိုတော့ အဲဒီအပေါ်မှာတော့ မှားတယ် မှန်တယ်လို့  ဦးဇင်းအနေနဲ့ မပြောချင်ပါဘူး" ဟု ကျောက်ပန်းတောင်းမြိုခံ သံဃာတပါးက ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။

ဒီကနေ့ ည ၉း၀၀ နာရီအချိန်မှာတော့ ကျောက်ပန်းတောင်းမြို့ခံလူထုဟာ အဆိုပါအိမ်ကို ဖြိုဖျက်ခဲ့ပြီးနောက် လူစုကွဲသွားကြပါသည်။ အဲဒီလိုဖြစ်ပွားပြီးနောက် ဒေသခံ အာဏာပိုင်တွေက အဆိုပါ အိမ်အနီးအနားတွင် လာရောက်စောင့်ကြပ်နေသည်ကို တွေ့ရတယ်ဟု မြို့ခံတဦးက ပြောပါသည်။
http://www.thithtoolwin.com

ဂေါ်ရခါး သီးနှင့် ကျန်းမာရေး

 
     ဂေါ်ရခါးသီး ကို မြန်မာနိုင်ငံမှာ ဈေးသက်သက်သာသာနဲ့ အလွယ်တကူ ၀ယ်ယူရရှိနိုင်ပါတယ်…..။ Ocean တို့ ရှမ်းပြည်မှာ ဆိုရင် ဆောင်းရာသီမှာ မမြင်ချင်မှ အဆုံး တောင်ပုံရာပုံနဲ့ ပေါများလှပါတယ်…။ ရှမ်းပြည်မှာတော့ (sugar ) ဆူကာသီးလို့ ခေါ်ပါတယ်…။ အိမ်တိုင်းမှာ လိုလို စင်တင်ပြီး စိုက်ထားကြပါတယ်…။ စားချင်တဲ့ အချိန်မှ သွားခူးစားကြမျိုးပါ…။ ဒါကြောင့် ပိုလတ်ဆတ်ပြီး ပိုအာဟာရပြည့်တဲ့ ဆူကာသီးတွေကို စားရတာပေါ့…။ စီးပွားဖြစ်စိုက်ပျိုးကြတဲ့ စိုက်ခင်းတွေ ဆိုတာကလည်း တမျှော်တခေါ် မျက်စိတဆုံးပဲ မို့ တစ်နိုင်ငံလုံးကိုတောင် ရောင်းချနိုင်လောက်အောင်ကို ဖြစ်ထွန်းအောင်မြင်နေတာပါ ။
တခြားနေရာဒေသတွေမှာလည်း ဂေါ်ရခါးသီး မထွက်ပေမယ့် လူတိုင်း ၀ယ်ယူစားသုံးနိုင်လောက်အောင်ကို ဈေးသက်သာမယ် ပေါများမယ် ဆိုတာ သေချာပါတယ်…။
ဒါပေမယ့် အဲဒီ ဂေါ်ရခါးသီးက ကျန်းမာရေးကို ဘယ်လောက်အထောက်အကူ ဖြစ်လဲဆိုတာတော့ သတိထားမိတဲ့ သူ ရှားပါတယ်…။
ဒါကြောင့် Ocean က အဲဒီ ဂေါ်ရခါးသီးနဲ့ လူသားတွေရဲ့ ကျန်းမာရေး ပတ်သက်တဲ့ အချက်တွေကို ပြောပြချင်ပါတယ်…။
သိပြီးသား သူတွေလည်း သိပြီး သားဖြစ်မှာပါနော်…။
ဂေါ်ရခါးသီးမှာ လူသားတွေရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေတတ်တဲ့ သဘာဝ ကစီဓါတ် ၊ ဗီတာမင်စီ ၊ အမိုင်နိုအက်ဆစ်နဲ့ ဗီတာမင် ဘီ အုပ်စုတို့ ကြွယ်ဝစွာ ပါရှိပါတယ်။ ကိုလက်စထရောနဲ့ ဆိုဒီယမ်တို့ လုံးဝ မပါရှိပါဘူး ။ ဒါ့အပြင် ဂေါ်ရခါးသီးဟာ ကယ်လိုရီနည်းပါးပြီး အမျှင်ဓါတ်တို့ စုဝေးရာ အရင်းအမြစ်လည်းဖြစ်ပါသေးတယ်။
(၁) ဂေါ်ရခါးသီးမှာ ပါရှိတဲ့ ဖောလစ်ဓါတ်ဟာ သွေးထဲရှိ ဆဲလ်များနဲ့ DNA ဖွဲ့စည်းတည်ဆောက်မှုတို့ကို အကျိုးဖြစ်ထွန်းစေနိုင်ပါတယ် ။ ဒါကြောင့် ကိုယ်ဝန်ဆောင် မိခင်လောင်းတွေနဲ့ ကိုယ်ဝန်ရှိခါစ မိခင်လောင်းများဟာ ဂေါ်ရခါးသီးကို အလုံအလောက်စားပေးခြင်းဖြင့် မွေးဖွားလာမယ့် ရင်သွေးငယ်များအတွက် အာရုံကြောနဲ့ ပတ်သက်တဲ့ ရောဂါဝေဒနာများကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ် ။
(၂) ဂေါ်ရခါးသီးဟာ ကိုလက်စထရောပါဝင်မှုနည်းပါးသဖြင့် ကိုယ်ခန္ဓာအလေးချိန်ထိန်းသိမ်းလိုသူများအတွက် အထူးပင် သင့်လျော်ပါတယ် ။
(၃) ဂေါ်ရခါးသီးမှာ Poly-phenolic ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တဲ့အတွက် ကင်ဆာရောဂါများကို ဟန့်တားကာကွယ် ပေးနိုင်ခြင်းနဲ့ အိုမင်းရင့်ရော်မှုကိုလည်း ထိန်းသိမ်းပေးတာကိုတွေ့ရပါတယ် ။
(၄) ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းနဲ့ ခွန်အားများကို လုံလောက်စွာရရှိစေနိုင်ဖို့ အတွက်လည်း မဂ္ဂနိစ်ဓါတ် ကြွယ်ဝသော ဂေါ်ရခါးသီးကို စားပေးသင့်ပါတယ် ။
(၅) ဂေါ်ရခါးသီးမှာ အမျှင်ဓါတ်ပေါကြွယ်ဝလို့ အူသိမ် ၊ အူမတို့စွမ်းရည်ကို မြှင့်တင်ပေးတာကြောင့် ၀မ်းချုပ်ခြင်းဘေးမှလည်း ကင်းဝေးစေနိုင်ပါလိမ့်မယ် ။
(၆) ဂေါ်ရခါးသီးကိုမှန်မှန် စားသုံးပေးခြင်းအားဖြင့် အရိုးပါးရောဂါ ၊ အယ်လ်ဇိုင်းမားရောဂါ ၊ စိတ်ကျရောဂါဝေဒနာများကို ကာကွယ်တားဆီးပေးပါတယ် ။
(၇) နာတာရှည် အိပ်မပျော်သူများအတွက် အထူးပင်သင့်လျော်ပြီး ပင်ပန်းနွမ်းနယ်မှုများကိုလည်း လျော့ပါးသက်သာစေပါတယ် ။
(၈) ဂေါ်ရခါးသီးမှာ ဗီတာမင် B6 ပါဝင်တဲ့ အတွက် မှတ်ဥာဏ်စွမ်းရည်ကိုလည်း တိုးတက်မြင့်မားလာစေပါတယ် ။
(၉) ဂေါ်ရခါးသီးဟာ ဆဲလ်များ ထိခိုက်ပျက်စီးမှုကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ် ။
(၁၀) သွားဖုံးကျန်းမာရေး ၊ သွားကျန်းမာရေး၊ ခံတွင်းအပူလောင်ခြင်း ၊ အဆုတ်ကျန်းမာရေးနဲ့ ကျောရိုးကျန်းမာရေးတို့ကိုလည်း တိုးတက်ကောင်းမွန်စေပါတယ် ။
(၁၁) ဂေါ်ရခါးသီးဟာ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်တဲ့ အတွက် မကြာခဏ ဖြစ်တတ်တဲ့ အပူဖျား ၊အအေးမိ ဖျားရောဂါများကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ် ။
(၁၂) ဂေါ်ရခါးသီးထဲမှာ ကော့ပါးဓါတ် ပါဝင်တဲ့ အတွက် သိုင်းရွိုက်ရောဂါဝေဒနာသည်များ စားသုံးပေးသင့်ပါတယ် ။
(၁၃) ဂေါ်ရခါးသီးထဲမှာ ပါဝင်တဲ့ ဇင့်ဓါတ်ဟာ ခန္ဓာကိုယ် အရေပြားထဲမှ အဆီထွက်ခြင်းကို ထိန်းချုပ်ပေးနိုင်တဲ့ အတွက် မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်ရှိ ၀က်ခြံများကို ပျောက်ကင်းသက်သာစေနိုင်ပါတယ် ။
(၁၄) ဂေါ်ရခါးသီးထဲမှာ မဂ္ဂနီဆီယမ်ဓါတ်လည်းပါရှိခြင်းကြောင့် မှန်မှန်စားသုံးပေးခြင်းဖြင့် ခြေသလုံး ကြွက်သားများ ကြွက်တက်ခြင်းမှ ကာကွယ်ပေးနိုင်တာလည်းတွေ့ရပါတယ် ။
ဂေါ်ရခါးသီးသာမက ဂေါ်ရခါးရွက် ၊ ဂေါ်ရခါးညွန့်တို့ဟာလည်း အလွန်ဆေးဘက်ဝင်လှပါတယ် ။ ဂေါ်ရခါးရွက် ၊ ဂေါ်ရခါးညွန့်တို့ကို အရွက်စိမ်းဖြစ်စေ ၊ အခြောက်ခံပြီး ဖြစ်စေ ရေနွေးကြမ်း ( အခါးရည် ) အဖြစ် မှန်မှန်သောက်သုံးသွားပါက သွေးတိုးကျစေခြင်း ၊ သွေးကြောမကြီးများ ပိတ်ဆို့ တင်းမာမှုကို ဖြေလျော့စေနိုင်ခြင်း ၊ ဆီးရွှင်စေခြင်း ၊ ကျောက်ကပ်ထဲရှိ ဆီးကျောက်များကို ကျစေခြင်း စသဖြင့် ဆေးစွမ်းထက်လှတာကို တွေ့ရပါတယ် ။
ဒါကြောင့် ဈေးနှုန်းသက်သာ ၊ ကျန်းမာရေး ကိုလည်း အထောက်အကူပြု ပြီး ဘေးထွက်ဆိုးကျိုးလည်း ကင်းလှတဲ့ ဂေါ်ရခါးသီးကို အရွယ်သုံးပါးမရွေး စားသုံးသင့်တဲ့ အကြောင်း အားလုံး သက်ရှည်ကျန်းမာစေဖို့ ဆုတောင်းရင်းနဲ့ Health Magazine တစ်စောင်ထဲက ဆောင်းပါးတစ်ပုဒ်ကို ဘာသာ ပြန်ဆိုပြီး Foreverfriends မှ သူငယ်ချင်းများအတွက် ဗဟုသုတ မျှဝေလိုက်ပါတယ် ။
( ဒါပေမယ့် ဘယ်သူမှ မသိတဲ့ လျို့ဝှက်ချက် တစ်ခုတော့ ရှိတယ် ။ သိချင်လား …… )
Related Posts Plugin for WordPress, Blogger...