စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မိဘကျေးဇူး အထူးကျေအောင် ဆပ်နည်း

မိဘကျေးဇူး အထူးကျေအောင် ဆပ်နည်း
လောကတွင် သားသမီးတို့အတွက် ကျေးဇူးအကြီးမားဆုံး ပုဂ္ဂိုလ်များသည် မိမိတို့၏ မိဘများပင် ဖြစ်ကြသည်။
မိခင်သည် သားသမီး မမွေးဖွားခင် ကိုယ်ဝန်ရသည့် အချိန်ကစပြီး အနေအထိုင်အစားအသောက်များကို ဆင်ခြင်၍ နေခဲ့ရသည်။
မိမိ ဘယ်လောက်ကြိုက်သော အစားအသောက်ပင် ဖြစ်စေကာမူ သန္ဓေသားအား ထိုခိုက်နိုင်သည်ဆိုပါက ထိုအစားအသောက်ကို မစားသောက်ပဲ အငတ်ခံ အဆင်းရဲခံ၍ ကိုယ်ဝန်ကို စောင့်ရှောက်ကြသည်။
သားသမီးတို့ကို မွေးဖွားရာတွင်လည်း အသက်ထွက်လု မတတ် ဆင်းရဲဒုက္ခများကို ခံစားပြီး သေဘေးနှင့် ရင်ဆိုင်ကာ သားသမီးများကို မွေးဖွားကြရသည်။
          မွေးဖွားပြီးလျှင်လည်း ရင်မှဖြစ်သော နို့ချိုတိုက်ကျွေး၍ ဆာလောင်မှုကို ဖြေဖျောက်ပေးသည်။
သာသမီးတို့မှ ဖြစ်ပေါ်လာသော မစင်အညစ်အကြေး စသည်များကို မရွံ့မရှာ သုတ်သင်ရှင်းလင်း ပေးကြသည်။
ညဥ့်နက်သန်းခေါင် အချိန်ပင်ဖြစ်စေကာမူ သာသမီးတို့ ငိုကြွေးလျှင် အိပ်ရေးပျက်ခံပြီး နို့ချိုတိုက်ကြွေး၍ ချော့သိပ်ပေးကြသည်။
ဖခင်သည်လည်း မိခင်နှင့် သာသမီးများ မကြောင့်မကြ မတောင့်မတ နေထိုင်နိုင်အောင် စီးပွားဥစ္စာတို့ကို ကြိုးစားရှာဖွေ ပေးသည်။
စား ၀တ် နေရေး ကျန်းမာရေးတို့အတွက် ပြုစုစောင့်ရှောက်ပေးကြသည်။
သားမယားအပေါ် ကြီးမားသော မေတ္တာတရားတို့ဖြင့် ရှာဖွေကျွေးမွေး စောင့်ရှောက်လေ၏။
သားသမီးများအ တွက်ဆိုရင် ပစ္စည်းဥစ္စာကို မဆိုထားနှင့် မိမိတို့၏ အသက်ကိုပင် စွန့်လွတ်ဖို့ ၀န်မလေးတတ်ကြပေ။
ဤသို့အားဖြင့် မိဘတို့သည် သားသမီးများကို ဖ၀ါးလက်နှစ်လုံး ပုခုံးလက်နှစ်သက်အရွယ်မှစ၍
အရိပ်တကြည့်ကြည်နှင့် ပြုစုစောင့်ရှောက်ခဲ့သောကြောင့် အလွန်ကျေးဇူး ကြီးမား၏။
မိဘတို့၏ ကျေးဇူးသည် မြင့်မိုရ်တောင်ထက် ကြီးမား၏။ သမုဒ္ဒရာထက် နက်ရှိုင်း၏။
သို့ဖြစ်၍ သားသမီးများသည် မိမိတို့၏ မိဘများကို အထူးအားဖြင့် ကျေးဇူးဆပ်သင့်ပါသည်။
ကျေးဇူးမဆပ်နိုင်သေးရင်သော်မှ မိဘများ စိတ်ဆင်းရဲအောင် ပြုမူနေထိုင်ခြင်းများကို ရှောင်ကြဉ်သင့်ပါသည်။
မိဘတို့အား ကျေးဇူးဆပ်ရာတွင် ကျေးဇူးဆပ်နည်း (၂) နည်းရှိပါသည်။ ယင်းတို့မှာ -
၁။ လောကီနည်းဖြင့် ကျေးဇူးဆပ်နည်း၊
၂။ လောကုတ္တရာနည်းဖြင့် ကျေးဇူးဆပ်နည်း တို့ဖြစ်သည်။

လောကီနည်းဖြင့် ကျေးဇူးဆပ်နည်း
ဘုရားရှင်သည် မိဘတို့အား အောက်ပါနည်းတို့ဖြင့် ကျေးဇူးဆပ်ရမည်ဟု ဟောမိန့်တော်မူခဲ့၏။
၁။ ထမင်းစသည့် စားဖွယ်ရာများကို ပေး၍ ရိုသေစွာ ပြုစုလုပ်ကျွေးရမည်။
၂။ အဖျော်ယမကာစသော သောက်ဖွယ်များပေး၍ ရိုသေစွာ ပြုစုလုပ်ကျွေးရမည်။
၃။ ၀တ်ဆင်စရာ ပုဆိုးအင်္ကျီ၊ တဘက်ပုဝါစသော အ၀တ်တန်ဆာများ ပေး၍ ရိုသေစွာ ပြုစုလုပ်ကျွေးရမည်။
၎။ အိပ်စက်စရာ ကုတင်ညောင်စောင်းမွေ့ယာစသည် ပေး၍ ရိုသေစွာ ပြုစုလုပ်ကျွေးရမည်။
၅။ မကောင်းသော အနံ့အသက်များကင်းအောင် အမွှေးအကြိုင် နံ့သာစသည်တို့ဖြင့် လိမ်းကျံပေး၍ ရိုသေစွာ ပြုစုလုပ်ကျွေးရမည်။
၆။ အေးသော ရာသီဥတုတွင် ရေနွေး၊ ပူသော ရာသီဥတုတွင် ရေအေးဖြင့် ရေချိုးပေးရမည်။
၇။ ကိုယ်လက်အညောင်းအညာပြေအောင် နှိပ်နယ်ပေးရမည်။
၈။ သူတစ်ပါးတို့ ပြုအပ်သော ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ပေးရမည်။
၉။ ဖျားနာခြင်းစသော ကျန်းမာရေး မကောင်းသောအခါ အစွမ်းထက်မြက်သော ဆေးဝါးများဖြင့် ကုသပေးရမည်။
၁၀။ အိပ်ရာဝင်လျှင် အနာကင်းစေခြင်းငှာ ခြေဖ၀ါးကို ခြေနယ်ဆီ လိမ်းပေးရမည်။
၁၁။ မိဘတို့ အိပ်ပြီးမှ အိပ်ရမည်။
၁၂။ မိဘတို့ အိပ်ရာမထမီ ရှေးဦးစွာထ၍ ပြုလုပ်ဖွယ်ရာများကို ပြုလုပ်ပေးရမည်။
အထက်ပါနည်းတို့ဖြင့် မိဘတို့ကို အသက်ရှင်နေသမျှ ကာလပတ်လုံး အမိကို လက်ယာ၊
အဖကို လက်ဝဲပုခုံးပေါ်သို့ တင်၍ မြေပေါ်သို့ ခဏလေးတောင် မချဘဲ ပုခုံးပေါ်မှာပင် ကျင်ကြီး ကျင်ငယ်ကို စွန့်စေ၍
ပြုစုလုပ်ကျွေးသော်လည်း မိဘကျေးဇူးဆပ်၍ ကျေပြီဟု မဆိုနိုင်သေးပါ။
သို့ဖြစ်၍ လောကုတ္တရာနည်းဖြင့် ကျေအောင် ကျေးဇူးဆပ်နိုင်အောင် ကြိုးစားရပေမည်။
လောကုတ္တရာနည်းဖြင့် ကျေးဇူးဆပ်နည်း
ဘုရားရှင်သည် လောကီနည်းဖြင့် ကျေးဇူးဆပ်နည်းကို ဟောကြားတော်မူခဲ့သကဲ့သို့
လောကုတ္တရာနည်းဖြင့် ကျေးဇူးဆပ်နည်းကိုလည်း ဟောကြားတော်မူခဲ့ပါသည်။
လောကုတ္တရာနည်းဖြင့် ကျေးဇူးကျေအောင် ဆပ်လိုသော သားသမီးတို့သည် -
၁။ ရတနာသုံးပါးတို့ကို မကြည်ညိုတတ်သော မိဘတို့ကို ရတနာသုံးပါးကို ကြည်ညိုတတ်လာစေရန်၊
ကံ ကံ၏အကျိုး၊ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးတို့ကို ယုံကြည်လာစေရန် ဟောပြောပြသပေးရမည်။
သဒ္ဓါတရား တိုးပွားစေမည့် တရားတော်များ၊ စာပေများကို လေ့လာမှတ်သားနိုင်အောင် ဆောင်ရွက်ပေးကြရမည်။
၂။ ကိုယ်ကျင့်သီလ အားနည်းသော မိဘတို့ကို ကိုယ်ကျင့်သီလ အားကောင်းလာအောင်၊
သီလဆောက်တည်ချင်လာအောင် သီလအကျိုးနှင့် သီလမရှိသူ၏ အပြစ်တို့ကို ဟောပြောပြသပေးရမည်။
ဥပုသ်သီတင်း ဆောက်တည်နိုင်အောင် ဆောင်ရွက်ပေးရမည်။
၃။ သူတစ်ပါးတို့အား မပေးလို၊ မလှူလိုသော ၀န်တိုခြင်း မစ္ဆရိယတရားရှိသူ မိဘတို့ကို ၀န်တိုခြင်း မစ္ဆရိယတရားကင်းအောင် ပြုလုပ်ပေးရမည်။
လှူဒါန်းပေးကမ်းလိုသော စိတ်ဆန္ဒများ ဖြစ်ပေါ်လာအောင် ဟောပြောပြပေးခြင်း၊
ဦးစီးဦးဆောင်ပြု၍ အလှူဒါနကို ပြုလုပ်ပေးခြင်း စသည်တို့ဖြင့် ဆောင်ရွက်ပေးရမည်။
၎။ အသိဥာဏ်ပညာ နည်းပါးနေသော မိဘတို့ကို အသိဥာဏ်ပညာ တိုးပွားလာစေရန် တရားဓမ္မတို့ကို နာယူစေခြင်း၊
တရားဘာဝနာများ ပွားများအားထုတ်စေခြင်း စသည်တို့ဖြင့် လောကီလောကုတ္တရာပညာများ တိုးပွားအောင် ဆောင်ရွက်ပေးကြရမည်။
          အထက်ပါ ကျေးဇူးဆပ်နည်းများသည် ယခုဘ၀အတွက်ရော နောင်တမလွန်ဘ၀အတွက် အလွန်ကျေးဇူးများ၍ အကောင်းဆုံးသော ကျေးဇူးဆပ်နည်းဖြစ်သည်။
ဤဘလော့ဂ် ပို့စ်ကို ဖတ်ရှုသူအားလုံး မိဘကျေးဇူးကို ဆပ်နိုင်ကြသော သားကောင်း သမီးမြတ်များ ဖြစ်အောင်
ကြိုးစားနိုင်ကြပါစေ . . .။
အရှင်သုမန(မြိတ်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...