စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဗုဒ္ဓဘာသာဝင် (၅) မျိုး

ယနေ့ခေတ်လူငယ်တွေဟာ ဗုဒ္ဓဘာသာဆိုင်ရာ ၊ အသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာကြတာကို တွေ့နေရတယ် ။ ဘုရားကိုတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး ။ ဒီလို အခြေအနေတွေကို ကြိုတင်သိမြင်တော်မူခဲ့လို့ ဗုဒ္ဓမြတ်စွာဘုရားက “နောင်အနာဂတ်မှာ ဗုဒ္ဓဘာသာ (၅) မျိုး ကွဲပြားလိမ့်မယ်”ဟု ဟောကြားတော်မူခဲ့ပါတယ် ။ အဲ့ဒီ ဗုဒ္ဓဘာသာ (၅) မျိုး ကတော့ -
(၁) ကုလ ဗုဒ္ဓဘာသာ ၊
(၂) လာဘ ဗုဒ္ဓဘာသာ ၊
(၃) ဘယ ဗုဒ္ဓဘာသာ ၊
(၄) သဒ္ဓါဓိက ဗုဒ္ဓဘာသာ နှင့် ၊
(၅) ပညာဓိက ဗုဒ္ဓဘာသာ ဆိုပြီး ဖြစ်ပါတယ် ။


(၁) ကုလ ဗုဒ္ဓဘာသာ ကုလ ဗုဒ္ဓဘာသာဆိုတာ ရိုးရာဗုဒ္ဓဘာသာ ကိုပြောတာပါ ။ အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာရတာမျိုးပါ ။ မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန် ။ ဒါကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့ ။ မိဘက ဗုဒ္ဓဘာသာမို့သာ သားသမီးကဗုဒ္ဓဘာသာဖြစ်လာရတာ ဘုရားရှင်ဘာလို့ ပွင့်မှန်းမသိ ။ ဘုရား ဘာတရားဟောမှန်းလည်းမသိ ။ ကိုးကွယ်နေတဲ့ မြတ်စွာဘုရား ဘာကြောင့် ကိုးကွယ်ရမှန်းလည်းမသိ ။ တရားတော်ကို ဘာကြောင့်ကိုးကွယ်ရမှန်းမသိ ။ ဘုရားကိုဦးချတာ ဘာရည်ရွယ်ချက်နဲ့ ဦးချမှန်းမသိ ။ ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့ အလေးပြုနေမှန်းကို မသိတာ ။ လုပ်တော့လုပ်နေတာပဲ အသိပညာ ဘာမှမပါတာ ။ ကုလ ဗုဒ္ဓဘာသာပါ ။




(၂) လာဘ ဗုဒ္ဓဘာသာ လာဘ ဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာာသာကို ဆိုလိုတာပါ ။ ဒီဘဝ စီးပွားရေးလေးတက်မလားဆိုပြီးမှ ဘုရားကိုးကွယ်တာမှာ ရွေးပြီးကိုးကွယ်တယ် ။ ဒီဘုရား ကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ် ဟိုဘုရားကိုးကွယ်ရင်တော့ စီးပွားရေးတက်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘ ဗုဒ္ဓဘာသာပါ ။ အဓိက စီးပွားရေးဖြစ်နေတယ်ဆိုတာ ဘုရားကြောင့်မဟုတ်ပါဘူး ။ ကံ ၊ ညဏ် ၊ ဝိရိယ သတ္တိကြောင့်ပါ ။ အိမ်ခြံ ဝယ်မယ် ။ ရောင်းမယ် ။ အိမ်နေရာ ပြောင်းမယ် ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ ။ ဘုရားကျောင်းဆောင်ပေါ်မှာ ဘိုးတော် ဘွားတော်ပုံတွေ တင်ထားတာတွေ ။ ကိုကြီးကျော် ၊ မနှဲလေး အစရှိတဲ့ နတ်တွေ ကိုးကွယ်တာတွေ ။ ဗေဒင်ယုံကြည်ပြီး ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာများကို လာဘဗုဒ္ဓဘာသာလို့ ခေါ်ပါတယ် ။





(၃) ဘယ ဗုဒ္ဓဘာသာ ဘယ ဗုဒ္ဓဘာသာဆိုတာ ဘေးကိုကြောက် လို့ ကိုးကွယ်တာကိုခေါ်ပါတယ် ။ အန္တရာယ်ကင်းဖို့ ၊ ဘေးရှင်းဖို့ ၊ အသက်ရှည်ဖို့၊ ကျန်းမာဖို့ ၊ ဒီလိုအတွေးအခေါ်တွေနဲ့ ဘုရား ကိုးကွယ်တာကို ဘယ ဗုဒ္ဓဘာသာဟု ခေါ်ပါသည် ။ ဒီဘုရား ကိုးကွယ်မှ အသက်ရှည်မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့  ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလ ဗုဒ္ဓဘာသာ ၊ လာဘ်လာဘ လိုချင်လို့ကိုးကွယ်တာ လာဘ ဗုဒ္ဓဘာသာ ။ ဘေးကြောက်ပြီး အကိုးအကွယ် မှားနေတာ ဘယ ဗုဒ္ဓဘာသာဟုခေါ်သည်





(၄) သဒ္ဓါဓိက ဗုဒ္ဓဘာသာ

သဒ္ဒါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဓါတရားကို အရင်းခံပါတယ် ။ သဒ္ဓ္ဒါတရားဆိုတာ ယုံကြည်ချက်ပါ ။ ဘုရား ၊ တရား ၊ သံဃာကို တကယ်သက်ဝင် ယုံကြည်တာကို ခေါ်ပါတယ် ။ ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဓ္ဒါ နဲ့ မှားမှား ယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဓ္ဒါဆိုပြီး (၂) မျိုးရှိပါတယ်။

သမ္မာသဒ္ဓ္ဒါ မှန်မှန်ကန်ကန် ယုံကြည်ချက် ဆိုတာ သစ္စာတရား သိတော်မူတဲ့ မြတ်စွာဘုရားဟာ ဝေနေယျ သတ္တဝါတွေကိုသူသိသကဲ့သို့ မေတ္တာ ဂရုဏာတော်အပြည့်နဲ့ သစ္စာလေးချက် အနက်ကို ဟောကြားတော်မူခဲ့ပါတယ် ။ ဒီတရားတော် အနက်တွေကို ပိုင်ပိုင်နိုင်နိုင် သိတော်မူသွားကြတဲ့ အရိယာ သူတော်စင်ကြီးတွေဟာ နိဗ္ဗာန်ဝင်စံသွားကြပါတယ် ။ နိဗ္ဗာန်ဆိုတာ အို ၊ သေ ၊ နာ လွတ်ရာပါ ။ အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ်ပါ၏ ဆိုတဲ့ ယုံကြည်ချက်ဟာ မှန်ကန်သော ယုံကြည်ချက် ။ တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ ။ မြတ်စွာဘုရား ဟောတော်မူခဲ့သော တရားတော်ကို ကြိုစားအားထုတ်လိုက်လို့ တရားလမ်းကြောင်းအတိုင်းသာ လျှောက်သွားနိုင်ရင် နိဗ္ဗာန်ရောက်ပါမည် ။ ထို အသေလွတ်ရာ ပို့ဆောင်တာ တရားက ပို့ဆောင်တာပါ ။ ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ဘူး ။

ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာတွေရဲ့ ကျေးဇူးပါ ။ ဘုရားရှင်ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် ၊ သုတ် ၊ ဝိနည်း ၊ အဘိဓမ္မာ တရားတွေ သံဃာတော်တွေက ဆောင်ထားတာပါ ။ ပိဋကသုံးပုံကို သံဃာတော်တွေက စောင့်ရှောက်ထား တာပါ ။ သံဃာတော်ကို ယုံကြည်မှု ။ ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာ သဒ္ဓ္ဒါယုံကြည်မှု ။

မိစ္ဆာသဒ္ဓ္ဒါယုံကြည်မှုက လာဘ်လာဘ ပေါတယ် ။ အန္တရာယ်ကင်းတယ်ဆိုပြီး ကိုးကွယ်ယုံကြည်နေတာ မိစ္ဆာသဒ္ဓ္ဒါ ။ လာဘ်လာဘ ပေါတယ်ဆိုတဲ့ လာဘ ဗုဒ္ဓဘာသာယုံကြည်ချက် ၊ အန္တရာယ်ကင်းအောင်ဆိုပြီး ဘယ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်ချက် ၊ ဗုဒ္ဓရဲ့ ဂုဏ်ကျှေဇူးကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့ ကုလ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှု ။ ဒါတွေဟာ မိစ္ဆာသဒ္ဓ္ဓါတွေပါ ။

အသေလွတ်ရာလမ်းကို ပြတတ်လို့ ၊ အသေလွတ်ရာ ပို့ဆောင်နိုင်လို့၊ အသေလွတ်ရာ တရားကို ဆောင်ထားနိုင်လို့ ရတနာ သုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့ သမ္မာသဒ္ဓ္ဒါ ။ အနှစ်သာရမရှိတာကို မရှိဘူးလို့ သိပါတယ် ။ အနှစ်သာရ ရှိတာကို ရှိတယ်လို့သိပါတယ် ။ မှားတာကို မှားတယ်လို့ သိတယ် ။ မှန်တာကို မှန်တယ်လို့သိတယ် ။ သိတဲ့ အပြင် ၊ အမှားလမ်းကို ရှောင် ၊ အမှန်လမ်းကို ဆောင်တာသည် သမ္မာသဒ္ဓ္ဒါ ရှိတဲ့ သဒ္ဓ္ဒါဓိက ဗုဒ္ဓဘာသာပါ ။

(၅) ပညာဓိက ဗုဒ္ဓဘာသာ သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ပညာဓိက ဟုခေါ်သည် ။ ပညာဓိက ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ် ။ တရားတော်ကို ဘယ်လိုယုံကြည် တာလည်းဆိုတော့ ရမ်းယုံကြည်တာ မဟုတ်ဘဲ ခန္တာအသိနဲ့ အသေအချာသိပြီး ယုံတယ် ။ ထိုသို့ သိတာကို ပညာ ဟုခေါ်ပါသည် ။ သစ္စာလေးပါးကို အသေအချာ ပညာနဲ့သိတဲ့ ဗုဒ္ဓဘာသာ၊ ဖြစ်ပျက်မှုတွေကို သိတဲ့ ဗုဒ္ဓဘာသာ ဖြစ်ပျက်မြင်တာ ခန္တာက မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာကမြင်တာပါ ။ ပညာဓိက ဗုဒ္ဓဘာသာပါ ။ ဘုရားက မင်းတို့ခန္တာ ထဲမှာ ဖြစ်တာနဲ့ပျက်တာပဲ ရှိတာလို့ဟောခဲ့ပါတယ် ။ ဒါကို ကိုယ်တိုင် သစ္စာတရားကို သေချာသိပြီး ကျင့်ကြည့် လိုက်တော့ မြင်တယ် ။ ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ် ။ ယုံကြည်တော့ သဒ္ဓ္ဒါ ၊ ဖြစ်ပျက်မြင်တာက ပညာ ။

ထိုကြောင့် သဒ္ဓ္ဒါနဲ့ပညာ သွားပြီး တွဲနေပါတယ်။ သဒ္ဓ္ဒါနဲ့ ပညာဟာ တွဲလျက်ပါတဲ့ ။ သဒ္ဓ္ဒါတရား မှန်မှန်ကန်ကန် နဲ့သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ လွတ်မြောက်နိုင်၏ ။ တို့မှာ အပါယ်မျိုးစေ့တွေ ၊ အပါယ်ကျကြောင်း ကံတွေ လုပ်ထားတာရှိတယ် ။ ဒါတွေကို ဘယ်သူမှ ဝင်တားလို့ မရပါဘူး ။ သူ့ကို တားချင်ရင် ၊ သူ့ကိုအကျိုးမပေးစေချင်ရင် ဘာနဲ့ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့ ဖြတ်ရမယ် ။ ဥာဏ်နဲ့ ဖြတ်လိုက်လို့ ဖြစ်ပျက် မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဓ္ဒါလည်းပါတယ် ၊ ပညာလည်းပါတယ် ။ ဒါသည် သဒ္ဓ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။


- ဘယ်သူသည် ၊ ဘယ်လို ဗုဒ္ဓဘာသာဝင်လဲ ဆိုတာ သိနိုင်ကြပါစေ ။
- ဗုဒ္ဓဘာသာ ဆိုတိုင်း ရမ်းသမ်း လက်ညိုးထိုးမနေကြပါနှင့် ။

mail မှရရှိသောအကြောင်းရာအား ပြန်လည်မျှဝေခြင်းဖြစ်ပါသည်
အရှင် ဇောတိကသာရ (စဥ့်ကူး) ရေးသားပူဇော်သည့် မိုးကုတ်မြို့ ကုန်းမြင့်သာရပ် ဓမ္မရံသီရိပ်သာ ပဓာန နာယက ကမ္မဋ္ဌာနာစရိယ နယ်လှည့်ဓမ္မကထိက ဆရာတော် ဘဒ္ဒ န္တ သုနန္ဒ ဟောကြားတော်မူသော ဗုဒ္ဓဘာသာ(၅)မျိုး နှင့် သစ္စာလေးပါး တရားတော်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...