စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဥာဏ် ၈ မျိုးအကြောင်း...


"အောက်စ်ဖို့တက္ကသိုလ်ရဲ့ ဥာဏ်တော်သူတွေက သိရန်လိုသမျှကို အကုန်သိကြပါ၏။
သို့လင့်ကစား စစ္စကာတုတ်ဒ် သိသမျှတစ်ဝက်လောက်ကိုသာ သိကြပါ၏။
(ကက်နက်ဂရာဟိန်း၏ ရိုးကံရနံ့ကဗျာ။)



ဤကဗျာကိုကိုးကားရသည်မှာ ဥာဏ် intelligence သည်တမျိုးတည်းသောရှိခြင်း မဟုတ်ကြောင်းကို ပေါ်လွင် လို၍
ဖြစ်သည်။ ဥာဏ်အမျိုးမျိုးရှိလေ၏။ ဥာဏ်၏မျက်နှာသည် တစ်မျက်နှာတည်းသာရှိသည်မဟုတ်။ မျက်နှာ အများအပြား
ရှိပါသည်။ သိပ္ပံပညာရှင်တို့သည် တစ်ခုတည်းသောဥာဏ်ရည်စံချိန်ကိုသုံး၍ လူတို့ကိုအမျိုးအစားခွဲခြားလာခဲ့သည်မှာ
နှစ်ပေါင်း အတော်ကြာပါပြီ။ အမေရိကန်ဟားဗတ်တက္ကသိုလ် မှ စိတ်ပညာရှင်ဟောင်ဝါဒ်ဂါနာက ဤအမြင်ကို
ဆန့်ကျင်လိုက်လေပြီ။




ဂါနာ၏သီအိုရီအရ ဥာဏ်ရှစ်မျိုးရှိလေသည်။ ဂါနာ၏သီအိုရီသည်တော်လှန်ရေးတစ်ရပါဟု ဝေဖန်ကြကုန်သည်။
ဥာဏ်အဓိပ္ပာယ်ပညာ knowledge အကြောင်းကိုသိကြသည်။ သို့သော် ဥာဏ်အကြောင်းကိုမူ ဂဃာနဏမသိကြပေ။
ယင်းသို့ ဖြစ်ရသည်မှာလည်း ဥာဏ်ကိုအနက်အဓိပ္ပာယ်ဖွင့်ဆိုရန် အလွန်ခက်ခဲလှသောကြောင့် ဖြစ်လေသည်။
ပညာနှင့် ဥာဏ်မတူပေ။ ပါမောက္ခဂါနာက ဥာဏ်ကိုအနက်အဓိပ္ပာယ်ဖွင့်ပြသည်။ တိုတိုရှင်ပြရလျှင် ဥာဏ်သည်
ပြဿနာတို့ကိုဖြေရှင်း ပေးနိုင်သော စွမ်းရည် ablitity to solve problems ကိုခေါ်ခြင်းဖြစ်သည်။
(သို့တည်းမဟုတ်) ယဉ်ကျေးမှု တစ်ခုတွင်ဖြစ်စေ၊ ယဉ်ကျေးမှုအများအပြားတွင်ဖြစ်စေ လူတွေတန်ဖိုးထားသောအရာ
ပစ္စည်းတို့ကို ပုံသွင်းပုံ ဖော်ပေးနိုင်သော စွမ်းရည်ကိုခေါ်သည်။




လူအသီးသီးသည် အထက်ဖော်ပြပါ ဥာဏ်ရှစ်မျိုးကို ကိုယ်အတိုင်းအတာနှင့်ကိုယ် ပိုင်ဆိုင်ကြကုန်သည်။
ဤ ဥာဏ်တို့ကိုဓါးသွေးကျောက်ပေါ်တင်ပြီး ထက်အောင်သွေးနိုင်ကြကုန်လေ။ ပါမောက္ခ ဂါနာက ဥာဏ်အကြောင်း၊
တီထွင်ဝေဖန်မှုအကြောင်း၊ ခေါင်းဆောင်မှုအကြောင်းတို့ကို စာအုပ်များ ရေးသားထုတ်ဝေခဲ့လေရာ ယခုအခါ
သူ၏အမြင်တို့သည် တက္ကသိုလ်ပရ၀ုဏ်တို့ကိုပင် ကျော်သွားလေပြီ။




စီးပွားရေးလောက၊ ကွန်ပျူတာလောက၊ စစ်ဘက်ဆိုင်ရာ လောကတို့ကပင်လျှင် သူ၏ သီအိုရီကိုအသုံးချလာကြ၏။
သူ့ကို ထုးချွန်းသူပါရမီရှင် genius အဖြစ် အသိအမှတ်ပြုထားကြသည်။ မရော၊ မထပ် သီအိုရီအဟောင်းတို့အရ
ဥာဏ်တို့သည် တစ်ခုနှင့်တစ်ခု ခွဲခြားရခက်လှသည်။ ဥာဏ်တို့သည် ရောနေသည်။ ထပ်နေသည်။




ပါမောက္ခ ဟောင်ဝါဒ်ဂါနာက ဤအမြင်ကိုရဲရဲဝံ့ဝံ့ ပယ်ပစ်လိုက်၏။ သူဖော်ပြသောဥာဏ် ရှစ်မျိုးတို့သည် တစ်ခုနှင့်
တစ်ခု ထူးထူးခြားခြား ကွဲပြားခြားနားကြကုန်သည်။ ရောမနေ၊ ထပ်မနေ။




ဂါနာ၏ဥာဏ်ရှစ်မျိုးမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) ဘာသာဗေဒဥာဏ် linguistic (ကဗျာဥာဏ်၊ စာရေးဆရာဥာဏ်ပါဝင်သည်။)
(၂) ယုတ္တိဗေဒနှင့်သင်္ချာဥာဏ်
(၃) ဂီတဥာဏ် musical
(၄) အာကာသဥာဏ် special
(၅) ကာယလှုပ်ရှားမှုဥာဏ် (အကာသဥာဏ်ပါဝင်သည်) kinesthetic
(၆) လူ့အတွင်းစိတ်ဥာဏ် (စိတ်ပညာဥာဏ်ပါဝင်သည်)
(၇) လူအချင်းချင်းဆက်ဆံရေးဥာဏ် interpersonal (နိုင်ငံရေးဥာဏ်ပါဝင်သည်)
(၈) သဘာဝသမားဥာဏ် naturalist (သဘာဝကိုခွဲခြားနိုင်သောဥာဏ်ပါဝင်သည်။)




ပါမောက္ခ ဟောင်ဝါဒ်ဂါနာက ဥာဏ်တမျိုးစီတွင် ထင်ရှားသော ကမ္ဘာကျော်ပုဂိုလ်ကြီးတို့ကိုလည်း ကိုယ်စားပြု
ဖော်ပြပါသည်။ ကိုယ်စားပြုဖော်ပြပုံမှာ အောက်ပါအတိုင်းဖြစ်သည်။


(၁) ဘာသာဗေဒဥာဏ် - တီအက်စ်အီးလီးရော့
(၂) ယုတ္တိဗေဒနှင့်သင်္ချာဥာဏ် - အယ်လ်ဘတ်အိန်းစတိန်း
(၃) ဂီတဥာဏ် - အိုင်ဂါစတရာဗစင်စကီး
(၄) အာသာသဥာဏ် - ပတ်ဘလို ပီကာဆို
(၅) ကာယလှုပ်ရှားမှုဥာဏ် - မာသာဂရာဟမ်
(၆) လူဥအတွင်းစိတ်ဥာဏ် - ဆစ်မန်ဖရွိုက်
(၇) လူအချင်းချင်းဆက်ဆံရေးဥာဏ် - မဟတ္တမဂန္ဒီ
(၈) သဘာဝသမားဥာဏ် - ချားလ်ဒါဝင်တို့ဖြစ်ကြသည်။



လူတို့တွင် ဆိုခဲ့ပါဥာဏ်ရှစ်မျိုးတို့သည် အတိုင်းအတာလိုက်ပြီးရှိကြလေရာ ဤဥာဏ်တို့က အလုပ်ခွင်တွင်
မည်သို့လေ့လာနိုင်သည်။ မည်သို့အလုပ်ဖြစ်၍အောင်မြင်နိုင်သည်ကို အဆုံးအဖြတ်ပေးနိုင်ဖွယ်ရှိပါသည်။ မိမိ တွင်
ရှိသော ပင်ကိုဥာဏ်ကို သုံးစွဲရန်လစ်ဟင်းပါက ဤဥာဏ်တို့သည် မှေးမှိန်ပျောက်ကွယ်သွားနိုင်သည်။ ဓါးကဲ့ သို့
ဥာဏ်တို့ကို သွေးလို့ရ၏။ ဂါနာ၏ စီအိုရီကို ယေးလ်တက္ကသိုလ်နှ စိတ်ပညာရှင် ရောဘတ်စတန်ဘတ်က ယဉ်ကျေး
စွာ ဝေဖန်ပါသည်။ ဂါနာ၏ သီအိုရီကြောင့် ပြဿနာတို့ကို ကျယ်ကျယ်ပြန့်ပြန့်ကြည့်လာရ၍ ကောင်းပါသည်။


သို့သော် ဂီတဥာဏ်နှင့်ကာယလှုပ်ရှားမှုဥာဏ်တို့ကိုဥာဏ်ဟုဆိုခြင်းထက် ပင်ကိုစွမ်းရည် talent ဟုဆိုခြင်းက ပို၍
မှန်ကန်ပါလိမ့် မည်ဟု ဝေဖန်သည်။ ပါမေက္ခ စတန်ဘတ်က ဥာဏ်နှင့်ပင်ကိုယ်စွမ်းရည်တို့ကို ခွဲခြားနားလည်ဟန်ရှိ
သည်။ တစ် နည်းပြောရလျှင် ဂီတနှင့်အကတို့ကို ဥာဏ်စာရင်းထဲ ထည့်သွင်းချင်ပုံမရချေ။ ဘက်လိုက်သလော
စတန်ဘတ်၏ ဝေဖန်ချက်ကို ဂါနာကလက်မခံပေ။ ဂီတဥာဏ်နှင့်ကိုယ်လက်လှုပ်ရှားမှုဥာဏ် တို့သည် အခြား ဥာဏ်
တို့ကဲ့ပင် ဥာဏ်တမျိုးစီဖြစ်ပါသည်။

သို့သော်ခြားနားသည်မှာ ဤဥာဏ် တမျိုးစီအပေါ် တန်ဖိုးထားကြပုံ တွင် ခြားနားကြခြင်းသာဖြစ်သည်ဟု
ထောက်ပြသည်။ ဥာဏ်တမျိုးစီအပေါ်တန်ထိုးထားရာတွင် ရောက်ရှိနေသောယဉ်ကျေးမှုနှင့် လူတွေနေထိုင် အလုပ်လုပ်နေကြ သည့် အခြေအနေတို့က အဓိကရစကားပြောပါသည်။ ဤအနေအထား နှစ်ရပ်ဟာ ဥာဏ်တမျိုးအပေါ်
အခြား ဥာဏ်အမျိုးအစားတို့ထက် လူမှုရေးတန်းဘိုး social value ပိုပြီးထားရှိရန် စေ့ဆော်တတ်ပါသည်။ ဥာဏ်တိုင်း
တွင် ကိုယ်စီကိုယ်ငှပင်ရင်တန်ဖိုး intrinsic value များရှိကုန်၏။ လူမှုရေးတန်ဖိုးမှာမူ အခြေအနေအားလျော်စွာဖြစ်တန်ရာသည်။


အိုင်အိုဝါ တက္ကသိုလ်မှ ပါမေက္ခ လူဘင်စကီးက ဥာဏ်တစ်မျိုးစီကိုပင် နှိုင်းယှဉ်နိုင်ရန် အလို့ငှာ စံတစ်ခုခုကို တောင်းဆိုသည်။ အညွှန်းကိုတောင်းဆိုသည်။ ထို့အပြင်ဥာဏ်အမျိုးအစားချင်း နှိုင်းယှဉ်ချိန်ထိုးကြည့်ရန် အတွက် လည်းအညွှန်းတို့ကို တောင်းဆိုပြန်သည်။ ဂါနာတွင် ဤစံနှင့် ဤအညွှန်းများမရှိပါဟု ဝေဖန်တိုက်ခိုက်သည်။ ပါမေက္ခ ဂါနာက ခပ်အေးအေးပင် ပြန်ဖြေသည်။

ဥာဏ်ရည်စွမ်းမှုနှင့် ပတ်သက်ပြီး အကုသိုလ်တစ်ပါး sin of intelligence ရှိလေသည်။ ဤအကုသိုလ်မှာ အောင်မြင်
မှုကို စစ်ဆေးကြည့်မှု achievement test နှင့်လည်း ပတ်သက်လေ၏။ ဤအကုသိုလ်သည် တခြားမဟုတ်ပေ။
ဘာသာဗေဒဥာဏ်နှင့် ယုတ္တိဗေဒနှင့်သင်္ချာဥာဏ်တို့အပေါ် မျက်နှာသာပေး၊ ပို၍ဘက်လိုက် နေခြင်းပင် ဖြစ်ပါသည်။
မျိုးစုံဆန်းသစ်စိတ် ဂါနာ၏ စီအိုရီကို ဥာဏ်မျိုးစုံသီအိုရီဟု ခေါ်ကြသည်။ ဤသီအိုရီသည် ပညာရေးလောကထဲတွင်
ဂယက်ရိုက်နေ သည်နှင့်အတူ စီးပွားရေးလောထဲတွင်လည်း အကြီးအကျယ် ဂယက်ရိုက်ခတ်လာ၏။ ဂါနာ၏သီအိုရီ
ကို လိုက်နားလျှင် ကလေးသူငယ်တို့အား လေ့ကျင့်သင်ကြားပေးမှုပုံစံတို့ကို တစ်မျိုးပြင်ရမည့် သဖွယ်ရှိသည်။
အလုပ်သမားတို့အားကျွမ်းကျင်အောင် လေ့ကျင့်ပေးမှုတွင်ကား ဥာဏ်မျိုးစုံသီအိုရီက တစ်စ တစ်စထက်တစ်စ
ကျယ်ပြန့်စွာနေရာယူလာသည်။ စီမံခန့်ခွဲမှုဂုရုတို့သည် ဂါနာ၏ဥာဏ်မျိုးစုံသီအိုရီကို အပြေးအလွှားဖတ်ရှု့ကာ အလုပ်
သမားတို့အား ဥာဏ်ရည် ထက်မြက်ရေးလေ့ကျင့်မှုတို့အတွက် သင်ရိုးများကို ပြင်ဆင်ပြုစုလျက်ရှိ ကြသည်။


ကွန်ပျူတာပစ္စည်းတို့ကို ဒီဇိုင်းဆွဲသူတို့ကလည်း ဥာဏ်မျိုးစုံသီအိုရီကိုအသုံးပြုလျက် ကွန်ပျူတာဒီဇိုင်းအသစ်တို့ကို
ရေးဆွဲလာကြရသည်။ တီထွင်ဖန်တီးမှုနှင့် အသစ်အဆန်းတီထွင်မှုတို့သည် ခေတ်သစ်စီးပွားရေးလောက၏ မဟာ
အင်အားများဖြစ်လေ ၏။ ဟောင်ဝါဒ်ဂါနာ၏ ဥာဏ်မျိုးစုံသီအိုရီသည် ဤအရာနှစ်ခုကို စူးရှထက်မြက်လာအောင်
ပြုလုပ်နိုင်စွမ်းရှိလိမ့် မည်ဟု တွက်နေကြသည်။


ပညာရေးလောက၏ သင်ကြားမှုပုံသဏန်တို့သည်လည်း ပြောင်းလည်းသွားစရာရှိလိမ့်မည်ဟု တွက်နေကြသည်။
ယခုအချိန်ထိ လက်ကိုင်ပြုထားသော စိတ်ပညာသည် နေရာဖယ်ပေး ရမည့်ဟန် ရှိလေပြီ။  ဟောင်ဝါဒ်ဂါနာကို
သူ၏သီအိုရီကိုအကြောင်းပြု၍ မျိုးစုံပြန်လည်ဆန်းသစ်စိတ်ရှိသူ ဟု သြဘာပေးကြသည်။        

ကိုတိုးကြီး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...