စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အရက်ကို တာရှည် အလွန်အမင်းသောက်ခြင်း၏ ကျန်းမာရေးဆိုးကျိုး ၁၂ ရပ်

အရက်ကို တာရှည် အလွန်အမင်းသောက်ခြင်း၏ ကျန်းမာရေးဆိုးကျိုး ၁၂ ရပ်

From : Good Health Journal

အရက် အလွန်အကျွံသောက်ပြီး အမူးလွန်တာကြောင့် အသည်းခြောက် ရောဂါလို ရောဂါတွေအပြင် ကားတိုက်တာကြောင့် ထိခိုက်မှုတွေလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။လေ့လာမှုတွေအရ အရက်ကို အချိန်ကြာကြာနဲ့ အလွန်အကျွံ သောက်တာကြောင့် အောက်ပါ ဆိုးကျိုးတွေကို ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

၁. သွေးအားနည်းရောဂါ
အရက်ကို အလွန်အမင်း သောက်တာကြောင့် သွေးနီဥကနေ အောက်ဆီဂျင် သယ်ယူနိုင်မှု ပမာဏ ပုံမှန်အောက် လျော့နည်းသွားနိုင်ပါတယ်။ ဒီအခြေအနေကို သွေးအားနည်းရောဂါလို့ ခေါ်ပြီး ပင်ပန်းနုံးချည့်တာ၊ အသက်ရှူမဝတာနဲ့ ခေါင်းထဲ ရီတီတီ ဖြစ်တာစတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

၂. ကင်ဆာရောဂါ
“အရက်ကို အလေ့အထ တစ်ရပ်လို ပုံမှန်သောက်နေရင်တောင် ကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ်ကို မြင့်တက်စေနိုင်ပါတယ်” လို့ တိုရွန်တိုတက္ကသိုလ်က ဂျာဂန်က ရှင်းပြပါတယ်။ ခန္ဓာကိုယ်က အယ်လ်ကိုဟောကို ကင်ဆာဖြစ်စေနိုင်တဲ့ အစီတယ်ဒီဟိုက်အဖြစ် ကူးပြောင်းတာကြောင့် ကင်ဆာဖြစ်နိုင်ခြေ မြင့်တက်တာ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ကြပါတယ်။ အရက်ကို အလွန်အမင်း သောက်သူတွေရဲ့ ပါးစပ်၊ လည်ချောင်း၊ အသံအိုး၊ အစာရေမျိုပြွန်၊ အသည်း၊ ရင်သားနဲ့ အူမကြီးနေရာတွေမှာ ကင်ဆာ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဆေးလိပ်သောက်တဲ့ အရက် အလွန်အကျွံသောက်သူတွေက ကင်ဆာဖြစ်နိုင်ခြေ ပိုမြင့်တက်နေပါတယ်။

၃. နှလုံးသွေးကြောရောဂါ
အရက် အလွန်အကျွံ သောက်တာကြောင့် အဆီခဲတွေ စုပုံပြီး သွေးကြောတွေမှာ သွေးခဲစုပုံနိုင်ခြေများကာ နှလုံးရောဂါထတာနဲ့ လေဖြတ်တာတို့ ဖြစ်စေနိုင်ပါတယ်။ အရက်ကို အလွန်အမင်း သောက်တာကြောင့် အရင်က နှလုံးရောဂါထပြီး အသက်ရှင်ခဲ့သူတွေမှာ သေဆုံးနိုင်ခြေ နှစ်ဆပိုများတယ်လို့ ဟားဗတ်လေ့လာသူတွေက ဆိုပါတယ်။

၎. အသည်းခြောက်ရောဂါ
အယ်လ်ကိုဟောဟာ အသည်းဆဲလ်တွေကို အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ အရက်ကို အလွန်အမင်း သောက်သူတွေမှာ အသည်းက ပုံမှန်လုပ်ငန်းဆောင်တာတွေ မလုပ်နိုင်ဘဲ အကြီးအကျယ် ထိခိုက်ကာ အသည်းခြောက်ရောဂါကို ဖြစ်စေနိုင်ပါတယ်။

၅. သက်ကြီးအတိတ်မေ့ရောဂါ
အသက်ကြီးလာတဲ့အခါ ဦးနှောက် အရွယ်အစားက ယေဘုယျအားဖြင့် ကျုံ့လာပါတယ်။ ယေဘုယျအားဖြင့် တစ်ရာစုကြာတိုင်း ၁ ဒသမ ၉ ရာခိုင်နှုန်းနဲ့ ကျုံ့လာနေပါတယ်။ ဒါက ပုံမှန်ပါပဲ။ အရက်ကို အလွန်အမင်း သောက်သူတွေမှာတော့ ဦးနှောက် အဓိက နေရာတွေမှာ ပိုကျုံ့လာပြီး မှတ်ဉာဏ်ဆုံးရှုံးမှုနဲ့ သက်ကြီး အတိတ်မေ့ ဝေဒနာတွေ ဖြစ်တတ်ပါတယ်။

၆. စိတ်ဓာတ်ကျခြင်း
အရက် အလွန်အမင်းသောက်တာနဲ့ စိတ်ဓာတ်ကျတာက အပြန်အလှန် ဆက်စပ်မှု ရှိနေပါတယ်။ သီအိုရီတစ်ခု အရ စိတ်ဓာတ်ကျနေတဲ့ လူတွေဟာ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုကို ကုသနိုင်ဖို့ မိမိဘာသာ အရက်နဲ့ ကုသဖို့ ကြိုးစားတတ်ကြပါတယ်။ တကယ်တော့ အရက်ကို စွဲသွားပြီး အလွန်အကျွံ သောက်တာကြောင့် စိတ်ဓာတ်ကျဝေဒနာ ဖြစ်တတ်ပါတယ်။

၇. တက်ခြင်း
အရက် အလွန်အကျွံ သောက်တာက အတက်ရောဂါ (Epilepsy) ဖြစ်နိုင်တဲ့ အကြောင်းရင်း တစ်ရပ်ဖြစ်ပြီး အတက်ရောဂါ (Epilepsy) မရှိတဲ့သူတွေမှာတောင် တက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ အယ်လ်ကိုဟောဟာ အတက်ရောဂါ ကုသရာမှာ သုံးတဲ့ ဆေးဝါးတွေရဲ့ လုပ်ငန်းဆောင်တာကိုလည်း အဟန့်အတား ဖြစ်စေနိုင်လို့ပါ။

၈. ဂေါက်အဆစ်ရောင်နာ
အရက်နဲ့ အစားအသောက် တချို့ကလည်း ဂေါက်အဆစ်ရောင်နာနဲ့ ဆက်စပ်မှု ရှိပါတယ်။ အယ်လ်ကိုဟောဟာ ဂေါက်အဆစ်ရောင်ရောဂါ ရှိသူတွေမှာ ဝေဒနာ ပိုဆိုးစေနိုင်ပါတယ်။

၉. သွေးတိုးခြင်း
အယ်လ်ကိုဟောဟာ စိတ်ဖိစီးမှု တုံ့ပြန်ဖို့ သွေးကြောတွေကို ကျဉ်းလိုက်၊ ကျယ်လိုက်လုပ်တာနဲ့ အပူချိန်ကို ထိန်းချုပ်တဲ့ Sympathetic Nervous System ကို ဟန့်တားနိုင်ပါတယ်။ အရက် အလွန်အမင်း သောက်တာကြောင့် သွေးဖိအားကို တိုးစေနိုင်ပါတယ်။ သွေးတိုးတာ ကြာလာရင် ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါနဲ့ လေဖြတ်တာစတဲ့ ကျန်းမာရေး ပြဿနာတွေကို ဆက်ဖြစ်လာစေနိုင်ပါတယ်။

၁၀. ကူးစက်ရောဂါများ
အရက်ကို အလွန်အမင်းသောက်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို ဖိနှိပ်ထားတဲ့အပြင် ဆင်ခြင်ထိန်းချုပ်နိုင်စွမ်း လျော့နည်းကာ တီဘီ၊ နမိုးနီးယား၊ HIV နဲ့ တခြား လိင်မှတစ်ဆင့် ကူးစက်ပိုးတွေကို ကူးစက်ခံရနိုင်ပါတယ်။

၁၁. နာ့ဗ်ကြောထိခိုက်ခြင်း
အရက် အလွန်အကျွံ သောက်တာကြောင့် နာ့ဗ်ကြော ထိခိုက်မှု ဖြစ်စေနိုင်ပြီး ခြေလက်တွေမှာ အပ်နဲ့ ထိုးသလို ကြွက်သားအားနည်းတာ၊ ဝမ်းချုပ်တာ၊ ဆီးမထိန်းနိုင်တာ၊ ပန်းသေပန်းညှိုးဖြစ်တာနဲ့ တခြားပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ အရက်ကြောင့် နာ့ဗ်ကြောဆဲလ်တွေ ထိခိုက်ရတဲ့ အကြောင်းရင်းက အရက် အလွန်အမင်းသောက်သူတွေမှာ အာဟာရချို့တဲ့မှုဖြစ်ပြီး နာ့ဗ်ကြောရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေနိုင်လို့ပါ။

၁၂. ပန်ကရိယရောင်ခြင်း
အရက် အလွန်အမင်း သောက်တာကြောင့် အစာအိမ်ရောင်စေတဲ့ အပြင် ပန်ကရိယကိုလည်း ရောင်ရမ်းစေနိုင်ပါတယ်။ ပန်ကရိယ ရောင်ရမ်းတာကြောင့် အစာခြေစနစ်ရဲ့ လုပ်ငန်းဆောင်တာတွေ ထိခိုက်ပြီး ဗိုက်အောင့်တာနဲ့ ဝမ်းလျှောတာတို့ ဖြစ်စေနိုင်ပါတယ်။ နာတာရှည် ပန်ကရိယ ရောင်ရမ်းမှု တချို့ဟာ သည်းခြေကျောက်တည်တာကြောင့် ဖြစ်တတ်ပေမယ့် အရက်သောက်တာနဲ့လည်း ဆက်စပ်မှု ရှိပါတယ်။
Myanmar Express

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...