စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာ့ရိုးရာအတာသင်္ကြံန်မှာ ရေပက်ခံထွက်ကြပါစို့

မြန်မာ့ရိုးရာအတာသင်္ကြံန်၊ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးချိန်၊ ဂိန္မာနရာသီရဲ့ပူပြင်းသည်ဟု ဆိုနိုင်သောအချိန်အခါသမယ၊ ပိတောက်ပန်းများ ပွင့်ချိန်လေး ဒီသင်္ကြံန်….။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ တစ်နှစ်တာရဲ့ အားလပ်ရက် အများဆုံးသောအချိန် ဖြစ်တဲ့ ဒီတန်ခူးလ…။
မြန်မာတို့ရဲ့ ချစ်စရာ ရိုးရာရေပက်ပွဲတော်လေးဖြစ်တဲ့အချိန်လေးပေါ့၊ တစ်နှစ်တာရဲ့ အပူပြင်းဆုံးအချိန်လေးမှာ အေးမြသွားစေအောင် ကျင်းပတဲ့ဒီပွဲတော်လေး၊ မြန်မာတို့ရဲ့ နှစ်သစ်ကူးပြောင်းခြင်းအထိန်းအမှတ်အားဖြင့် နှစ်ဟောင်းက အညစ်အကြေးတွေ နှစ်သစ်မှာ မစွန်းစေအောင် ကျင်းပတဲ့ ဒီပွဲတော်လေး…… ချစ်စရာကောင်းသော မြန်မာ့ဓလေ့လေးပါ။ ဟုတ်ပါပြီဗျာ ပူပြင်းတဲ့အချိန်မှာ အေးမြသွားစေအောင်ကျင်းပတဲ့ပွဲတော်လေးဆိုပေမဲ့ အမြင်မှာတော့ အေးနေတယ်နော် ရင်ထဲကိုရော အဲဒီရေလေး အေးစေပါ့မလား။ အထူးအားဖြင့် မြို့သင်္ကြံန်ပေါ့….. ရင်ထဲအေးမအေးတော့မသိဘူးနော် မြင်တွေ့၊ ကြားသိနေရတဲ့ အရာအားလုံးဟာ ရင်ပူစရာတွေချည်းတွေဆို မှားပါ့မလားလို့မေးမယ်ဆိုရင် မှားတယ်လို့ ဖြေကြမှာလား။ အပြင်ကိုပဲ အေးစေနိုင်ပြီး အတွင်းအဇ္ဈတ္တကိုပါ အေးစေနိုင်တဲ့ ရေဆိုတာလေးရော ရှိပါ့မလား။ ဘယ်လိုရေလေးကများ စိတ်ကိုအေးချမ်းစေပါလိမ့်။
နှစ်ဟောင်းကအညစ်အကြေးတွေ နှစ်သစ်မှာ မစွန်းစေအောင် ကျင်းပတယ်ဆိုတော့ အင်း ဖုန်တွေ၊ ချေးတွေ၊ ချွေးတွေ အတွက်ဆိုရင်တော့ ဟုတ်မှာပေါ့နော်။ ဒါပေမဲ့ ဘယ်လိုအညစ်အကြေးတွေကို စင်ရမှာလည်း နှစ်ဟောင်းကလုပ်ခဲ့တဲ့ လောဘအညစ်တွေ၊ ဒေါသအညစ်တွေ၊ မောဟအညစ်တွေ၊ မကောင်းမှုအကုသိုလ်အလုပ်တွေ စသည်ဖြင့်ပေါ့ အဲဒီလို စိတ်ထဲမှာ စွန်းထင်းနေတဲ့ အညစ်တွေကျတော့ရော ဘယ်လိုများ စင်ကြယ်အောင်လုပ်ရပါ့။ ဘယ်လိုရေလေးကများ တက်နိုင်ပါလိမ့်မလဲနော်။
ပိတောက်ပန်းလေးများက တစ်နှစ်လုံးမှာ တစ်ခါပဲပွင့်တယ်နော်။ နှစ်ခါသုံးခါ မပွင့်ဘူး တစ်နှစ်လုံးမှာ တစ်ခါလောက်တော့ ပွင့်သွားသား။ ပန်းပွင့်ပြီဆိုတော့ သူအတွက်တော့ ထူးခြားသွားတယ်ထင်ပါ့။ ဒါဆို လူတွေဖြစ်တဲ့ ကျွန်တော်တို့ကရော တစ်နှစ်လုံးအတွက် ဘယ်နှခါထူးပြီးပြီလည်း။ တစ်နှစ်မှ တစ်ခါပဲ ရေပက်ခံထွက်ခွင့်ရတဲ့ အချိန်လေးကိုများ ကျွန်တော်တို့အတွက် ထူးတယ်ခေါ်သလား။ နောက်ထပ်ဘာများ ထူးသေးလည်းမသိဘူး။ ဒါမှမဟုတ် ရုံးပိတ်ရက်များတာကပဲ ထူးတာလား….?
ကျွန်တော်တို့မြန်မာနိုင်ငံရဲ့တစ်နှစ်တာအတွက် ရုံးပိတ်ရက်၊ အားလပ်ရက်အများဆုံးသော အချိန်ဆိုတော့ ဟုတ်ပါ့ဗျား၊ ဒီနှစ်ဆိုရင် (11.4.2012- Wednesday) ကနေပြီးတော့ (22.4.2012- Sunday) ထိ စုစုပေါင်း ဆယ့်နှစ်ရက် ပိတ်တယ်နော်။ အင်း များတယ်လို့ဆိုရမှာပေါ့။ အဲဒီလောက် အားလပ်ရက်များနေတဲ့ ဒီတန်ခူးလ သင်္ကြံကာလအတွင်းမှာ သင် ဘာများ လုပ်မလဲ၊ ဘာလုပ်မယ်လို့ဆုံးဖြတ်ထားလည်း…..။
ဟုတ်ပါတယ် အဲဒီလို အခွင့်ကောင်းများစွာရှိတဲ့ ဒီသင်္ကြံန်လေးမှာ သင်္ကြံန်ရေသာမက အဲဒီထက်ကောင်းတဲ့ ရေလေးရှိတယ်။ အချိန်တိုင်းလည်း အလျဉ်းသင့်သလို သုံးလို့ရတယ် အလောင်းခံလို့ရတယ်။ ရင်ထဲထိအေးစေတဲ့ ရေလေးပေါ့။ အဲဒီရေကတော့ မြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားတော်တွေ ဆိုရင် မှားပါ့မလား၊ အဲဒီ တရားတော်တွေကို ကျင့်ကြံခြင်းအားဖြင့် ရရှိလာတဲ့ အေးချမ်းမှုလေးဟာ သင်္ကြံန်ရေနဲ့ မနှိုင်းယှဉ်အပ်လောက်အောင် ကွာခြားလှပါတယ်နော်။
နှစ်ဟောင်းက လောဘတွေ၊ ဒေါသတွေ၊ မောဟတွေလည်း ဒီတရားရေအေးနဲ့တွေ့ရင် ကင်းစင်သွားနိုင်ပါတယ်။ သင်ကိုယ်တိုင် လိုက်နာကျင့်ကြံသလောက် အတိုင်းအတာထိတော့ အေးချမ်းနေမှာပေါ့။ သူကလည်း အချိန်တိုင်း လာဖို့ဖိတ်နေတယ်နော် “ဧဟိပဿိက” တဲ့။
ဟုတ်ပါတယ် ပိတောက်ပန်းလေးများက တစ်နှစ်လုံးမှာ တစ်ခါပဲ ပွင့်ပါတယ်၊ တစ်ခါပွင့်ဖြစ်တော့လည်း သူ့အတွက် တစ်ခါထူးတယ်လို့ဆိုရမှာပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့အတွက်တော့ သင်္ကြံန်ကားလေးနဲ့ ရေပက်ခံထွက်ခွင့်ရတဲ့ကိစ္စလေးကိုများ ထူးတယ်လို့ပြောကြမယ်ဆိုရင် အင်း တကယ်လည်းထူးသားနော်၊ တစ်နှစ်လုံးမှာ လောဘ၊ ဒေါသ၊ မောဟစိတ်တွေ အများဆုံးအချိန်၊ တစ်နှစ်စာ ထူးပြီးအသက်တိုသွားတယ်၊ သေဖို့တစ်နှစ်နီးသွားတယ်၊ ဘုရားအဆုံးအမတွေကို ကောင်းကောင်းကြီးကို လျစ်လျူရှုတယ်ပေါ့ အဲဒါတွေများလား… ၊ ဒါဆိုရင်တော့သေချာတယ် ကျွန်တော်တို့တွေ ငရဲမှာ သွားပြီး အကျိုးထူးကြမယ်ထင်တယ်နော်။ များများထူးချင်ရင်များများကဲကြနော်။ တကယ်တော့ ကျွန်တော်တို့အတွက်ထူးစေတာ ဘုရားအဆုံးအမအတိုင်းနေတာကပဲ ထူးစေတာပါ။ ဘယ်လိုထူးတုံးဆိုတော့ဗျာ လောလောဆယ်အချိန်လေးအတွင်းမှာကို အကုသိုလ်စိတ်တွေ ဖြစ်ခွင့်မရှိတော့ဘူး၊ အဲဒီအတွက် ရင်ထဲမှာ ငြိမ်းအေးမှုတွေ ရစေတယ်၊ ကုသိုလ်စိတ်တွေလည်း ဖြစ်စေနိုင်လို့ နောင်သံသရာမှာလည်း ကောင်းရာသုဂတိ လားစေနိုင်တယ်၊ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ တို့နဲ့လည်း ကင်းစေနိုင်တယ်။ အဲဒါထူးတာဗျ၊ အဲဒါလေးမှ မလုပ်နိုင်ခဲ့ရင်တော့ ပိတောက်ပင်က တစ်ခါထူးသွားပေမဲ့ ကျွန်တော်တို့လူတွေ မထူးပဲကျန်ခဲ့လိမ့်မယ် ဒါမှမဟုတ် ငရဲမှာ သွားထူးနေမယ်နော်။ နာမခန္ဓာမရှိတဲ့ ပိတောက်ပင်အတွက်တစ်နှစ်မှာ တစ်ခါလောက်တော့ထူးသွားသေးတာ ကျွန်တော်တို့အတွက် မထူးရင်တော့ ရှက်ဖွယ်အလိလိပဲ……။
ဒီလလေးဟာ ကျွန်တော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက်တော့ တစ်နှစ်တာရဲ့ အားလပ်ရက် အများဆုံးသောလလေးနော်။ ဒီလောက် အားလပ်ရက်များနေတာ သင်္ကြံန်ကားလေးနဲ့ ရေပက်ခံထွက်ကြမလား၊ ဒါမှမဟုတ် ဘုရားသွား ကျောင်းတက်ပြီးတော့တရားရေအေးကိုပဲသွားပက်ခံကြမလား၊ ဘယ်အရာကများ သင့်အတွက် အကောင်းဆုံးနဲ့ အဆင်ပြေဆုံးဖြစ်မလဲ၊ သင်ကိုယ်တိုင်ရွေးချယ်ရမှာနော်၊ အကြောင်းအမျိုးမျိုးကြောင့် ဘုရားသွား ကျောင်းတက် မလုပ်နိုင်ရင်တောင် အိမ်မှာပဲ မိမိကိုယ်တိုင် မြတ်စွာဘုရားရှေ့တော်မှာ သီလယူပြီးတော့ ဥပုသ်သီတင်း စောင့်လည်း ဖြစ်တာပေါ့။ အဓိက ကတော့ လုပ်ဖြစ်ဖို့ပဲလေ၊ အဲ ဥပုသ်သီတင်းတော့ ဟုတ်ပါပြီ ဒါနဲ့ သီလဆိုတာ ဘာများတုံးဆိုတော့ ကိုယ်အမှုနဲ့ နှုတ်အမှုကို ထိန်းသိမ်းစောင့်ရှောက်လိုက်တာပဲ၊ အဲဒီအထဲ စိတ် ဆိုတာလေး မပါဘူးနော်၊ ဒါဆိုရင်ဗျာ ကျွန်တော်တို့ရေချိုးရင် ဆပ်ပြာမတိုက်ပဲ ချေးမတွန်းပဲ ဒီအတိုင်းချိုးရင် အညစ်တွေ စင်ပါ့မလား….။ ကျွန်တော့အထင်တော့ အဆင်မပြေလောက်ဘူးထင်ပါ့။ အဲဒီလိုပဲ သီလချည်းသက်သက်နဲ့လည်း ပြီးပြည့်စုံအောင် အဆင်မပြေသေးဘူးထင်တယ်ဗျ၊ မကောင်းတဲ့အကုသိုလ်ဆိုတာ စိတ်ကနေစတာ၊ အဲဒီတော့ စိတ်ကိုပါ ထိန်းသိမ်းတဲ့ ဘာဝနာလေးနဲ့ပါတွဲလိုက်မှ အဆင်ပြေမယ်ထင်တယ်နော်။ ဒါဆို ကိုယ်အမှု၊ နှုတ်အမှု၊ စိတ်အမှုတွေ ထိန်းသိမ်းပြီးသားဖြစ်သွားတော့ ပြီးရောပေါ့။ အဲဒါဆို ကျွန်တော်တို့အတွက် တစ်နှစ်လုံးမှာအင်မတန်ထူးခြားတဲ့ အခါသမယလေး ဖြစ်သွားပြီနော်။ ပိတောက်ပင်လေးလို တစ်ခါပဲပွင့်တာမဟုတ်ပဲ အမြဲတမ်းသာ အဲဒီလိုလုပ်နိုင်မယ်ဆိုရင်တော့………………။
ဟုတ်ပါပြီ ဒါဆို ကျွန်တော်တို့ဟာသူငယ်ချင်းများနှင့်အတူ အမိုးပွင့်ကားလေးနဲ့ ရေကစားထွက်ကြမလား၊ သိမ်သိမ်မွေ့မွေ့လေးနဲ့ ဘုန်းကြီးကျောင်းမှာပဲ တရားရေအေးပက်ခံထွက်ကြမလား?။ စာရေးသူ ကျွန်တော်ကပဲ နိဗ္ဗာန်ကို အကျိုးမျှော်ပြီး တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ဗျာ…။
…..အို တရားချစ်ခင်ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့… ကျွန်တော်တို့ရဲ့ မြန်မာ့ရိုးရာအတာသင်္ကြံန်မှာ နှစ်သစ်ကုန်ဆုံးခြင်းနှင့် နှစ်သစ်
ကူးပြောင်းခြင်းအထိန်းအမှတ်အားဖြင့် နှစ်ဟောင်းကအညစ်အကြေးတွေ နှစ်သစ်မှာ မစွန်းထင်းစေဖို့ရာ…. နှစ်သစ်မှာ ကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံစေဖို့ရာ…. မြတ်စွာဘုရားရှင်ဟောကြားခဲ့သော တရားရေပက်ခံထွက်ကြပါစို့ ခင်ဗျား……………..။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...