စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရာသီဥတုပူပြင်းချိန်တွင်ဖြစ်တတ်သောကျန်းမာရေးအန္တရာယ်များ(ဒီလိုကာကွယ်ကြနော့)

ရာသီဥတု ပူပြင်းချိန်တွင် ဖြစ်တတ်သော ကျန်းမာရေး အန္တရာယ်များ By Good Health
နွေရာသီကို ရောက်ရှိလာချိန်မှာ အပူချိန် မြင့်မားမှုနဲ့အတူ ကျန်းမာရေး အန္တရာယ်တချို့ ဒွန်တွဲ ပါလာတတ်ပါတယ်။  ရာသီဥတု ပူပြင်းမှုကြောင့် ဖြစ်တတ်တဲ့ အန္တရာယ်တွေကတော့ ရေဓာတ် ခန်းခြောက်တာ၊ အရေပြား နေလောင်တာ၊ ကိုယ်ခန္ဓာ အပူချိန်တက်ပြီး ချွေးမထွက်ဘဲ သတိလစ် မေ့မြောမှု (Heat Stroke) တို့ ဖြစ်ကြပါတယ်။

ရေနှင့် ဆားဓာတ် ခန်းခြောက်ခြင်း
ဒါက ခန္ဓာကိုယ်မှ ရေဓာတ် ဆုံးရှုံးမှုကို ဖြစ်စေပြီး ရေနဲ့အတူ ပိုတက်စီယမ်၊ ဆိုဒီယမ် စတဲ့ သွေးတွင်း အရေးပါတဲ့ ဓာတ်ဆားတွေလည်း ဆုံးရှုံးရတတ်ပါတယ်။ ဒီဓာတ်ဆားတွေက ကျောက်ကပ်၊ ဦးနှောက်နဲ့ နှလုံးတို့လို အင်္ဂါ အစိတ်အပိုင်းတွေရဲ့ လုပ်ငန်းဆောင်တာ အတွက် အရေးပါပါတယ်။ ရေနဲ့ ဓာတ်ဆားတွေ ဆုံးရှုံးမှုကြောင့် ခန္ဓာကိုယ်ဟာ သတိလစ်တာ၊ ထိုင်းမှိုင်း လေးလံတာ၊ အသက်ရှူရ ခက်ခဲတာနဲ့ နှလုံးခုန်နှုန်း မမှန်တာ စတဲ့ ဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဆီးသွားတာနဲ့ ချွေးထွက်တာကြောင့် အရည်ဓာတ် ဆုံးရှုံးမှုကို ဖြစ်စေနိုင်ပါတယ်။ အရေပြား နေလောင်ခြင်း နွေရာသီမှာ ပြင်းထန်တဲ့ ခရမ်းလွန် ရောင်ခြည်ကြောင့် အရေပြား ထိခိုက်တဲ့ လက္ခဏာ ပြသတတ်ပါတယ်။ ဒီလို ခရမ်းလွန် ရောင်ခြည်ဒဏ်ကြောင့် အရေပြား နာကျင်ရုံသာမက အိုမင်းတဲ့ ဖြစ်စဉ်ကို မြန်စေပြီး အရေပြား ကင်ဆာလို အန္တရာယ်ရှိတဲ့ ရောဂါတွေရဲ့ ဖြစ်နှုန်းကို မြင့်တက်စေပါတယ်။ ကိုယ်ခန္ဓာ အပူချိန်တက်ပြီး ချွေးမထွက်ဘဲ သတိလစ် မေ့မြောမှု (Heat Stroke) ကိုယ်ခန္ဓာ အပူချိန်တက်ပြီး ချွေးမထွက်ဘဲ သတိလစ် မေ့မြောမှု (Heat Stroke) ဖြစ်ရင် အန္တရာယ် ရှိပါတယ်။ အကြောင်းကတော့ ဒီလိုဖြစ်ရင် လက္ခဏာတွေက အချိန်တိုအတွင်း မြန်မြန်ဆန်ဆန် ပေါ်ပြီး သတိလစ် မေ့မြောသွားနိုင်လို့ပါ။

လက္ခဏာများ
သင့်ပတ်ဝန်းကျင် အပူချိန်ကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။ အပူချိန်  20°C (68F) မှာ နှလုံးခုန်နှုန်းက ပုံမှန်ဖြစ်ကာ သက်သောင့်သက်သာ ရှိနေပါလိမ့်မယ်။ အပူချိန် 25 °C (77F) မှာ ချွေးအသင့်အတင့် ထွက်ပါလိမ့်မယ်။ အပူချိန် 30°C (86F) မှာ ချွေးအသင့်အတင့်ထွက်ပြီး အာရုံစူးစိုက်မှု ထိခိုက်ပါလိမ့်မယ်။ အပူချိန် 38-41°C (104F) မှာ ချွေးအလွန်အမင်းထွက်ပြီး နှလုံးခုန်နှုန်းမြန်ကာ မောပန်းတာနဲ့ ပျို့ချင်အန်ချင်တာတွေ ဖြစ်တတ်ပါတယ်။အပူချိန် 45°C (113F) မှာ ကိုယ်ခန္ဓာ အပူချိန်တက်ပြီး ချွေးမထွက်ဘဲ သတိလစ် မေ့မြောမှု (Heat Stroke) ဖြစ်တတ်ပါတယ်။ အဲဒီအချိန်မှာ အရေပြား ပူပြင်းခြောက်သွေ့ကာ ကိုယ်တွင်းအင်္ဂါတွေတောင် ထိခိုက်ပြီး အသက်အန္တရာယ် ဖြစ်နိုင်ပါတယ်။

ကုသမှုနှင့် ကာကွယ်မှု
(၁) အရည်များများ သောက်ပါ
ခန္ဓာကိုယ်ဟာ ပုံမှန်ထက် အရည်များများ ဆုံးရှုံးတယ်ဆိုရင် အကောင်းဆုံးက ရေများများ သောက်ကာ အရည်ဓာတ် ပြန်လည် အစားထိုးသင့်ပါတယ်။ ပျမ်းမျှအားဖြင့် ကိုယ်အလေးချိန် ၁၂၈ ပေါင်ရှိတဲ့ လူတစ်ယောက်က တစ်နေ့မှာ ရေရှစ်ဖန်ခွက် သောက်ပေးဖို့ လိုပါတယ်။ အလွန်ပူပြင်းတဲ့ ရာသီဥတုမှာ ရေကို များများ သောက်ပေးသင့်ပါတယ်။ အရည်ဆိုတဲ့ နေရာမှာ အရက်ကို လုံးဝ မသောက်သင့်ပါဘူး။ အယ်လ်ကိုဟောက ခန္ဓာကိုယ်ကို ရေဓာတ်ခမ်းခြောက်မှု ပိုဖြစ်စေလို့ပါ။ သစ်သီးဖျော်ရည်၊ ဓာတ်ဆားရည် စတဲ့ အရည်တွေကိုတော့ သောက်နိုင်ပါတယ်။

(၂) အစားအသောက်ကို ဆန်းစစ်ပါ
ပူပြီး အဆီအအိမ့်များတဲ့ အစားအသောက်တွေကို ရှောင်ပါ။ ရေဓာတ် ပါဝင်မှုများတဲ့ သစ်သီးနဲ့ ဟင်းရွက်သုပ်တွေလို အစာတွေကို များများစားပေးပါ။


(၃) နေရောင်ခြည်နှင့် ဝေးဝေးတွင် နေပါ
နေပူရှိန်ပြင်းထန်တဲ့ နေ့တွေမှာ အကောင်းဆုံး နေသင့်တဲ့နေရာက အရိပ်ထဲမှာ ဖြစ်ပါတယ်။ နေပူထဲ ထွက်မယ်ဆိုရင် အနည်းဆုံး နေကာနိုင်စွမ်း SPF အဆ ၂၀ ပါတဲ့ နေကာခရင်မ်ကို လိမ်းပေးဖို့ လိုပါတယ်။ နေပူထဲမှာ နေရင်း ပျို့ချင်အန်ချင်သလို အော်ဂလီဆန်တာနဲ့ နေထိုင် မကောင်းတာတွေကို ခံစားရပါက နေရိပ်ထဲကို အမြန်ဆုံး နေထိုင်ပါ။ နေရောင်ခြည်က နံနက် ၁၁ နာရီနဲ့ ညနေ ၃ နာရီကြား အချိန်မှာ အပြင်းထန်ဆုံး ဖြစ်တာကြောင့် ရှောင်ဖို့ လိုပါတယ်။

(၄) လေ့ကျင့်ခန်းလုပ်လျှင် သတိထားပါ
တစ်နေ့တာရဲ့ အပူပြင်းဆုံးအချိန် အတောအတွင်းမှာ လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် မလုပ်သင့်ပါ။ နွေရာသီမှာ လေ့ကျင့်ခန်း လုပ်ရင် ဖြည်းဖြည်းနဲ့ မှန်မှန်ပဲ လုပ်ဆောင်ပါ။ လေ့ကျင့်ခန်း လုပ်ရင်း အသက်ရှူ မဝသလို၊ နှလုံးခုန် မြန်သလို ဖြစ်လာရင် ချက်ချင်းရပ်နားပြီး ခန္ဓာကိုယ်ကို အေးအောင် စောင့်ကာ ရေချိုးလိုက်ပါ။ သက်သောင့်သက်သာ ရှိတဲ့အထိ အနားယူပေးပါ။

(၅) အေးမြအောင် နေပါ
ပေါ့ပါးပြီး သက်သောင့်သက်သာ ရှိတဲ့ ချည်သားဝတ်စုံကို ဝတ်ပါ။ ထွက်လာတဲ့ ချွေးတွေ အငွေ့ပြန် လွယ်တာကြောင့် ခန္ဓာကိုယ်ကို အေးမြစေပါတယ်။ မည်းပြီး ထူထဲတဲ့ ဝတ်စုံတွေက အပူဒဏ်ကို စုပ်ယူတာကြောင့် ပူပြင်း နေတတ်ပါတယ်။

(၆) နေကာမျက်မှန် တပ်ဆင်ပါ
အပြင်သွားရင် နေကာမျက်မှန် တပ်တာ၊ အနားကျယ်တဲ့ ဦးထုပ် ဆောင်းတာတွေ လုပ်ပါ။ အပြင်ထွက်တဲ့အခါ ရေတစ်ဘူး ဆောင်ထားပါ။

(၇) အိမ်ကို အေးမြအောင် ထားပါ
အိမ်တွင်း လေဝင်လေထွက် ကောင်းပြီး အေးမြနေအောင် ထားတာက အပူဒဏ်ကို သက်သာစေပါတယ်။

(၈) အပူဒဏ် သင့်လွယ်သူများကို အထူး ဂရုစိုက်ပါ
အသက် လေးနှစ်အောက် ကလေးတွေနဲ့ အသက် ၆၅ နှစ်ကျော်သူတွေဟာ နေပူဒဏ်ကြောင့် အန္တရာယ် ကြီးကြီးမားမား ရရှိတတ်ပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်က အပူချိန်ကို လိုက်လျောညီထွေ ညှိနိုင်စွမ်း လျော့နည်းလို့ပါ။ အဝလွန်သူတွေနဲ့ နာမကျန်း ဖြစ်နေသူတွေဟာလည်း အပူကို များများ စုပ်ယူထားကာ အပူဒဏ် သင့်နိုင်ပါတယ်။







ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ရဲ့ ဘလော့လေးကိုပြန်လည်မျှဝေပါတယ် ( သူငယ်ချင်းတို့ ကျမ္မာရေးဂရုစိုက်နော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...