စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မေတ္တာသုတ်သမိုင်း

 မေတ္တာသုတ် ဖြစ်ပေါ်လာရခြင်းအကြောင်းရင်းကို မသိသေးသူများသိရှိနိုင်ပါစေခြင်းအကျိုးငှာ......................

         သာဝတ္ထိပြည် ၊ ဇေတ၀န်ကျောင်းတွင် ဂေါတမမြတ်စွာဘုရား သီတင်းသုံးနေစဉ် (၅၀၀)သော ရဟန်းအစု တစ်စုသည် ၀ါဝင်ခါနီးကာလ၌ မြတ်စွာဘုရားရှင်အား ဖူးမြော်ရှိခိုး၍ တရားအားထုတ်နည်း များ လျှောက်ထားတောင်းယူကာ တောအုပ်တစ်ခုတွင် ကမ္မဋ္ဌာန်းတရားအားထုတ်ကြလေသည်။

       ရဟန်းတော်များသည် တောအုပ်အနီး ရွားများတွင် နံက်ဆွမ်းခံပြီး ညအခါ တောအုပ်အတွင်းရှိ သစ်ပင်ကြီး များကိုမှီခိုကာ တစ်ပင်လျှင် တစ်ပါးကျ သီတင်းသုံး တရားကျင့်တော်မူကြလေ၏။ ထိုအချိန်တွင် သစ်ပင်ပေါ်မှ ရုက္ခစိုးများသည် ရဟန်းတော်များ၏ အထက်တွင် မနေ၀ံ့ကြသဖြင့် မြေပြင်တွင်ဆင်း၍ ဒုက္ခခံကာ နေထိုင်ကြရလေသည်။

      အချို့ရုက္ခစိုးများမှာ ကလေးငယ်များရှိကြသဖြင့် ရဟန်းတော်များ တစ်နေ့ပြန်နိုး တစ်ရက်ပြန်နိုးဖြင့် စောင့်စားပါသော်လည်း မပြန်ကြသဖြင့် အချင်ချင်း ညှိနှိုင်းကာ ငါးရာသောရဟန်း တို့ ကြောက်လန့် ထွက်ပြေးစေရန် ကြောက်မက်ဖွယ်ရာ ဘီလူးကြီး၊ နဂါးကြီးသဏ္ဍာန်ပြ၍၄င်း၊ ထိတ်လန့်ဖွယ် ရာ အသံနက် အသံဆိုးကြီးများပြု၍၄င်း၊ စက်ဆုပ်ဖွယ်ရာ အပုပ်နံ့ကြီးများဖြင့်၎င်း ခြောက်လှန့် ကြလေသည်။

      ရဟန်းတော်များသည် တစ်ပါးစီ ခြောက်လှန့်ခံကြရသည်ဖြစ်ရာ ကမ္မဋ္ဌာန်း ဘာဝနာကို အားထုတ်ရာတွင် သမာဓိမရသည့်အပြင် ကြောက်လန့်ကြ၍ ခေါင်းဆောင်မထေရ်ကြီးအား အသိပေးလျှောက်ထား ကာ မြတ်စွာဘုရားရှိရာ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော် သို့ ပြန်လာခဲ့ကြလေသည်။

        ဘုရားရှင်ရှေ့မှောက်၌ ဖြစ်ပျက်ပုံ အကြောင်းအရာများကို လျှောက်ထားသည့်အခါ မြတ်စွာဘုရားက ရဟန်းငါးရာတို့ကို မေတ္တာကမ္မဋ္ဌာန်းစီးဖြန်းကြစေရန် မေတ္တာသုတ်တော် ဟောပြောသင်ကြားပေး၍ အဆိုပါ တောအုပ်သို့ပင် ပြန်လည်စေလွတ်လိုက်လေသည်။

        မေတ္တာကမ္မဋ္ဌာန်းစီးဖြန်း၍ မေတ္တာသုတ်တော်ကို ရွတ်ဖတ်သရဇ္ဈာယ်သွားကြသော ရဟန်းတော်များကို ရုက္ခစိုးနတ်တို့က မနာလိုစိတ်များပျောက်ကွယ်၍ လူအသွင်ဖန်ဆင်းကာ ခရီးဦးကြိုသူကြို၊ ဆွမ်းကိစ္စ လုပ်ကျွေးသူက လုပ်ကျွေးကြလေသည်။ အေးချမ်းစွာ တရားအားထုတ်ကြရ၍ သီတင်းဝါကျွတ်သည့်အခါ ရဟန်းငါးရာတို့မှာ ကောင်းစွာတရားထူးရကြလေသည်။ ထိုအချိန်မှစ၍ မေတ္တာသုတ် ဖြစ်ပေါ်ကာ ရွတ်ဖတ်ခဲ့ကြပါသည်။

မေတ္တာပွားပုံ
၁။ သတ္တ၀ါများအားလုံး ချမ်းသာကြပါစေ။
၂။ အသက်ရှိသောသတ္တ၀ါများ ချမ်းသာကြပါစေ။
၃။ ကြောက်တတ်သော သတ္တ၀ါများ ချမ်းသာကြပါစေ။
၎။ တည်ငြိမ်သော(မကြောက်တတ်သော) သတ္တ၀ါများ ချမ်းသာကြပါစေ။
၅။ ခန္ဓာကိုယ်ရှည်သော သတ္တ၀ါများ ချမ်းသာကြပါစေ။
၆။ ခန္ဓာကိုတိုသော သတ္တ၀ါများ ချမ်းသာကြပါစေ။
၇။ ခန္ဓာကိုယ် မတိုမရှည်သော သတ္တ၀ါများ ချမ်းသာကြပါစေ။
၈။ ခန္ဓာကိုယ်ကြီးသော သတ္တ၀ါများ ချမ်းသာကြပါစေ။
၉။ ခန္ဓာကိုယ် သေးငယ်သော သတ္တ၀ါများ ချမ်းသာကြပါစေ။
၁၀။ ခန္ဓာကိုယ် မကြီးမသေးသော သတ္တ၀ါများ ချမ်းသာကြပါစေ။
၁၁။ ၀သော သတ္တ၀ါများ ချမ်းသာကြပါစေ။
၁၂။ ပိန်သော သတ္တ၀ါများ ချမ်းသာကြပါစေ။
၁၃။ မပိန်မ၀သော သတ္တ၀ါများ ချမ်းသာကြပါစေ။
၁၄။ မြင်ရသော သတ္တ၀ါများ ချမ်းသာကြပါစေ။
၁၅။ မမြင်ရသော သတ္တ၀ါများ ချမ်းသာကြပါစေ။
၁၆။ အဝေးရှိ သတ္တ၀ါများ ချမ်းသာကြပါစေ။
၁၇။ အနီးရှိ သတ္တ၀ါများ ချမ်းသာကြပါစေ။
၁၈။ သတ္တ၀ါအချင်းချင်း စိတ်မဆိုးပဲ သည်းခံနိုင်ကြပါစေ။
၁၉။ ဘ၀ဇာတ်ဆုံးပြီးသော(ရဟန္တာ) သတ္တ၀ါများ ချမ်းသာကြပါစေ။
၂၀။ ဘ၀ဇာတ်မဆုံးသေးသော(ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်) သတ္တ၀ါများ ချမ်းသာကြပါစေ။
၂၁။ သတ္တ၀ါအချင်းချင်း မညှဉ်းဆဲပဲ အကျိုးကိုဆောင်ရွက်နိုင်ကြပါစေ။
၂၂။ သတ္တ၀ါအချင်းချင်း ရန်ငြိုးမထားဘဲ ချစ်ခင်ကြပါစေ။
၂၃။ သတ္တ၀ါအချင်းချင်း လေးစားကြည်ညိုနိုင်ကြပါစေ။
၂၄။ သတ္တ၀ါအချင်းချင်း ဆင်းရဲဒုက္ခမပေးပဲ ချမ်းသာသုခ ပေးနိုင်ကြပါစေ။
၂၅။ သတ္တ၀ါအချင်းချင်း မေတ္တာပွားနိုင်ကြပါစေ။

 မေတ္တာပွားရာတွင် တစ်ဦးတည်းသောသားကလေးအပေါ် သူ့မိခင်ကထားရှိသော မေတ္တာကဲ့သို့ သတ္တ၀ါအားလုံးအပေါ်တွင် တန်းတူထားရှိ မေတ္တာပို့ကြရပါမည်။ သို့မှသာ မိမိ၏ မေတ္တာသည် စူးရှသက်ရောက်ပါလိမ့်မည်။

by royalcherrymay

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...