စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မဟာသင်္ကြန်မဏ္ဍပ်များနှင့် သင်္ကြန်ရေပက်ခံထွက်သူများ လိုက်နာရန်နှင့် ရှောင်ကြဉ်ရန် အချက် (၃၉)ချက်ထုတ်ပြန်ထား



၂၀၁၁ခုနှစ်ရန်ကုန်မြို့မဟာသင်္ကြန်အကျနေ့မြင်ကွင်း။
ဓာတ်ပုံ - မြန်မာတိုင်း(မ်)
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းနှင့် တံတားဌာနမှ ယခုနှစ်သင်္ကြန်တွင် သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ရာ၌ ဆောင်ရန်၊ ရှောင်ရန်များနှင့် သင်္ကြန်ရေပက်ခံ ထွက်သူများ လိုက်နာရန်နှင့် ရှောင် ကြဉ်ရန် အချက်(၃၉)ချက် ထုတ်ပြန် ထားကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး လမ်းနှင့်တံတားဌာနမှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်) ကို ပြောသည်။
"မဏ္ဍပ်မျက်နှာဖွင့်အကျယ် ၂၅ ပေ အောက်ကို မဏ္ဍပ်အသေး၊ ၂၅ ပေနဲ့ အထက်ကို မဏ္ဍပ်အလတ်နဲ့ ပေ ၅၀ နဲ့ အထက်ကို အကြီးလို့ သတ်မှတ် ထားတယ်။ ဒါပေမယ့် မဏ္ဍပ်အကြီးတွေက မျက်နှာဖွင့်အကျယ်ကို အများဆုံး ပေ ၁၀၀ ထက် ပိုခွင့်မရပါဘူး။ မနှစ်က အမည်ပျက်စာရင်း သွင်းခံရတဲ့ မဏ္ဍပ် တွေကို ဒီနှစ်မှာ ဆောက်ခွင့်ရမှာ မဟုတ်ပါဘူး"ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး လမ်းနှင့်တံတားဌာနမှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။
မဏ္ဍပ်အကြီး၊ အလတ်၊ အသေး အလိုက် မြေအသုံးပြုခ၊ ရေဆက်သွယ် သုံးစွဲခ၊ သန့်ရှင်းရေးဝန်ဆောင်မှုများ အတွက် အင်ဂျင် နီယာဌာန လမ်းနှင့် တံတား၊ ရေနှင့်သန့်ရှင်းမှုနှင့် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေး ဌာနများသို့ ပေးသွင်းရန် လိုအပ် ကြောင်း သိရသည်။
ထို့နောက် သင်္ကြန်မဏ္ဍပ်အကြီးများ၊ ဟိုတယ်၊ ကုမ္ပဏီများ၏ မဏ္ဍပ်များ အတွက် မြန်မာ့ရိုးရာအတာသင်္ကြန်ကို ထိန်းသိမ်းနိုင်ရန် မဏ္ဍပ်တစ်ခုလျှင် အာမခံစပေါ်ငွေ ကျပ် ၃၀ သိန်းကို သင်္ကြန်မဏ္ဍပ်များ နေရာချထားရေး ကော်မတီသို့ ကြိုတင်ပေးသွားရမည်ဖြစ် ကြောင်း၊ သတ်မှတ်ထားသော စည်းကမ်း ချက်များဖောက်ဖျက်လျှင် အာမခံ စပေါ်ငွေအားလုံးကို သိမ်းဆည်း သွားမည်ဖြစ်ကြောင်း၊ သတ်မှတ် စည်းကမ်းချက်များ လိုက်နာလျှင် အာမခံစပေါ်ငွေများကို သင်္ကြန်ကာလ အပြီး ပြန်လည်ထုတ်ပေးမည် ဖြစ် ကြောင်း၊ မဏ္ဍပ်တည်ဆောက်ခွင့် ရရှိသူ မှတစ်ပါး မဏ္ဍပ်နေရာများကို အခြား သူများသို့ ငှားရမ်းသုံးစွဲခွင့်ရှိမည် မဟုတ်ကြောင်းသိရသည်။
ပြည်လမ်းနှင့် ကမ္ဘာအေးဘုရားလမ်း တစ်လျှောက်တွင် ဆောက်လုပ်မည့် မဏ္ဍပ်များအတွက် စည်းကမ်းချက်များ ကိုလည်း ထုတ်ပြန်ထားသည်။ ပြည်လမ်းတစ်လျှောက် ဘလော့ (Block) တစ်ခုတွင် မဏ္ဍပ်ကြီးတစ်ခု သာ ဆောက်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ဆင်ဖြူရှင်ရိပ်သာနှင့် ပါရမီလမ်းကြား တွင် မည်သည့်မဏ္ဍပ်မျှ ဆောက်ခွင့် မရှိကြောင်း၊ အေဒီပွိုင့် လေဆိပ် လမ်းဆုံနှင့် စော်ဘွားကြီးကုန်းအဝေး ပြေးဝင်းအကြားတွင်မဏ္ဍပ်အလတ်နှင့် အငယ်များကိုသာ စိစစ်သတ်မှတ်ခွင့် ပြုသွားမည်ဖြစ်ကြောင်း၊ အင်းလျားကန် ဘက်ခြမ်းတွင် မဏ္ဍပ်များ ဆောက်လုပ် ခွင့်မရှိကြောင်း သိရသည်။
သမ္မတရုပ်ရှင်ရုံ၊ တိရစ္ဆာန်ဥယျာဉ် လမ်း၊ ဦးထောင်ဘိုလမ်းဆုံ၊ သစ္စာ လမ်း မီးပွိုင့်ကြားတွင် မဏ္ဍပ်အကြီး နှင့် အလတ်များကို ဆောက်လုပ်ခွင့် ပြုမည်မဟုတ်ဟု သိရသည်။
"ရေကစားမဏ္ဍပ်တွေကို မနက် ၇ နာရီမှ ညနေ ၆ နာရီအထိ ကစားခွင့် ရမှာပါ။ မဏ္ဍပ်တွေအနီးမှာ အရက် ဆိုင်၊ ဘီယာဆိုင်တွေ လုံးဝ ရှိခွင့်ရမှာ မဟုတ်ပါဘူး။ အရက်၊ ဘီယာ၊ ဆေး လိပ်၊ စီးကရက်နဲ့ ပတ်သက်တဲ့ ကြော် ငြာတွေကို မဏ္ဍပ်တွေမှာ ကြော်ငြာခွင့် မရပါဘူး"ဟု ၎င်းကပြောသည်။
ထို့နောက် ဗဟန်းရေခဲဆိုင်နှင့် ရွှေဂုံ တိုင် မီးပွိုင့်ကြားတွင် မည်သည့်မဏ္ဍပ်မျှ ဆောက်လုပ်ခွင့်ရရှိမည်မဟုတ်ကြောင်း၊ ကျန်နေရာ များတွင် Block အလိုက် စိစစ် ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
"မဏ္ဍပ်တိုင်း စက္ကူ၊ ပလတ်စတစ်စ၊ ကြွပ်ကြွပ်အိတ်၊ ဘူးခွံ၊ ပုလင်းခွံစတဲ့ အမှိုက်အားလုံးကို မဏ္ဍပ်မှ တာဝန်ယူ ရှင်းပေးရမှာပါ"ဟု ၎င်းကပြောသည်။
"မဏ္ဍပ်တွေကို လမ်းတစ်ဖက်တစ် ချက် မျက်နှာချင်းဆိုင် မဆောက်ရပါ ဘူး။ မျက်စောင်းထိုးအနေအထားမှာ ဆောက်လိုလျှင် အနည်းဆုံး ကိုက်၁၀၀ ခန့် ကွာဝေးရပါမယ်။ ဘေးချင်းကပ် ဆောက်မယ်ဆိုလည်း ကိုက် ၁၀၀ ကွာ ရပါမယ်"ဟု ၎င်းကပြောသည်။
တစ်လမ်းမောင်းယာဉ်သွားလမ်းများ တွင် ဘယ်ဘက်ခြမ်း၌သာ မဏ္ဍပ်များ ကို ဆောက်လုပ်ရမည်ဖြစ်ကြောင်း၊ မဏ္ဍပ်များသည် မီးပွိုင့်ဧရိယာအတွင်း ဆောက်လုပ်ခွင့်မရှိကြောင်း၊ မဏ္ဍပ် ဆောက်လုပ်မှုကြောင့် စိုက်ပျိုးထား သော သစ်ပင်၊ ပန်းပင်များ မပျက်စီး စေရန်နှင့် လမ်းသား(ကတ္တရာ၊ ကွန်ကရစ်၊ ဂ၀ံ)နှင့် ပလက်ဖောင်းပေါ်သို့ တက်၍ ဆောက်လုပ်ခွင့်မရှိကြောင်း ထုတ်ပြန်ထားသည်။
"ခွင့်ပြုချက်ရတဲ့မဏ္ဍပ်အကြီးတွေက မြန်မာ့ရိုးရာသင်္ကြန်ယိမ်းအဖွဲ့ (၁၂ ဦး ယိမ်း သို့မဟုတ် ၁၆ ဦး ယိမ်း သို့မဟုတ် ၂၄ ဦး ယိမ်း)ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဗဟို မဏ္ဍပ်မှာ ပါဝင်ယှဉ်ပြိုင်ရမယ်။ ပြီးရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဗဟိုမဏ္ဍပ်မှာ သင်္ကြန်ဖွင့်ပွဲနဲ့ သင်္ကြန် ပိတ်ပွဲအခမ်းအနားတွေကို ပါဝင်တက်ရောက်ရမယ်။ ဦးစီး ကော်မတီမှ ညွှန်ကြား လာပါက ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီဗဟိုမဏ္ဍပ်တွင် အလှပြ ယာဉ်တစ်စီး ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဆောင်ရွက်ထား ရပါမယ်"ဟု ၎င်းက ဆက်လက်ပြောသည်။
"ရေပက်ခံသူတွေ ထိခိုက်နာကျင်စေ နိုင်တဲ့ ရေအားပြင်းတဲ့ pressure ပိုက် တွေသုံးပြီး ရေပက်လို့ မရပါဘူး။ ရေ ဆိုး ရေပုပ်တွေနဲ့ ရေပက်တာတွေ၊ ဆပ်ပြာမှုန့်ထည့်ပြီး ဂက်စ်ဘူးတွေနဲ့ ပက်တာတွေ၊ ရေခဲထုပ်၊ ရေပူဖောင်းတွေနဲ့ ပစ်ပေါက်တာတွေ၊ ထိခိုက် အန္တရာယ် ရှိ တဲ့ ပစ္စည်းတွေနဲ့ ရေပက်တာတွေ မလုပ်ရပါဘူး။ ရောင်းတဲ့လူတွေကို လည်း ဖမ်းဆီးအရေးယူသွားမှာပါ"ဟု ၎င်းက ပြောသည်။
ဘီယာကုမ္ပဏီများအနေဖြင့် မော် တော်ကားများဖြင့် လှည့်လည်ရောင်းချ ခြင်း၊ ရေပက်မဏ္ဍပ်များအနီး ဘီယာ ရောင်းချခြင်း၊ လူစည်ကားရာတွင် ဘီယာ၊ အရက်များရောင်းချခြင်း မပြု လုပ်ရန် တားမြစ်ထားသည်။
"မဏ္ဍပ်တွေ၊ ရေပက်ခံကားတွေမှာ မဖွယ်မရာဆိုင်းဘုတ်တွေ ရေးထားတာ တွေ၊ ရေပက်ခံလူငယ်တွေ နဖူးစည်းတွေ စည်းပြီး ရေပက်ကစားတာတွေ ပြုလုပ် လို့ မရပါဘူး။ နိုင်ငံခြားတံဆိပ်၊ အလံ၊ အမှတ်အသားတွေ ယာဉ်ပေါ်မှာ ရေး ဆွဲတာတွေ၊ လွှင့်ထူ တာတွေ မလုပ်ရ ပါဘူး"ဟု ၎င်းကပြောသည်။
စက်နံပါတ်မြင့်ကားများ၊ (Lot) နံပါတ်မြင့် ကားများ၊ ကားအိုကား ဟောင်းများ၊ ဘေးတံခါးများ၊ အနောက် တံခါးဖွင့် ဆလွန်းယာဉ် များဖြင့် ရေ ပက်ခြင်း မပြုလုပ်ရန်တားမြစ်သည်။
"အမျိုးသမီးငယ်တွေအနေနဲ့ မဏ္ဍပ် ရှေ့မှာ မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ ဖီလာ ဆန့်ကျင်တဲ့ ကြိုးတစ်ချောင်း ဘော်လီတွေ ၀တ်ဆင် တာတွေ၊ ချက်ပေါ်အင်္ကျီ တွေ ၀တ်ဆင်တာတွေ၊ ရေစိုရင် အသားအရေကိုပါဖောက် ထွင်းမြင် နိုင်လောက်တဲ့ အမြင်မတော် ပါးလွှာ တဲ့ အဖြူရောင်ဝတ်စုံတွေ ၀တ်ဆင်တာတွေ၊ ဟိရိဩတ္တပတရားကင်း မဲ့တဲ့ အ၀တ်အစားတွေ ၀တ်ဆင်ပြီး ကပြတာတွေ၊ သီဆို တာတွေ၊ ရေပက် ခံတာတွေ မလုပ်ဖို့ကို ကြပ်မတ်သွားရန် လိုအပ်ပါတယ်"ဟု ၎င်းကပြောသည်။
"မြန်မာ့ယဉ်ကျေးမှုနဲ့ မအပ်စပ်တဲ့ အပြုအမူ၊အပြောအဆို၊ ၀တ်စားဆင် ယင်တာတွေ၊ ကခုန်သီဆိုတာတွေ စတဲ့ သရုပ်ပျက် လုပ်ဆောင်တာတွေ လုံးဝ လုပ်လို့ မရပါဘူး။ နောက်ပြီး သံချပ် တိုင်တာတွေ၊ သရုပ်ပျက်အော်ဟစ် သီဆိုတာတွေ လုံးဝမလုပ်ရ ပါဘူး"ဟု တာဝန်ရှိသူက ပြောသည်။
ထို့နောက် သင်္ကြန်မဏ္ဍပ်များတွင် မြန်မာ့ယဉ်ကျေးမှုနှင့် မအပ်စပ်သော အမည်များ၊ နိုင်ငံရေး အသွေးအရောင် မကင်းသော အမည်များ လုံးဝ သုံးစွဲ ခွင့်မရှိကြောင်း၊ မဏ္ဍပ်နောက်ခံကားချပ် အပြင်အဆင်တွင် မြန်မာ့ရိုးရာအတာ သင်္ကြန်ပုံပေါ်သည့် ပန်းချီ ဒီဇိုင်းများ၊ မြန်မာ့ရိုးရာသင်္ကြန်မဏ္ဍပ် အမည်စစ်ကိုသာ ရေးဆွဲရမည်ဖြစ်ကြောင်း၊ မြန်မာ အမည်ဖြင့်သာ မဏ္ဍပ်အမည်ကို သုံးစွဲရ မည်ဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်သည့် သရုပ်ဖော်ပန်းချီကားချပ်များ ထည့်သွင်းရေးဆွဲရမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...