စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သာသနာမည်သူ ပြုသနည်း

        

သာသနာဟူသည် ရှင်တော်မြတ်ဘုရား၏ အဆုံးအမဖြစ်သည်။ ထိုအဆုံးအမ ဖြစ်သော သာသနာတော်သည် ပိဋကတ်သုံးပုံ၊ နိကာယ်ငါးရပ်၊ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးေ ထာင် ဖြစ်လေသည်။ အကျဉ်းအားဖြင့်ဆိုလျှင် မကောင်းမှုဟူသမျှ မပြုရ၊ ကောင်းမှုမှန်သမျှ မရ-အရပြု၊ စိတ်ကို ဖြူစင်အောင်ထား ဟူ၍ ဖြစ်ပေသည်။ ထို့ကြောင့် မကောင်းမှုရှောင်၍ ကောင်းမှုပြုသူများကို သာသနာပြုသူ (တနည်း) ရှင်တော်မြတ်ဘုရား၏ အဆုံးအမကို လိ…ုက်နာသူ၊ အရှည်တည်တံ့အောင် လက်ဆင့်ကမ်း၍ စောင့်ရှောက်သူ ၊ ပြုသူဟုဆိုရမည် ဖြစ်ပေသည်။

ပြုဟူသောစကားသည် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း၌ ပြုလုပ်၊ ပြုကျင့်ဟူ၍ ဖော်ပြ ထားပေသည်။ ထို့ကြောင့် ရှင်တော်မြတ်ဘုရား၏ အဆုံးအမကို လိုက်နာသူ၊ ကျင့်ကြံသူများလည်း သာသနာပြုဟု ဆိုနိုင်ပေသည်။ ဤသို့ဆိုလျှင် ဘုရားတည်သူလည်း သာသနာပြုသူ၊ တရားဟောတရားပြ၊ စာရေး၊စာချသူလည်း သာသနာပြုသူ၊ ရိပ်သာတရား စခန်းဖွင့်သူလည်း သာသနာပြုသူ၊ ကထိန်ခင်းသူလည်း သာသနာပြုသူ၊ လမ်းခင်းသူလည်း သာသနာပြုသူ၊ ဂေါပကလူကြီးများလည်း သာသနာပြုသူများ ဖြစ်ကြပေသည်။

ကောင်းတာလုပ်သူမှန်သမျှ သာသနာပြုသူများသာ ဖြစ်ကြပေသည်။ သို့သော် ကောင်းတာလုပ်သည် ဆိုရာ၌လည်း တစ်ဦးတည်း၊ တစ်မိသားစုတည်းအတွက် သာ ကောင်းတာပြုသူလား၊ အများအတွက် ကောင်းတာပြုသူလား ထပ်မံစဉ်းစား ဆုံးဖြတ်ရမည့် ကိစ္စများ ဖြစ်ပေသည်။ ကောင်းတာပြုသူသည် သာသနာပြုသူ(တနည်း) ရှင်တော်မြတ် ဘုရား၏ အဆုံးအမကို လိုက်နာသူ၊ အဆုံးအမကို တည်ရှိအောင်ထိန်းသိမ်းသူ ဖြစ်ပေသည်။ ထိန်းသိမ်းသူလည်း သာသနာပြု၊ လိုက်နာသူလည်း သာသနာပြု၊ ပြန့်ပွားအောင်ပြုသူလည်း သာသနာပြုများ ဖြစ်ကြပေရာ မည်သူသည် သာသနာပြု အစစ်ဖြစ်သည်၊ သာသနာအတွက် ထိရောက်အောင်၊ အကျိုးများအောင် ပြုနိုင်သူဖြစ်သည်ကို အဓိကနှင့် သာမညကွဲပြားစွာ သိရှိရန် လိုအပ်လာပေသည်။

ရှင်တော်မြတ်ဘုရား၏ အဆုံးအမကို လိုက်နာ၍ ကောင်းတာပြုသူသည် သာသနာပြုဟု ဆိုသော်လည်း ထိုသူတို့သည် သာသနာအရှည်ခံ့၍ တည်တန့်နိုင်ရန် အထူးစွမ်းဆောင်နိုင် သူများ မဟုတ်ကြချေ။ သာသနာအရှည်ခံ့၍ တည်တံ့နိုင်အောင် ဆောင်ရွက်နိုင်သူ၊ သာသနာပြုသူ အစစ်များမှာ ပရိယတ္တိ၊ ပဋိပတ္တိတာဝန် ထမ်းဆောင်နိုင်သူ ရှင်၊ရဟန်းများသာ ဖြစ်ပေသည်။ ထိုပရိယတ်၊ ပဋိပတ်ဝန်ဆောင် ရှင်၊ ရဟန်းများနှင့် အနီးကပ်ဆုံး သာသနာပြုသူများမှာ ထိုရှင်၊ရဟန်းတို့အတွက် ပစ္စည်းလေးပါးဖြင့် ထောက်ပံ့လှူ ဒါန်းနေသူ ဒကာ ဒကာမများသာ ဖြစ်ပေသည်။ တစ်ခြားသော ကောင်းတာ လုပ်သူ၊ ကောင်းမှုပြုသူတို့သည် သာသနာပြုသူဟု ဆိုသော်လည်း ရှင်တော်မြတ်ဘုရား၏ သာသနာ (အဆုံးအမ)ကို လိုက်နာသူဟု ဆိုမှသာ ပို၍ သင့်တော်နိုင်ဖွယ် ရှိပေသည်။

တစ်နေ့တွင် အလွန်ရင်းနီးသော အသက်-၅၀ခန့်ရှိ ဒကာမတစ်ယောက် ကျောင်းရောက်လာပါသည်။ စပ်မိစပ်ရာ ပြောရင်းဖြင့် ဒကာမက စကားတစ် ခွန်း လျှောက်ကြားလာပါသည်။
”အရှင်ဘုရား တပည့်တော်သီလရှင် ၀တ်ချင်တယ်ဘုရား“
”ဟော ဆိုင်းမဆင့်ဘုံမဆင့်နဲ့ ဘယ်လိုဖြစ်တာလဲ၊ ပြောပြပါအုံး“
”တပည့်တော် အသက်အရွယ်လဲ ရလာပြီဘုရား၊ သာသနာအတွက် ဘာမှလဲ ဟုတ်တိပတ်တိ မလုပ်ဖြစ်ဘူး။ ကျန်တဲ့ဘ၀လေးမှာ သာသနာပြုသူတစ်ယောက်အဖြစ် ခံယူချင်တယ်။ သာသနာပြုသူစစ်စစ် ဖြစ်ချင်တယ်ဘုရား။“

”ဒါပဲလား။ အဲလိုဆိုရင် အကြံပေးလိုက်မယ်။ တကယ်သာသနာပြုသူ တစ်ယောက်ဖြစ်ချင်ရင် သီလရှင်မဝတ်နဲ့“ ”ဘယ်လိုဘုရား။ အရှင်ဘုရားစကားက အဆန်းပါလား။ သာသနာပြုသူ တကယ်ဖြစ်ချင်ရင် သီလရှင်မဝတ်နဲ့ဆိုတော့ သီလရှင်ဝတ်မှ တကယ်သာသနာပြုသူ ဖြစ်နိုင်မယ်မဟုတ်လား။ ရှင်းပြပါအုံးဘုရား“ ”ဟုတ်ပါတယ်။ သီလရှင်ဝတ်ရင်တော့ သာသနာပြုအစစ် ဖြစ်နိုင်ပါတယ်။ စာပေပရိယတ်တွေ သင် သူတစ်ပါးတွေပို့ချ၊ သင်အံပြသ၊ ဟောကြားပေါ့။ ဒါပေမဲ့ ဒကာမအသက်ကို ပြန်ကြည့်ပါအုံး။ အခုပဲ အသက်၅၀-လောက် ဖြစ်နေပြီ။ ပရိယတ္တိစာတွေသင်ရမယ်၊ စာတွေကျက်ရမယ်၊ လုပ်နိုင်ပါ့မလား“
”အဲလိုတော့ ဘယ်လုပ်နိုင်တော့မလဲဘုရား“
”ဟုတ်ပြီ၊ ပရိယတ္တိမလုပ်နိုင်တော့ဘူးဆိုတော့ ပဋိပတ္တိလုပ်ပေါ့၊ ဆရာသမားတွေဆီက လေ့လာ မယ်၊ သင်ကြားမယ်၊ နာခံမယ်၊ လိုက်နာပြုကျင့်မယ် ဟုတ်တယ်မလား“

”တင်ပါ့“
”ဒီလိုဆိုရင် သေသေချာချာ ပြန်စဉ်းစားကြည့်လိုက် တရားအားထုပ်နေတာ သူတစ်ပါးအတွက် ဖြစ်မလား၊ မိမိအတွက်ဖြစ်မလား“
”တပည့်တော်အတွက် ဖြစ်မှာပါ“
” ဟုတ်တယ်။ အများဆုံးက ဒကာမကြီးအတွက် ဖြစ်နေတယ်။ အဲဒီတော့ သာသနာပြုတော့ ဖြစ်ပါတယ်။ သူတစ်ပါးကို သာသနာပြုသူ အဖြစ်ထက် မိမိကိုယ်ကို သာသနာပြုသူ ဖြစ်နေတယ်။ သူတစ်ပါးအကျိုးရှိဖို့ထက် မိမိအကျိုးရှိဖို့က များနေတယ်။

အဲလိုဆိုရင် ဒကာမကြီး မျှော်မှန်းထားတဲ့ အများကို အကျိုးရှိအောင် သာသနာပြုသူ ဖြစ်ပါ့မလား“ ”အဲလိုဆိုတော့လဲ ဟုတ်သားပဲ။ အဲလိုဆို တပည့်တော် ဘယ်လိုလုပ်ရမလဲ“
”သာသနာပြုတယ်ဆိုတာ ပရိယတ္တိစာပေသင်ကြား၊ စာပေတွေ ပြန်သင်ပေး၊ နောက် တရားဟော၊ တရားပြ ဒီအလုပ်တွေက သာသနာပြုအစစ်တွေပေါ့။ ဒကာမကြီးပဲ စဉ်းစားကြည့်လေ။ ဒီအလုပ်၊ ဒီတာဝန်တွေ ထမ်းဆောင်နေတဲ့ သံဃာတော်တွေ ဒီအတိုင်း ရပ်တည်လို့ ရလား။ မရဘူးနော်။ ကျောင်း၊ သင်္ကန်း၊ ဆွမ်း၊ ဆေး ဆိုတဲ့ ပစ္စည်းလေးပါးရှိမှ သာသနာအရှည်တည်တံ့မဲ့ အလုပ်တွေ လုပ်နိုင်မှာ။ ရဟန်းသံဃာဆိုတာ ကိုယ်ပိုင်စီးပွားရေး လုပ်ကြတာ မဟုတ်ဘူး။ အဲဒီတော့ ဒီပစ္စည်းလေးပါးဆိုတာ ဒကာ၊ ဒကာမတွေ က ထောက်ပံ့ရတာ။ ထောက်ပံ့သူ ဒကာ၊ဒကာမတွေ မရှိဘဲ ရဟန်းသံဃာတွေ ရပ်တည်နိုင်ပါ့ မလား“ ”မရပ်တည်နိုင်ပါဘူးဘုရား“
”ပစ္စည်းလေးပါးမရှိလို့ ရဟန်းသံဃာတွေ မရပ်တည်နိုင်ဘူးဆိုရင် ဘုရားရှင်ရဲ့ တရားတော်တွေ၊ ဒီပိဋကတ်တော်တွေကို စောင့်ရှောက်မဲ့သူ၊ သင်ကြားပြီး ပြန်လည်ပို့ချမဲ့သူ ရှိပါအုံးမလား။“

” မရှိပါဘူးဘုရား“
”ပိဋကတ်စာပေတွေကို စောင့်ရှောက်မဲ့သူ မရှိရင် ဘုရားရှင်ရဲ့ အဆုံးအမ သာသနာတော်ကြီး ကလဲ အရှည်တည်တံ့နိုင်ပါအုံးမလား။ မတည်တံ့နိုင်တော့ဘူးနော်။ အေး..ဒီလိုဆိုရင် သာသနာကို အရှည်တည်တံ့ဖို့ဆိုတာ ပိဋကတ်တော်တွေကို သင်အံ၊ လေ့ကျက်၊ သင်ကြားပို့ချတဲ့ ဆရာတော်သံဃာတော်တွေ မရှိမဖြစ် လိုအပ်သလို၊ ပစ္စည်းလေး ပါး ထောက်ပံ့လှူဒါန်းတဲ့ ဒကာ ဒကာမဆိုတာလဲ မရှိမဖြစ် လိုအပ်တယ်နော်။“

”တင်ပါ့ဘုရား“
”ပိဋကတ်စာပေတွေကို သင်အံပို့ချ၊ ဟောပြောပြသနေတဲ့ ရဟန်းသံဃာတွေက သာသနာပြု အစစ်ဖြစ်တယ်ဆိုရင်၊ အဲဒီရဟန်းသံဃာတွေ သာသနာဘောင်မှာ ရပ်တည်နိုင်ဖို့၊ သာသနာ့ တာဝန်ဖြစ်တဲ့ ပိဋကတ်စာပေတွေကို ချမ်းချမ်းသာသာ လွယ်လွယ်ကူကူ မပင်မပန်း သင်ယူနိုင်ဖို့၊ ပို့ချနိုင်ဖို့ နောက်ဘက်ကနေ ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းနေတဲ့ ဒကာ၊ ဒကာမတွေကလဲ သာသနာပြု အစစ်တွေပေါ့။ ဟုတ်တယ်မို့လား“

”မှန်ပါဘုရား“
”ဒီဒကာ ဒကာမတွေမှ သာသနာပြုအစစ် မဖြစ်နိုင်ရင် ဘယ်သူတွေက သာသနာပြု ဖြစ်နိုင်မှာလဲ၊ သာသနာကို ထိထိရောက်ရောက်ပြုသူ၊ စွမ်းစွမ်းတမံပြုသူ ဖြစ်နိုင်မှာ လည်း စဉ်းစားကြည့်ပါအုံး။ နောက်ပြီး သာသနာပြုစစ်စစ် ဖြစ်တယ်ဆိုတဲ့ ရဟန်းသံဃာတွေ ပစ္စည်းလေးပါး မလှူတန်းဘဲ နေကြည့်လိုက်ပါ၊ သာသနာပြု ဖြစ်နိုင်ပါအုံးမလား။ ဘယ်လောက် တောင့်ခံနိုင်မလဲလို့နော်။ သဘောပြောပြတာပါ။ သီဟိုဠ်မှာ တိုင်းပြည်မငြိမ် မသက်ဖြစ်ပြီး ရဟန်းသံဃာတွေ ဆွမ်းကွမ်းလှူဒါန်းသူ မရှိတုန်းက ဘယ်လောက်အထိ ဒုက္ခရောက်ခဲ့တယ်၊ အခက်အခဲ ကြုံခဲ့ရတယ်ဆိုတာ ဒကာမကြီးလဲ ကြားဖူးမှာပါနော်“
”မှန်ပါကြားဖူးပါတယ်ဘုရား“
”သာသနာအတွက် ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းမှုကလဲ ဘယ်လောက်အရေးပါ တယ်ဆိုတာ နားလည်ပြီမို့လား။ သာသနာပြုသူဆိုတာကော ဘယ်လိုပုဂ္ဂိုလ်တွေဆိုတာ နာလည်းပြီနော်။ “
”မှန်ပါဘုရား“

”ဟုတ်ပြီ၊ ဒီလိုဆိုရင် သာသနာပြုသူ စစ်စစ်တွေဟာ ပရိယတ္တိစာပေ သင်ကြားနေတဲ့ ရဟန်းသံဃာတွေ၊ ပဋိပတ္တိတရားဟော တရားပြနေတဲ့ ရဟန်းသံဃာတွေနဲ့၊ ၄င်းတို့ကို ထောက်ပံ့လှူဒါန်းနေတဲ့ ဒကာ ဒကာမတွေ ဖြစ်တဲ့အတွက် သာသနာ့တာဝန်တွေကို ထမ်းဆောင်ဖို့၊ သာသနာပြုသူ ဖြစ်ဖို့အတွက် ဒကာမကြီးက ဘယ်ဘက်က စွမ်းဆောင်နိုင် တာလဲ။ တရားဟော၊ တရားပြ၊ စာသင်၊ စာချဘက်ကလား၊ စီးပွားဥစ္စာ ရှာဖွေတဲ့ ဘက်ကလား။“

”ဒီလိုဆိုတော့ တပည့်တော်ကျွမ်းကျင်တာက စီးပွားရှာတဲ့ဘက်ကပေါ့ဘုရား။“
”ဒီလိုဆိုရင် ဒီနေ့ကစပြီး စီပွားတွေတိုးရှာ၊ ငါရှာထားတဲ့ စီးပွားတွေဟာ သာသနာအတွက် ဖြစ်ရမယ်။ ဒါမှမဟုတ် ဒီထဲက ဘယ်၍ဘယ်မျှဟာ သာသနာအတွက် လှူဒါန်းမယ်လို့ ဆုံးဖြတ်ပြီး ကိုယ်တတ်နိုင်တဲ့ဘက်ကနေ၊ ကိုယ်ကျွမ်းကျင်တဲ့ဘက်ကနေ သာသနာပြု လုပ်ငန်းတွေ လုပ်တာပိုမကောင်းဘူးလား။ ထိရောက်တဲ့ သာသနာပြုသူ မဖြစ်နိုင်ဘူးလား။ သီလရှင်ဝတ်တာ မကောင်းဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒကာမကြီးက သာသနာတော်အတွက် ထိထိရောက်ရောက် စွမ်းဆောင်နိုင်သူ၊ ပြုသူဖြစ်ချင်တယ်ဆိုလို့ပါ“

”မှန်ပါ။ တပည့်တော် နားလည်ပါပြီဘုရား။ တပည့်တော် စီးပွားတွေ အရင်ကထက် ကြိုးစားပြီး ရှာဖွေပါ့မယ်ဘုရား။ သာသနာ(အရှည်တည်တံ့ရေး)အတွက် အဓိကအခန်း ကဏ္ဍက ပါဝင်တဲ့ ပစ္စည်းလေးပါးကို များများစားစား ထောက်ပံ့လှူဒါန်းနိုင်အောင် ကြိုးစားပါတော့မယ် ဘုရား“
တချို့ကား ဘဝနေဝင်ချိန်နီးလာပြီ၊ သာသနာဘောင်မှာ ဝင်ခို၍ တရားဘာဝနာလေးပွား၊ ပုတီးလေးစိပ်၊ စာလေးဖတ်ဖြင့် နေတော့မည်ဟု သာသနာဘောင်သို့ ရဟန်းဝတ်၊ သီလရှင်ဝတ်ဖြင့် ဝင်ရောက်လာကြသည်။ လက်တွေ့တွင်ကား မှန်းထားသလို၊ ရည်ရွယ်သလို ဖြစ်မလာကြ။ ယောင်တောင်တောင်၊ ကြောင်တောင်တောင်ဖြင့်သာ ဘဝနိဂုံး ချုပ်သွား တတ်ကြသည်။ ရဟန်းဝတ်၊ သီလရှင်ဝတ်ဖြင့် ဘဝနိဂုံးချုပ်ခြင်းသည်လည်း ဂုဏ်တစ်ခုဟု မှတ်ထင်တတ်ကြသည်။ ထိုဘဝရောက်နေသူများသည်လည်း သာသနာပြုများ သာ ဖြစ်ကြသည်ဟု ထင်မှတ်ကြလေသည်။

လူဟူသည်ကား မိမိကိုယ်ကို အထင်မကြီးတတ်၊ တစ်ပါးသူကိုသာ အထင်ကြီးတတ်ကြသည်။ ရဟန်းဘဝ၊ သီလရှင်ဘဝသည်သာ သာသနာပြုအစစ်များ ဖြစ်ကြသည်။ မိမိတို့၏ ပစ္စည်းလေးပါး လှူဒါန်းနေသူတို့သည် သာသနာပြုအစစ်မဟုတ်ဟု မေ့နေတတ်ကြသည်။

ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းသူ မရှိက ရဟန်းသံဃာ၊ သီလရှင်များ အရှည်သဖြင့် မရပ်တည်နိုင်ကြောင်း သတိရှိရပေမည်။ တချို့ကား ပစ္စည်းလေးပါး လှူဒါန်းသူသည်လည်း သာသနာပြုအစစ်ဖြစ်သည်၊ မရှိမဖြစ် လိုအပ်သည်ဟု နားလည်သဘောပေါက်ကြသည်။ ထိုကြောင့် ကြိုးစားလှူဒါန်းကြသည်။ တစ်ဦးတည်း မတတ်နိုင်လျှင် အများနှင့်ပေါင်းစု၍၊ အများကိုဦးဆောင်၍ လှူဒါန်းကြသည်။ လှူဒါန်းနိုင်အောင် ကြိုးစားကြသည်။

စာရေးသူတို့ကျောင်း မြစေတီနန်းဦးစာသင်တိုက် (မုတ္တမ)သည် ၁၃၊ ၄၊ ၂၀၁၂နေ့က ပေါင်မြို့၊ ရင်းငြိမ်၊ ဇင်းကျိုက၊် ကတွန်၊ ဒေးဗလိန်းစသော မြို့ရွာများသို့ ဆွမ်းဆန်စိမ်းအလှူခံ ကြွဖြစ်ပါသည်။ နံနက် ၇-နာရီခွဲနောက်ပိုင်းမှ ၁၀- နာရီခွဲအထိ၊ နေ့ခင်း ၁၂-ခွဲမှ ညနေ၆- နာ၇ီအထိ တစ်နေ့တာ ကြွဖြစ်ပါသည်။ တစ်ရွာနှင့်တစ်ရွာ ဝေးလျှင်ကားစီး၍ နီးလျှင် ခြေကျင်ဆက်တိုက် ကြွပါသည်။ ဆွမ်းဆန်စိမ်းအလှူခံကြွရာ၌ ရဟန်းသာမဏေ ၁၅၀-ကျော်ရှိခြင်း၊ အညိုသင်္ကန်း တစ်ရောင်တည်း ဝတ်ရုံခြင်း၊ ဦးခေါင်းကို တစ်ညီတစ်ညာတည်း ရိပ်ထားခြင်း၊ သပိတ်အိပ် လွယ်ထားခြင်း၊ ထန်းရွက်ယပ် ညီညာစွာ ကိုင်ဆောင်ထားခြင်းတို့နှင့် ရဟန်းသာမဏေ များစွာကို တစ်နေရာတည်း တန်းစီကြွလာသည်ကို ဖူးတွေ့ခြင်းတို့ကြောင့် ဒကာ၊ ဒကာမတို့မှာ များစွာကြည်ညိုကြပါသည်။ ထို့ကြောင့် စိတ်ဝင်တစား ကြည့်ရှုဖူးမြော် ကြပါသည်။ အိမ်ထဲမှ ထွက်၍ကြည့်ရှုသူ၊ လမ်းဘေးဖြတ် သွားသူများသည် ဆန်တစ်ဗူး၊ ငွေနှစ်ရာကျပ် အနည်းဆုံး မလှူသူ မရှိသလောက် ဖြစ်ပေသည်။

လက်ကမ်းစာရွက်၌လည်း ” အကျိုးများမှု၊ မများမှုကို မစီစစ်ဘဲ လှူသောအလှူသည် ကုသိုလ်သာရ၍ အကျိုးနည်းသောအလှူ ဖြစ်ပေသည်။ ဂန္ထဓုရ၊ ဝိပဿနာဓုရ သာသနာ့ တာဝန်နှစ်ရပ်ကို ထမ်းဆောင်နေသော ရှင်၊ ရဟန်းတို့အား လှူဒါန်းသောအလှူသည်သာ ကုသိုလ်လည်းရ၊ အကျိုးလည်းများသော အလှူဖြစ်ပေသည်။ ထိုသူတို့ကိုသာ စစ်မှန်သော သာသနာပြုသူ ဟု ခေါ်ဆိုနိုင်ပေသည်“ ဟု ကြော်ငြာထားသည်ကိုလည်း တွေ့ရပေသည်။ စာသင်တိုက်ဟု သိသောအခါ ပို၍ သဒ္ဓါတရား ထက်သန်ကြသည်။

မော်လမြိုင်၊ ရန်ကုန်ကားလမ်းပေါ်ဖြစ်ရာ ကားတိုင်းနီးပါး ကားရပ်၍ ဝတ္ထုငွေ လှူဒါန်းကြပါသည်။ လမ်းတစ်လျှောက်တွင်လည်း သောက်ရေကပ်သူ၊ အချိုရည်ကပ်သူ၊ ကျွဲရိုင်းဗူးလိုက်ကပ်သူတို့ အလွန်များပြားလှပါသည်။

ကျွဲရိုင်းအချို၇ည်ကပ်သူတစ်ချို့ကို အလွန်ပင် အားနာရသည်လည်း ကြုံခဲ့ပါသည်။ စာရေးသူတို့ ရဟန်း၊ သာမဏေများမှာ လမ်းတစ်လျှောက် အချိုရည်ကပ်သူများသဖြင့် အားနာစွာ ဘုန်းပေးလာခဲ့ရာ ကျွဲရိုင်းအချိုရည် များကို တစ်ဗူးကုန်အောင် မဘုန်းနိုင်တော့ပါ။ တစ်ချို့နည်းနည်း၊ တစ်ချို့တစ်ဝက်ဖြင့် ထားခဲ့ရပါသည်။ သံဃာ ၁၅၀-ကျော်၊ ကျောင်းသား များနှင့်ဆိုလျှင် ကျွဲရိုင်းဗူး နှစ်ရာခန့် စီမံရပါသည်။
တန်ကြေးအားဖြင့် နည်းမည်မထင်ပါ။ တန်းဖိုးကြီးအချိုရည်ကပ်သူပင် သုံးလေးဦးရှိပါသည်။

ဆွမ်းဆန်ဆိုလျှင်လည်း တစ်ချို့တစ်ဦးတည်း သုံးလေးအိတ်၊ ဆီတစ်ပုံး စသည်ဖြင့် လှူဒါန်းသည်ကိုလည်း တွေ့ရပါသည်။ ကော်ဖီမစ်၊ ဆပ်ပြာထုပ်၊ ဘောပင်၊ သွားတိုက်ဆေး၊ ဆပ်ပြာတို့ကိုလည်း လှူဒါန်းကြပါသည်။ စာသင်တိုက်ဟု သိသောအခါ ပို၍လှူဒါန်းကြပါသည်။
ထိုနေ့တစ်နေ့တာ အလှူခံရရှိသော ဆွမ်းဆန်းစိမ်းမှာ တင်းလေးရာကျော်၊ ဝတ္ထုငွေ ကျပ်၁၀-သိန်းကျော်နှင့် ကော်ဖီ၊ ဆပ်ပြာ၊ ဗလာစာအုပ်၊ ဘောပင်စသည်တို့မှာ များစွာရပါသည်။

သာသနာတော် အရှည်တည်တံ့ခြင်း၏ မူလဘူတသည် ပရိယတ္တိဟု သိကြသောအခါ ဒကာ၊ ဒကာမတို့မှာ စေတနာထက်သန်စွာ လှူဒါန်းကြပါသည်။ သာသနာတိုးတက်စည်ပင်ရာ စည်ပင်ကြောင်း သာသနာဘောင်သို့ ဝင်ရောက်၍ ပရိယတ္တိစာပေများကို သင်ကြား၊ ပို့ချခြင်းငှာ မစွမ်းဆောင်နိုင်ကြသော်လည်း စွမ်းဆောင်နိုင်သော ရဟန်း၊ သာမဏေတို့ စာပေသင်ကြား၊ ပို့ချရာ၌ မပင်မပန်း ချမ်းချမ်းသာသာ ပို့ချ၊ သင်ကြားနိုင်ပါစေခြင်း အကျိုးငှာ ၄င်းတို့ စွမ်းနိုင်သည့်ဘက်က ထောက်ပံ့လှူဒါန်း သာသနာပြုကြခြင်း ဖြစ်ပါသည်။ တစ်ဦးတည်းဖြင့် ယခုကဲ့သို့ မြောက်များစွာ လှူဒါန်းနိုင်ရန်မှာ မလွယ်ကူလှပါ။

တစ်ဦးတည်းနှင့် မစွမ်းဆောင်သည်များကို အများစုပေါင်း၍ လှူဒါန်းကြ၊ လှူဒါန်းနိုင်အောင် ဦးဆောင်ကြ၊ စီမံကြခြင်းမှာလည်း သာသနာကို တစ်ဖက်တစ်လမ်းက ပြုနေသူများဖြစ်၍ အလွန်ချီးကြူး လေးစားရမည် ဖြစ်ပေသည်။ (ဆွမ်းဆန် အတင်းလေးရာကျော် ရသည်ဟု ဆိုသော်လည်း စာရေးသူတို့ကျောင်းမှာ စာသင်တိုက်ဖြစ်၍ သံဃာများခြင်း၊ စာသင်ကျောင်း တက်နေသော ကျောင်းသားများရှိခြင်းတို့ကြောင့် တစ်နေ့လျှင် နံနက်အရုဏ်ဆွမ်း တစ်တင်းကျော် ချက်ရပါသည်။

မော်လမြိုင်မြို့တွင် သာသနာအတွက် အကျိုးများသော အိမ်တစ်အိမ်ရှိပါသည်။ ထိုအိမ်သည် နီးစပ်ရာ မိတ်ဆွေများနှင့် စုပေါင်းကာ မော်လမြိုင်မြို့နှင့် မုတ္တမရှိ သံဃာများသော စာသင်တိုက်များသို့ တစ်ပတ်လျှင်တစ်ရက် ဆွမ်းဟင်းချက်လှူဒါန်းပါသည်။ ဘဲဥဆိုလျှင် တစ်ပါးတစ်လုံးကျ အလုံးနှစ်ထောင် ချက်ရသည်ဟု ဆိုပါသည်။ အပတ်စဉ်ချက်၍ လှူဒါန်းပါသည်။ ဆွမ်းဟင်းချက်ပြီးလျှင်လည်း အအားမနေရပါ။ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဟင်းချိုင့်ယူရန် မေ့နေမည်စိုး၍ ဖုန်းဆက်ရပါသည်။ လာယူရန် အခြေအနေ မပေးသော ကျောင်းတိုက်သို့ သွားပို့ရပါသည်။ ဤအဖွဲ့အစည်းသည်လည်း အလွန်ချီးကြူး ထိုက်ပေသည်။

စာရေးသူ ရေးသားခဲ့သော စာသင်သားများအတွက် စာအုပ်စာတမ်းများကို စုပေါင်း၍ နှစ်စဉ်လှူဒါန်းနေသော ရန်ကုန်မြို့ ဓမ္မစေတီတော်ဝတ်အသင်း စသည်စသည် တို့မှာလည်း သာသနာပြုတာဝန်များကို စွမ်းနိုင်သည့်ဘက်က ထမ်းဆောင်နေသော အဖွဲ့အစည်းများ ဖြစ်ပါသည်။ သာသနာတော် အရှည်တည်တံ့ရန်အတွက် စာချ၊ စာသင်၊ တရားဟော၊ တရားပြ၊ ရဟန်းသာမဏေ၊ သီလရှင်များအတွက် ပစ္စည်းလေးပါး၊ စာအုပ်စာတမ်းစသည်များကို မိမိတို့ စွမ်းနိုင်သည့်အားလျော်စွာ တစ်ဖက်တစ်လမ်းက လှူဒါန်းသောသူတို့မှာ သာသနာပြုနေသူများ ဖြစ်ပါကြောင်းနှင့် သာသနာပြုဟူသည် သာသနာ့ဘောင်ဝင် ရောက်မှသာ သာသနာပြုသူဟု ခေါ်ဆိုရသည် မဟုတ်ပါကြောင်း တင်ပြအပ်ပါသတည်း။
အရှင်ဇဋိလ (နတ်မောက်)
၂၊ ၅၊ ၂၀၁၂

မြန်မာပြည်မှမြန်မာလူမျိုးဖေ့ဘုတ်မှတဆင့်ခံစားတင်ပြသည်။မူကြိုဆရာ၏ဘလော့များကို www.damanady.tk တွင်လဲဖတ်ရှုနိင်သည်။

http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:330610?xg_source=facebookshare

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...