စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သင်္ကြန်မှာ သတိထားရမယ့် အချက်ခုနစ်ချက်


                      


မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို ပြည်သူတို့ပျော်ရွှင်စွာ ဆင်နွှဲကြရန် သုံးရက်သာ လိုပါတော့သည်။
 
ထူးခြားမှုအဖြစ် ယခုနှစ်တွင် ရန်ကုန်တစ်မြို့လုံး မဏ္ဍပ်အကြီး အသေး ၁၄၀ ကျော် တည်ဆောက်ခွင့်ရခဲ့ခြင်းကြောင့် တစ်ခေတ်တစ်ခါက နာမည်ကျော် ရန်ကုန်သင်္ကြန်ကို ပြန်လည်ကြုံကြိုက်ရတော့မည်ဖြစ်သည်။

ယခုနှစ်သင်္ကြန်တွင် သင်္ကြန်မောင်မယ်တို့အတွက် ပျော်ရွှင်မှုနှင့်အတူ စိန်ခေါ်မှုအသစ်များကလည်း စောင့်ကြိုနေပါသည်။ တစ်ခဏတာ သင်္ကြန်အပျော်တွင် တစ်ဘ၀စာ အမည်းစက်မစွန်းထင်းစေရန်နှင့် အပျော်လွန်ပြီး ရာသီဥတုကို သတိမပြုမိဘဲ အသက်ဆုံးရှုံးမှုများ မဖြစ်စေရန် အောက်ပါအချက်များကို သတိပြုရန်လိုအပ်သည်။

သင်္ကြန်ရေနှင့် အမြင့်ဆုံး

ခရမ်းလွန်ရောင်ခြည်အပူဒဏ်

အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်နှင့် အထက်ရှိသည့် မနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း အမိုးအကာမဲ့ ရေကစားခြင်းကို ရှောင်ကြဉ်ပါ။ နေပူဒဏ်နှင့် ခရမ်းလွန်ရောင်ခြည်ကို အမှန်တကယ် ကာကွယ်နိုင်သည့် နေကာမျက်မှန်ကို တပ်ဆင်ပါ။ ရေကစားမဏ္ဍပ်များကို နေကျသည့်အချိန် ညနေ ၃ နာရီကျော်မှသာ ပြန်လည်ဖွင့်လှစ်သင့်သည်။ အရက်သေစာသောက်စားခြင်းက အပူဒဏ်ကို ပိုမိုခံစားရပြီး ကျန်းမာရေးကို ပြင်းထန်စွာ ထိခိုက်စေခြင်းကြောင့် ရှောင်ကြဉ်သင့်သည်။ ရေကစားသူများရော ရေပက်သူများပါ ခရမ်းလွန်ရောင်ခြည်ကို ခံနိုင်ရည်ရှိစေရန် SPF 15+ ပါသည့် နေရောင်ခံကရင်မ်များကို လိမ်းထားသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သင်္ကြန်နှင့် အထူးတရားရုံး

သင်္ကြန်တွင်း မူးယစ်ဆေးဝါးသုံးစွဲမှု၊ ရောင်းဝယ်ဖောက်ကားမှုနှင့် ခိုက်ရန်ဖြစ်ပွားမှု စသည့်အမှုအခင်းများအတွက် မြို့နယ်တိုင်းတွင် အထူးတရားရုံးများကို ဖွင့်ထားသည်။ အထူးတရားရုံးသည် ချက်ချင်းအမှုစစ်၊ ချက်ချင်းပြစ်ဒဏ်ပေးနိုင်ခြင်းကြောင့် သင်္ကြန်တွင်းသွေးဆူပေါက်ကွဲလွယ်သော လူငယ်များအတွက် အထူးသတိပြုစရာဖြစ်သည်။ မဏ္ဍပ်များအနီးတစ်ဝိုက်တွင် တပ်ပေါင်းစုံပါဝင်သော ရဲကင်းနှင့် လုံခြုံရေးများ ချထားမည်ဖြစ်ပြီး မည်သည့်ပြစ်မှုကျူးလွန်သူကိုမဆို ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ ရဲမှူးကြီးမြင့်အေးကပြောသည်

သင်္ကြန်မဏ္ဍပ်နှင့် နှစ်ကိုယ်ကြားအိပ်ခန်းများ

ယခုနှစ်တွင် မဏ္ဍပ်များ၏ ထူးထူးခြားခြား ၀န်ဆောင်မှုတစ်ခုအဖြစ် မဏ္ဍပ်တည်ဆောက်သူအချို့က VIP အမည်ခံ၍ နှစ်ကိုယ်ကြားအိပ်ခန်းများ ထည့်သွင်းတည်ဆောက်လာသည်။ သက်ဆိုင်ရာက ယင်းအခန်းများ ဖျက်သိမ်းခိုင်းထားပြီး သင်္ကြန်မတိုင်မီ ၁ ရက်အလိုတွင် လိုက်လံစစ်ဆေးမည်ဟု ပြောကြားထားသော်လည်း မဏ္ဍပ်သို့ မိမိကလေးငယ်များကို စေလွှတ်မည့် မိဘအုပ်ထိန်းသူများ ထပ်ကြပ်မကွာ သတိပြုရမည့် အချက်တစ်ချက်ဖြစ်သည်။ VIP အခန်းများယူလိုလျှင် မဏ္ဍပ် Organizer နှင့် ဈေးညှိနှိုင်း၍ စုံတွဲများနားနိုင်ကြောင်း နီးစပ်ရာအချင်းချင်းသတင်းဝေမျှမှုများလည်း ရှိနေသည်။

‘‘မဏ္ဍပ်မှာ ဒီအခန်းတွေ ထည့်ဆောက်တာ ခွင့်ပြုလိုက်ရင် မြန်မာသင်္ကြန်က ရိုးရာပျက်သွားပြီ။ တစ်နှစ်တစ်ခါမို့ ဒါကို ခွင့်လွှတ်သင့်ပါတယ်လို့ပြောရင် ပြောတဲ့သူလည်း ကြံရာပါပဲ။ ဒီအခန်းထဲဝင်သွားပြီး အိမ်ပြန်ရောက်လို့ ရေချိုးလိုက်တာနဲ့ မိန်းကလေးတွေ အရင်အတိုင်းပြန်ဖြစ်သွားမယ့် ကိစ္စမဟုတ်ဘူး’’ ဟု ကလေးနှစ်ဦးဖခင် စာရေးဆရာနေနော်က ပြောသည်။

ရန်ကုန်သင်္ကြန်များစွာကို ပျော်ရွှင်စွာဆင်နွှဲခဲ့ဖူးသော ထိုင်းရောက် စာရေးဆရာမင်းဒင်က ‘‘ဒီနှစ်ပိုပြီးစည်ကားမှာမို့ ဒုက္ခမများကြရလေအောင် ကိုယ်ပိုင်ဆင်ခြင်ဉာဏ်ကိုယ်စီနဲ့ ပျော်စေချင်တယ်။ သင်္ကြန်အပြီး လူ့ပြည်မှာ ကျန်းမာပကတိချမ်းသာသွားဆက်ပြီး အသက်ရှင်နေလိုကြသေးရင်ဖြင့် သတိနဲ့ပျော်ကြပါ။ သင်္ကြန်မပြီးခင် အတွင်းလူနာဘ၀ ရောက်နိုင်တာကို သတိချပ်ကြပါ။ မိန်းကလေးတွေ ဘ၀ပျက်မှာကို ကြိုတွေးကြပါ။ သည်းခံကြပါ။ ကိုယ့်ကိုယ်ကိုယ် ထိန်းကြပါလို့သာ မှာပါရစေ’’ ဟု၎င်းကဆိုသည်။

မြန်မာ့ယဉ်ကျေးမှုနှင့် သွေဖည်သည့်ဝတ်စားမှုများနှင့် တရားဥပဒေ

သင်္ကြန်တွင်း အမျိုးသမီးအချို့၏ လိင်အသားပေးအကများ၊ အဖော်အချွတ်ဝတ်စားဆင်ယင်မှုများကို ယဉ်ကျေးမှုဝန်ကြီးဌာနက တားမြစ်သည့် စည်းကမ်းချက်များ ထုတ်ထားသည်။ တစ်စထက်တစ်စ ရဲတင်းလာသော အဖော်အချွတ်ဝတ်စားမှုများ၊ ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော အက၊ စုံတွဲများလူမြင်ကွင်း ဖက်ယမ်းနမ်းရှုပ်ခြင်းများ၊ အမျိုးသမီးအချို့ မူးယစ်ရမ်းကားခြင်းတို့ကို ပညာပေးအရေးယူမှု ပြုလုပ်မည်ဟု ရဲမှူးကြီးမြင့်အေးက ပြောသည်။

‘‘အမြင်မတော် ၀တ်စားဆင်ယင်မှုတွေကို မဏ္ဍပ်ထိုးတဲ့သူတွေပဲ အချင်းချင်း ပြန်ထိန်းပေးဖို့ မေတ္တာရပ်ခံပါတယ်။ စည်းကမ်းချက်တွေထုတ်ပြီး အရေးမယူဘူးတော့မဟုတ်ပါဘူး။ လုံးဝမထုတ်ရင် ပိုဆိုးကုန်မှာစိုးလို့ပါ။ နှစ်တိုင်းလည်း ဒီပြဿနာက ရှိနေတယ်။ ကျွန်တော်တို့ရှေ့မှာ စုံတွဲတွေ ဖက်ယမ်းနမ်းရှုပ်နေတာတွေ တွေ့ပါတယ်။ ဒါပေမဲ့ ၀င်တားရင် ကျွန်တော်တို့က ပွဲဖျက်တဲ့သူတွေ ဖြစ်ကုန်မယ်။ ဒီတော့ အချင်းချင်းထိန်းကြပါ’’ ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် သင်္ကြန်တွင်း သရုပ်ပျက်ဝတ်စားမှုများနှင့် လိင်အသားပေးအကများကို မဏ္ဍပ် Organizer များက ၀ိုင်းဝန်းထိန်းသိမ်းပေးရန်သာရှိပြီး မထိန်းသိမ်းသည့် မဏ္ဍပ်များကို မှတ်တမ်းယူထားမည်ဖြစ်သည်။

သင်္ကြန်နှင့် မူးယစ်ထောင်ချောက်

သင်္ကြန်တွင်း မသိနားမလည်သော အမျိုးသမီးများ အထူးသဖြင့် ဆယ်ကျော်သက်ကလေးငယ်များအတွက် မသမာသူအချို့က မူးယစ်ထောင်ချောက်ဆင်ရန် အသင့်ရှိနေသည်။ သတိလစ်စေရန် ပြုလုပ်နိုင်သည့် ဆေးဝါးများမှာ မေ့ဆေးအစွမ်းရှိပြီး ညစ်ညမ်းလက်ဖက်ရည်၊ ကော်ဖီစသည့် ညစ်ညမ်းဆေးဝါးများမှာ နည်းနည်းထည့်သောက်မိသည်နှင့် လိင်ပိုင်းမှာ မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်သည့်ဘ၀ကို ရောက်နိုင်ခြင်းကြောင့် အောက်ပါအချက်များကိုရှောင်ရန် ဒေါက်တာတင့်ဆွေက အကြံပြုသည်။

-သောက်စရာထဲမှာ ဆေးမှုန့်ထည့်တာတွေက အနံ့၊ အရောင်၊ အရသာ မသိနိုင်တာများတယ်။ ကိုယ့်ရှေ့မှာ ဖောက်ပေးတာကိုသာ သောက်ပါ။ ဒါလည်း ကြိုတင်ပြီး ဆေးထိုးအပ်နဲ့ မူးယစ်ဆေး၊ လိင်စိတ်ကြွဆေး ထည့်ထားတာမျိုးလည်း ရှိနိုင်တယ်။

-သောက်စရာ ဘယ်ကနေလာသလဲ သိနေအောင်လုပ်ပါ။

-ပုလင်း၊ ဘူး၊ ခွက်ကအစ ကိုယ့်ပါးစပ်ထဲရောက်တဲ့အထိ မျက်ခြည်မပြတ်ပါစေနဲ့။

-အများစုဝေး သောက်သုံးစရာထဲကဆို ပိုသတိကြီးကြပါ။

-မျက်စိအောက်က ခဏလေးပျောက်သွားတဲ့ ကိုယ့်ခွက်ကို ပြန်မသောက်ပါနဲ့။

-ခွက်ကို တစ်ခုခုနဲ့ ဖုံးပေးထားပါ။ အဖော်ကနေ ကိုယ့်အတွက် ဆိုင်ကနေမှာသောက်တာဆိုလည်း ဈေးရောင်းတဲ့သူတိုင်းကို မယုံပါနဲ့။ ဈေးရောင်းသူနဲ့ ကိုယ့်အဖော် ဆက်ဆံရေးကိုလည်း အကဲခတ်တတ်ပါ။ မျက်စပစ်ပြတာ၊ လက်ကုတ်တာ စတာမျိုးလည်း အဓိပ္ပာယ်ဖွင့်တတ်ပါစေ။

-တစ်နေရာမှာ ချထားပြီးသားကို ပြန်မသောက်ပါနဲ့။

-တစ်ခုခုသောက်ပြီး မူးဝေလာသလို၊ အိပ်ချင်လာသလို၊ စိတ်မူပြောင်းလာသလို တစ်ခုခုထူးတာနဲ့ ဆေးအကူအညီတောင်းဖို့ ချက်ချင်းလုပ်ပါ။ မသိသူတွေကနေ ကူမယ်ပြောတိုင်းလည်း မယုံပါနဲ့။ ရဲကို အကူအညီယူပါ။ ကြက်ခြေနီအကူအညီယူပါ။

သင်္ကြန်နှင့် စီးပွားရှာသူများ

သင်္ကြန်မဏ္ဍပ်များနှင့် အနီးတစ်ဝိုက်တွင် လိုင်စင်မရှိဘဲ အရက်သေစာများ ရောင်းချခွင့်ကို တားမြစ်ထားပြီး တွေ့ရှိပါက ပစ္စည်းရောလူပါ ဖမ်းဆီးသိမ်းဆည်းမည်ဖြစ်သည်။ ထို့ကြောင့် သင်္ကြန်ကာလမျှော်ကိုး၍ အရက်ဘီယာလက်လီရောင်းချကြမည့် ဈေးသည်များ အထူးဂရုပြုစေလိုသည်။

‘‘မနှစ်က သင်္ကြန်မှာ ကိုယ့်ဟာကိုယ် ဆိုက်ကားနင်းနေတာအကောင်း အင်းလျားကန်မှာ အရက်ဘီယာသွားရောင်းလိုက်တာ တစ်ရက်လောက်ပဲ မြိုးမြိုးမြက်မြက်ရသေး အဖမ်းခံရရော။ ကံကောင်းလို့ ထောင်မကျတာ။ ဒီနှစ်တော့ ရေသန့်နဲ့ အမြည်းလေးပဲ သွားရောင်းတော့မယ်’’ဟု စမ်းချောင်းမြို့နယ်မှ အနှေးယာဉ်လုပ်သားတစ်ဦးက ပြောသည်။

သင်္ကြန်နှင့် လုံခြုံရေး

ယခုအထိ သင်္ကြန်ပွဲတော်အတွက် မည်သည့်ခြိမ်းခြောက်မှု၊ သံသယရနံ့များ၊ သတင်းအစအနများ မရသေးသော်လည်း လုံခြုံရေးကို လုံးဝမပေါ့ဆရဲကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူက ဆိုသည်။ ၂၀၁၀ ခုနှစ် ဗုံးပေါက်ဖြစ်စဉ်ပြီးကတည်းက သင်္ကြန်မဏ္ဍပ်များတွင် CCTV များတပ်ထားပြီး ရိုက်ခွေကို နေ့စဉ် မဏ္ဍပ်ပိတ်သိမ်းပြီး ည ၈ နာရီအရောက် ပေးပို့ရမည်ဖြစ်သည်။ ယခုနှစ်တွင် မဏ္ဍပ်တိုင်းအနီးတစ်ဝိုက်တွင် အထူးမိုင်းရှင်းလင်းရေးအဖွဲ့ကို ထားရှိထားသည်။

အထက်ပါအချက်များကို သတိပြုရှောင်ကြဉ်ရင်းဖြင့် တစ်နှစ်တစ်ခါ သင်္ကြန်ပွဲတော်ကို အန္တရာယ်ကင်းကင်း အပူအပင်မဲ့စွာဖြင့် ပျော်ရွှင်စေနိုင်ပါသည်။

7daynews


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.35101

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...