စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မိကျောင်းနှုတ်သီးနှင့် ငါးကြီး လှိုင်မြစ်အတွင်းဖမ်းမိ

နိုင်လင်း၊ မော့ဂျေ၊ ရန်ကုန်၊ ဇန်န၀ါရီ-၂၃

 

          ရွှေပြည်သာမြို့နယ် (တညင်းကုန်းတံတား) နှင့် ၀ါးတစ်ရာကျေးရွာ အကြား လှိုင်မြစ်အတွင်းမှ မိကျောင်း နှုတ်သီးနှင့် အလွန်မာကျောသော အကြေးခွံများ ပါဝင်သော အရှည်လေးပေခွဲခန့် ငါးကြီးတစ်ကောင်ကို ဇန်န၀ါရီ ၁၉ ရက်က ဖမ်းဆီးရမိခဲ့ရာ ယင်းငါးမျိုးစိတ်သည်မြန်မာ့
ရေပိုင်နက်အတွင်း နေထိုင်ကျက်စားလေ့ရှိသော ငါးမျိုးစိတ် မဟုတ်ကြောင်းနှင့် တောင်အမေရိကတိုက် အမေဇုန်မြစ် အတွင်းတွင် စတင်တွေ့ရှိခဲ့ရသည့် အယ်လီဂေတာဂါးဖစ်ရှ် (ခေါ်) မိကျောင်းနှုတ်သီးနှင့် ငါးဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင် က ဇန်န၀ါရီ ၂၃ ရက်၌ ရှင်းလင်းပြောဆိုခဲ့သည်။

' ဒီလိုငါးမျိုးစိတ်ကို ကျွန်တော်ကိုယ်တိုင်လည်း မမြင်ဖူးခဲ့ဘူး။
မြန်မာနိုင်ငံမှာ တွေ့ရှိမှတ်တမ်းတင်ထားတဲ့ ငါးမျိုးစိတ်ပေါင်း ၁၀၀၀ ကျော်ထဲမှာလည်းမပါတဲ့အတွက် ပညာရှင်တွေကို
ပြသစုံစမ်းတဲ့အခါမှာ ဒီငါးမျိုးစိတ်ဟာ တောင်အမေရိကတိုက် အမေဇုန်မြစ်အတွင်းမှ စတွေ့ခဲ့ရပြီး အလှမွေးတဲ့ငါးမျိုးစိတ်အဖြစ် ကမ္ဘာမှာပျံ့နှံ့ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ် ' ဟု ဇန်န၀ါရီ ၂၃ ရက်
မွန်းတည့် ၁၂ နာရီက ရန်ကုန်မြို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အဆောက်အအုံတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ဦးဝင်းကြိုင်က ရှင်းလင်းပြောဆို ခဲ့ခြင်းဖြစ်သည်။

' ဒီငါးမျိုးစိတ်ဟာ မြန်မာ့ရေပိုင်နက်မှာ ရှိရမယ့် ငါးမျိုးစိတ်မဟုတ်တဲ့
အတွက် ကျွန်တော်တို့အနေနဲ့သုံးသပ်မိတာကတော့ နိုင်ငံခြားသားသော် လည်းကောင်း၊ နိုင်ငံသားတစ်ဦးတစ်ယောက် သော်လည်းကောင်း အလှမွေးငါး ၀ါသနာပါတဲ့ တစ်စုံတစ်ယောက်က အလှမွေးငါးအဖြစ် ယူဆောင်ထိန်းသိမ်းထားရင်းက လွတ်သွားသလား၊ လွှတ်လိုက်သလားဆိုတဲ့ အခြေအနေကိုပဲ လောလောဆယ် သုံးသပ်လို့ရပါတယ် ' ဟု ဦးဝင်းကြိုင်ကပင် ဆက်လက်ပြောဆိုခဲ့သည်။

အဆိုပါ မိကျောင်းနှုတ်သီးနှင့်ငါးကို ဇန်န၀ါရီ ၁၉ ရက်တွင် လှိုင်မြစ်အတွင်း ရွှေပြည်သာမြို့နယ်နှင့် ၀ါးတစ်ရာ ကျေးရွာ အကြား၌ မျှောပိုက်ချထားသည့် တံငါတစ်ဦးက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၀ါးတစ်ရာဆိပ်ကမ်းရှိ ငါးဒိုင်တစ်ခုတွင် ရောင်းချခဲ့ရာ ဂမုန်းပွင့် အမွှေးတိုင်လုပ်ငန်းနှင့် လယ်ယာလုပ်ငန်းများ လုပ်ကိုင်သူ ကိုညီမင်းထွဋ် က ငွေကျပ်ငါးသောင်းဖြင့်ဝယ်ယူကာ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်သို့ လာရောက်ပြသခြင်း ဖြစ်သည်။ ၎င်းဝယ်ယူအပြီး မကြာခင် ယင်းမိကျောင်းနှုတ်သီးနှင့်ငါးမှာ သေဆုံးခဲ့ကြောင်းသိရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

Aye Chan Mon# Credit To : The Mirror Daily> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်။


မူရင်း=  https://www.facebook.com/photo.php?fbid=584851058273098&set=a.329330483

မြန်မာနိုင်ငံ၌ မတွေ့ရှိသေးသည့် မိကျောင်းပါးစပ်ပါ ငါးမျိုးစိတ် လှိုင်မြစ်အတွင်း ပထမဆုံးအကြိမ် တွေ့ရှိ
Published on: January 23, 2014
Written by: မျိုးမင်းထက်၊ ရန်မျိုးအောင်

 
 လှိုင်မြစ်အတွင်းမှ ဖမ်းဆီးရမိသည့် မိကျောင်းပါးစပ်ပါငါး(Alligator Gar Fish) ကို တွေ့ရစဉ်(ဓာတ်ပုံ-မျိုးမင်းထက်)


မြန်မာနိုင်ငံ၌ မတွေရှိရသေးသည့် မိကျောင်းပါးစပ်ပါသော ငါးမျိုးစိတ်တစ်မျိုးကို မှော်ဘီနှင့်
 ရွှေပြည်သာမြို့အကြားရှိ လှိုင်မြစ်အတွင်း ၀ါးတစ်ရာဆိပ်ကမ်းအနီးတွင်ပထမဆုံးအကြိမ် ဖမ်းဆီးတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

“ဒီငါးကို ၁၉ ရက် ညနေ ၅ နာရီမှာ ဖမ်းမိတုန်းက လှိုင်မြစ်ထဲမှာ ငါးတန်နဲ့အတူ ပိုက်မှာမိတယ်။ မိပြီး ရေလုပ်သားက ဒိုင်ကိုတစ်သောင်းနဲ့ရောင်းတယ်။ ကျွန်တော်က သူ့ဆီက ငါးသောင်းနဲ့ပြန်ဝယ်ခဲ့တယ်။ အိမ်ရောက်တော့ ဓားနဲ့ခုတ်ကြည့်တော့ သူအကြေးခွံက တော်တော်မာတာကို တွေ့ရတယ်။ ငါးပုံစံကမြင်ဖူးနေကျမဟုတ်ဘဲ မိကျောင်းပါးစပ်လိုဖြစ်နေလို့ ငါးလုပ်ငန်းကိုလာပြတယ်” ဟုအဆိုပါငါးကို ၀ယ်ယူခဲ့သူ ကိုညီမင်းထွဋ် က ပြောကြားသည်။

ယင်းငါးမျိုးမှာ မြန်မာနိုင်ငံတွင်မရှိသော အမေဇုန်မြစ်ကဲ့သို့သောနေရာမျိုးတွင် ရှိသည့် ပြည်ပငါးမျိုးစိတ်သာဖြစ်ကြောင်း၊ငါးပုံစံမှာ မိကျောင်းပါးစပ်ဖြစ်ကာ အပေါ်မေးရိုးတွင်ကြီးမားသော သွားများပါ၍အစားကြီးသောပုံစံရှိပြီး လူတစ်ရပ်ထိ ကြီးထွားနိုင်သော အကောင်ကြီးမျိုးဖြစ်သဖြင့် မူလရှိသော မိမိတို့ရေမြေအတွင်းရှိ ငါးမျိုးစိတ်များကို ထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင် က သုံးသပ်ပြောကြားသည်။

“ကိုယ်ဆီမှာ တွေ့ရတဲ့ငါးမျိုးမဟုတ်ဘဲ ရေပိုင်နက်ထဲရောက်နေတာကလည်း စဉ်းစားစရာပါ။ တခြားသူ့လိုအကောင်တွေရှိသေးရင် ကိုယ့်မျိုးငါးတွေအတွက် အန္တရာယ်ရှိတယ်။ ပြည်ပက သေဆုံးငါးသွင်းရင်တောင် လိုင်စင်ယူပြီးမှ သွင်းရတာပါ။ နိုင်ငံခြားမျိုးငါးတွေ သွင်းရင်လည်း သဘာဝပတ်ဝန်းကျင် မထိခိုက်ဘဲ စီးပွားဖြစ်ပြီး ပြည်ပပို့နိုင်၊ ကိုယ်လည်းစားနိုင်တဲ့ ငါးမျိုးတွေဆိုရင်တော့ သွင်းပြီးမွေးသင့်ပါတယ်” ဟု ဦးဝင်းကြိုင်က ပြောသည်။

လှိုင်မြစ်အတွင်း ဖမ်းဆီးရမိသော မိကျောင်းပါးစပ်ပါ ငါးမျိုးကို Alligator Gar Fish ဟုခေါ်၍ ရေချိုငါးမျိုးဖြစ်ပြီး မြောက်အမေရိကတွင်တွေ့ရှိရ၍ အရွယ်ရောက်ချိန်၌ အပေါ်မေးရိုးနှစ်တန်းတွင် ကြီးမားသော သွားများပါရှိကာ ၁၀ ပေထိအရှည်ရှိပြီး အနည်းဆုံးပေါင် ၂၀၀ (၉၁ကီလိုဂရမ်)ထိ အလေးချိန်ရှိကြောင်းသိရသည်။ ယခုဖမ်းဆီးရမိသော အဆိုပါငါးမှာ အရှည်နှစ်ပေနှင့် ကိုးလက်မရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားငါးမျိုးစိတ်ပေါင်း ၁၀၀၀ ခန့်ရှိ၍ ရေချိုငါးမျိုးစိတ် ၆၀၀ ခန့်ရှိကာ ရေငန်ငါးမျိုးစိတ် ၄၀၀ ကျော်ရှိကြောင်း သိရသည်။


မူရင်း= https://www.facebook.com/photo.php?fbid=530772750353894&set=a.3510477149

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...