စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နမော တဿ နဲ့ ဗုဒ္ဓဘာသာ



“နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ဆိုတဲ့ ပါဠိစကားတော်ကို ဗုဒ္ဓဘာသာများ ရင်းနှီးပြီးသား၊ ရဖူးပြီးသား ဖြစ်ကြပါတယ်။ အထူးသဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဘုရားရှိခိုးတိုင်း၊ ဘာသာရေး အခမ်းအနားများရှိတိုင်း ရွတ်ဆိုအသုံးပြု နေကြသလို ဘာသာရေး စာအုပ်များရဲ့ အဖွင့်စာမျက်နှာများမှာလည်း အမြဲတမ်း ရေးသားအသုံးပြုလေ့ ရှိတတ်ကြပါတယ်။ ဒါကြောင့် ဒီစကားတော်ဟာ ဗုဒ္ဓဘာသာတွေအတွက် လူတိုင်းနီးပါး ရနေတဲ့ စကားတော်လို့ ဆိုခြင်းဖြစ်ပါတယ်။

♦ တိုက်ရိုက်ပြောရရင် ဒီစကားတော်ဟာ ဘုရားရှိခိုးတဲ့ ဘုရားရှိခိုးပါပဲ။ အဓိပ္ပါယ်က “ပူဇော်အထူးကို ခံတော်မူထိုက်သော၊ အလုံးစုံသော တရားတော်တို့ကို မဖောက်မပြန် ကိုယ်တော်တိုင် ထိုးထွင်း၍ သိတော်မူသော ထိုမြတ်စွာဘုရားရှင်အား ရှိခိုးပါ၏” ဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။ ခက်တာက တစ်ခါတစ်လေ နှုတ်တက်ရနေ၊ ရွတ်နေပေမယ့် ဒီဘုရားရှိခိုးကို ဘုရားရှိခိုးမှန်းမသိ၊ ဘာအဓိပ္ပါယ်မှန်း မသိဘဲဖြစ်နေကြတဲ့ သူတွေရှိသလို ဘာသာရေး အခမ်းအနားတွေမှာ အခမ်းအနားအဖွင့် အနေနဲ့ ရွတ်ဆိုကြတဲ့ အခမ်းအနားအဖွင့် တစ်ခုလို့ပဲ ထင်နေတတ်တဲ့သူတွေလည်း ရှိနေတဲ့အချက်ပဲ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဗုဒ္ဓဘာသာတွေ အထူးသဖြင့် မြန်မာဗုဒ္ဓဘာသာတွေမှာ ဘာသာရေးနဲ့ ပတ်သက်တဲ့ အရေးအသားတွေ၊ အသုံးအနှုန်းတွေကို တစ်ခါတလေ အလေ့အကျင့်များ၊ ဆောင်ထားတာများနေလို့သာ အလွတ်ရနေ၊ မှတ်မိနေကြပေမယ့် ဘာအဓိပ္ပါယ်လဲလို့ မေးလာရင် မသိတာတွေဘဲ အဖြစ်များနေကြတာကို တွေ့ရတတ်ပါတယ်။ အစဉ်အလာအရ လုပ်နေကြပေမယ့် တစ်ယောက်ယောက်က ဘာအဓိပ္ပါယ်လဲလို့ ဆိုလာရင် ဘာမှန်းမသိဖြစ်ကာ မဖြေနိုင်ဘဲ ဖြစ်နေကြတာ များပါတယ်။ အခု ဒီနမော တဿ ဘုရားရှိခိုးနဲ့ ပတ်သက်ပြီးတော့လည်း လူတိုင်းအမြဲတမ်း ရွတ်ဖတ်နေကြပေမယ့် ဘာအဓိပ္ပါယ်လဲဆိုတာ တိတိကျကျ မပြောနိုင်ကြတဲ့သူတွေ အများကြီး ရှိနေတာကို သိနေရပြန်ပါတယ်။ တစ်ချို့ကလည်း ဒီ နမော တဿကို ဘယ်သူတီထွင်ထားတာလဲ၊ ဘယ်တုန်းက ပေါ်လာတာလဲ စသဖြင့် မေးလာသူတွေ ရှိပါတယ်။ တစ်ချို့ကတော့ တကယ့်ကို ဘာအဓိပ္ပါယ်မှန်း မသိသလို အဆောင်ဂါထာ တစ်ခုလိုလည်း ထင်နေတတ်ကြပြန်ပါတယ်။

တစ်လောကတောင် ဒကာလေးတစ်ယောက် ကျောင်းရောက်လာတုန်း ဟိုစကားဒီစကားပြောရင်း သူက“တပည့်တော်ကတော့ ငယ်ငယ်တည်းက အဖေသင်ပေးထားတဲ့အတိုင်း အရဟံဂုဏ်တော်နဲ့ နမော တဿကို အမြဲတမ်း ရွတ်ပွားဖြစ်ပါတယ်ဘုရား၊ ဒါပေမယ့် အဖေသင်ပေးလို့သာ အရဟံဆိုတဲ့ စကားနဲ့ တပည့်တော် ရင်းနှီးနေတာ ဘာအဓိပ္ပါယ်မှန်း မသိဘူး ဖြစ်နေတယ်၊ အဲဒါ အရဟံအကြောင်းကို တပည့်တော်ကို ရှင်းပြပေးပါဘုရား”လို့ လျှောက်လာလို့ အရဟံဂုဏ်တော်ရဲ့ အဓိပ္ပါယ်ကို ရှင်းပြပေးခဲ့ရပါသေးတယ်။ ပြီးတော့သူ့ကို “အရဟံဂုဏ်တော်ကိုတော့ ရှင်းပြလို့ နားလည်သွားလောက်ပြီ ထင်ပါတယ်၊ နမော တဿရဲ့ အဓိပ္ပါယ်ကတော့ သိပြီးသားဆိုတော့ ရှင်းပြဖို့ မလိုတော့ဘူး မဟုတ်လား”လို့ ထပ်မေးတော့ သူက “ဘုန်းဘုန်းဘုရား တပည့်တော် နမော တဿရဲ့ အဓိပ္ပါယ်လည်း ကောင်းကောင်းမသိပါဘူးဘုရား၊ တစ်ဆက်တည်း ရှင်းပြပေးပါ”ဆိုလို့ နမော တဿရဲ့ အဓိပ္ပါယ်ကိုပါ ရှင်းပြလိုက်ရပါသေးတယ်။ သူပြောမှပဲ သူလိုလူတွေ အများကြီး ရှိနေပါလားဆိုတာ ပိုပြီးသတိပြုမိသွားပါတယ်။ ဒါနဲ့ မဖြစ်သေးပါဘူး ဒီ နမောတဿ အကြောင်း စာလေးတစ်ပုဒ်တော့ ရေးဦးမှပဲလို့ အတွေးရပြီး အခုလို ရေးဖြစ်သွားခြင်း ဖြစ်ပါတယ်။

တကယ်တော့ ဒီ“နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ဆိုတဲ့ ဘုရားရှိခိုးဟာ ထေရဝါဒ ပိဋကတ်တော်မှာ တိုက်ရိုက်လာတဲ့ စကားတော်ပဲ ဖြစ်ပါတယ်။ ဒီမှာပါတဲ့ စကားတော်အတိုင်း ဘုရားရှင်ကို ရှိခိုးလေ့ရှိတဲ့သူတွေ ဘုရားလက်ထပ်မှာ အများကြီးရှိတယ်ဆိုတာ ပိဋကတ်တော်တွေမှာ တွေ့နိုင်မှာ ဖြစ်ပါတယ်။

ထင်းရှားတဲ့သူတွေ အနေနဲ့
♦ ဇာဏုသောဏီ ပုဏ္ဏားကြီး (ပဏ်၊ ၁၊ ပါ၊ ၂၃၅)၊
♦ ကောသလမင်းကြီး (ပဏ်၊ ၂၊ ပါ၊ ၃၁၄)၊
♦ ဗြဟ္မာယု ပုဏ္ဏားကြီး (ပဏ်၊ ၃၊ ပါ၊ ၃၄၁)၊
♦ ဓနဉ္ဇာနီ ပုဏ္ဏေးမကြီး (သံ၊ ပါ၊ ၁၆၂)၊
♦ အာရာမဒဏ္ဍ ပုဏ္ဏား (အံ၊ ၂၊ ပါ၊ ၆၈)၊
♦ ကာရဏပါလီ ပုဏ္ဏား (အံ၊ ၅၊ ပါ၊ ၂၀၆)၊
♦ မဟိန္ဒမင်းကြီး (ဓမ္မ၊ ဋ္ဌ၊ ပ၊ ၆၄)၊
♦ သိကြားမင်း (ဒီဃ၊ ၂၊ ပါ၊ ၂၃၀) စသူတို့ကို တွေ့ရမှာဖြစ်ကြောင်း ပိဋကတ်လမ်းညွှန် စာအုပ်မှာ ဖော်ပြထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒါနဲ့စပ်ပြီး ကောသလမင်းကြီးရဲ့ ဘုရားရှင်ကို နမော တဿနဲ့ ရှိခိုးတဲ့အကြောင်းလေးကို အထူးပြုပြီး ဖတ်ဖြစ်ခဲ့ပါတယ်။ ဒီအကြောင်းအရာကို ပိဋကတ်တော်မှာတော့ ပိယဇာတိကသုတ် အနေနဲ့ မှတ်တမ်းတင်ထားတာကို တွေ့ရပါတယ်။ တစ်ခါက ဖြစ်ပါတယ်။ သားတစ်ယောက် သေဆုံးသွားတဲ့အတွက် ပူဆွေးသောက ရောက်နေတဲ့ သူကြွယ်တစ်ယောက်ဟာ မြတ်စွာဘုရားရှိရာ ဇေတဝန်ကျောင်းတော်ကို ရောက်လာခဲ့ပါတယ်။ အဲဒီသူကြွယ်ကိုကြည့်ပြီး ဘုရားရှင်က “သူကြွယ် ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်စိတ်ဆင်းရဲခြင်း၊ ပြင်းစွာပူပန်ခြင်းတွေဟာ ချစ်ခြင်းကြောင့်ပဲ ဖြစ်လေ့ရှိတယ်၊ ချစ်ခြင်းကြောင့်ပဲ အစပျိုးခဲ့ခြင်း ဖြစ်တယ်”လို့ မိန့်တော်မူပါတယ်။ ဒါကို သူကြွယ်က “အရှင်ဂေါတမ မဖြစ်နိုင်ပါဘူး၊ ချစ်ခြင်းကြောင့်ပဲ နှစ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းတွေ ဖြစ်လေ့ရှိပါတယ်”လို့ ဘုရားအဆိုကို လက်မခံဘဲ ထပြန်သွားပါတယ်။ အဲဒီသူကြွယ်ဟာ အိမ်ပြန်ရောက်တဲ့အခါမှာလည်း ဘုရားပြောတဲ့အကြောင်းကို လက်မခံနိုင်တဲ့အကြောင်း တွေ့တဲ့သူတွေကို လိုက်ပြောပါတော့တယ်။ နောက်ဆုံး ဒီအကြောင်းဟာ ကောသလဘုရင် နားထဲအထိ ရောက်သွားခဲ့ပါတယ်။ ကောသလမင်းကြီးလည်း ဘုရားမိန့်တော်မူတဲ့ အကြောင်းကို လက်မခံနိုင်ဘဲ မလ္လိကာ မိဖုရားကြီးကို ပြောဆိုပါတယ်။ မလ္လိကာက လူလွှတ်ပြီး ဘုရားထံ စုံးစမ်းခိုင်းတော့ ဘုရားရှင်ဟာ သူကြွယ်ကို ဟောလိုက်တဲ့ အတိုင်းပဲ ပြန်ဟောပြဖြစ်ခဲ့ပါတယ်။ ဘုရားရှင်ရဲ့ သဘောတော်ကိုသိတဲ့ မလ္လိကာဟာ ဒီအကြောင်းနဲ့ စပ်ပြီး ကောသလမင်းကြီးကို ဥပမာပေးကာ ရှင်းပြပါတယ်။

“အရှင်မင်းကြီး ဘုရားစကား မှန်မမှန် စဉ်းစားကြည့်စေချင်ပါတယ်၊ တကယ်လို့များ အရှင်မင်းကြီး သိပ်ချစ်ရတဲ့ ဝဇိရီ သတို့သမီးပဲ ဖြစ်ဖြစ်၊ သိပ်ချစ်ရတဲ့ ဝါသဘခတ္တိယ မင်းသမီးပဲ ဖြစ်ဖြစ်၊ သိပ်ချစ်ရတဲ့ ဝိဋဋူဘ စစ်သူကြီးပဲ ဖြစ်ဖြစ်၊ အရှင်မင်းကြီး သိပ်ချစ်တဲ့ မိဖုရားခေါင်ကြီးဖြစ်တဲ့ ကျွန်တော်မျိုးမပဲ ဖြစ်ဖြစ် တစ်ယောက်ယောက်က သေဆုံးခြင်း၊ ဖောက်ပြန်ခြင်း ဖြစ်ခဲ့မယ်ဆိုရင် အရှင်မင်းကြီး ဘယ်လိုဖြစ်မလဲ ပူပန်သောက ဖြစ်ခြင်းတွေ ဖြစ်မဖြစ် စဉ်းစားကြည့်ပါ”လို့ မေးလျှောက်တဲ့အခါ ကောသလမင်းကြီးက သိပ်ဖြစ်တဲ့အကြောင်း ဖြေကြားပါတယ်။ “မင်းကြီးအဲဒီလိုဖြစ်ခြင်းဟာ ချစ်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်၊ ဘုရားရှင်ဟာ ဒီအကြောင်းရင်း သေချာစွာ သိရှိပြီးမှာ ဒီတရားကို ဟောတော်မူတာ ဖြစ်ပါတယ်”လို့ မလ္လိကာ မိဖုရားက ကောသလမင်းကြီးကို တရားပြပေးလိုက်ပါတယ်။ မင်းကြီးဟာ မိဖုရားကြီးရဲ့ စကားကို သေချာနားလည် သဘောပေါက်သွားပြီး အလွန်ကျေးဇူးတင် ဝမ်းမြောက်လွန်းလှတဲ့အတွက် ဘုရားရှင် ရှိရာအရပ်ကို လက်အုပ်ချီပြီး “နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”လို့ သုံးကြိမ်သုံးခါ ရွတ်ဆိုရှိခိုးရင်း ဥဒါန်းကျူးရင့်လိုက်တယ်လို့ ဆိုပါတယ်။ ဒါက ပိယဇာတိကသုတ်မှာလာတဲ့ ကောသလမင်းကြီးနဲ့ နမော တဿ ဘုရားရှိခိုးအကြောင်း တစ်စေ့တစ်စောင်းပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ အဓိက ပြောချင်တာက နမော တဿ ဘုရားရှိခိုးနဲ့ ပတ်သက်ပြီး ပြောချင်တာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာတွေ အနေနဲ့ လူတိုင်းရွတ်ဆိုနေကြ၊ ရနေကြတဲ့ ဒီနမော တဿ ဘုရားရှိခိုးဟာ ခုနောက်ပိုင်းမှ တီထွင်ဖန်တီးထားတဲ့ ဘုရားရှိခိုး မဟုတ်ဘဲ ဘုရားလက်ထက်ကတည်းက အသုံးပြုလာခဲ့တဲ့ ပိဋကတ်တော်လာ ဘုရားရှိခိုးဖြစ်တယ် ဆိုတာ သိစေချင်တာ ဖြစ်ပါတယ်။

သူဌေးသူကြွယ်မှစပြီး မင်းပုဏ္ဏား နတ်သိကြားများအထိ
ဒီဘုရားရှိခိုးကို ရွတ်ဆိုကာ ဘုရားရှင်အား ရှိခိုးလေ့ရှိတယ်ဆိုတာ ညွန်းဆိုချင်တာ ဖြစ်ပါတယ်။ ပြီးတော့ ဒီလို ပိဋကတ်တော်လာ
ဘုရားရှိခိုးကို ရနေရုံနဲ့ မလုံလောက်ဘဲ လေးနက်တဲ့
အဓိပ္ပါယ်ကိုပါ သိရှိအောင်လုပ်ပြီး ဘုရားရှင်ရဲ့ ဂုဏ်တော်များအထိ အာရုံပြုကာ ရှိခိုးကြဖို့ အသိပေးလိုတာ ဖြစ်ပါတယ်။
[www.facebook.com/youngbuddhistassociation.mm]
သေချာတွေးကြည့်တော့ လေးနက်တဲ့ ဒီ နမော တဿ ဘုရားရှိခိုးကို လူတွေက အလွယ်တကူ ရနေပြီး အမြဲတစေ ကြားနေကြတဲ့အတွက် အလေးမမူမိဘဲ ဖြစ်နေကြတဲ့ သဘောရှိပါတယ်။

ကြားပါများ၊ ရပါများတော့ ရိုးသွားကြသလို ဖြစ်ဟန်ရှိပါတယ်။
ပိုဆိုးတာက ဂုဏ်တော်အစွမ်းအပေါ် သဒ္ဓါမလွှမ်းမိကြတော့
ဘုရားရှိခိုး သက်သက်ဖြစ်နေတဲ့ ဒီ နမော တဿ ဘုရားရှိခိုးကို ဥုံတွေဘာတွေခံပြီး ရွတ်ဆိုလေ့ရှိကြတဲ့ ဂါထာ မန္တယားတွေလောက် အထင်မကြီးကြ၊ မယုံကြည်ကြတဲ့သဘောလည်း ဖြစ်နိုင်ပါတယ်။ ဘယ်ဂါထာကို ဘယ်လိုရွတ်ရင် ဘာတွေရမယ်၊
ဘယ်လိုအောင်မြင်မယ်ဆိုတဲ့ အစွယ်အညွန်းလေးတွေ
မရှိတဲ့အတွက် ဒီ နမော တဿ ဘုရားရှိခိုးကို
ဒီလောက်စိတ်ဝင်းစားမှု မရှိဘဲ ဖြစ်နေကြခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

[www.facebook.com/youngbuddhistassociation.mm]
အမှန်တော့ ဒီနမော တဿ ဘုရားရှိခိုးဟာ ပြောရမယ်ဆိုရင်
တစ်ခြားဂါထာ အင်းအိုင်တွေထက် အဆအထောင်မက
အစွမ်းထက်လှတဲ့ ဘုရားရှိခိုးပဲ ဖြစ်ပါတယ်။
ယုံကြည်မှုနဲ့အတူ ဘုရားရှင်ရဲ့ ဂုဏ်ကိုလွှမ်းပြီး သေသေချာချာ
ကျကျနန ရွတ်ဆိုပူဇော် ရှိခိုးနိုင်မယ်ဆိုရင် ဘုရားရှင်ရဲ့ အားတွေ၊ တန်ခိုးတွေ၊ အစွမ်းတွေက ပူဇော်သူတွေကို သေချာပေါက် အကျိုးသက်ရောက်မှု ရှိစေမှာ အမှန်ပဲ ဖြစ်ပါတယ်။

အချိန်ရှိတိုင်း၊ အားတိုင်း၊ အိပ်ယာထ၊ အိပ်ယာဝင်တိုင်း ဒီ နမော တဿ ဘုရားရှိခိုးကို နှလုံးသားထဲမှာ စွဲမြဲပြီး ပူဇော်နိုင်မယ်ဆိုရင် ဗုဒ္ဓါနုဿတိ ဘာဝနာဖြစ်ကာ ဗုဒ္ဓအစွမ်းတွေ၊ ဗုဒ္ဓအားတွေနဲ့ ပီတိသုခတွေ ပြည့်ဝစေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဘုရားရှင်ကို ဘယ်လိုပုဂ္ဂိုလ်မျိုးကမှ အန္တရာယ် အနှောက်အယှက်ဖြစ်အောင် မလုပ်နိုင်သလို အမြဲမပြတ် ဘုရားရှင်ကို ရှိခိုးနေကြတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ဘယ်လိုပုဂ္ဂိုလ်မျိုး၊ ဘယ်လိုအန္တရာယ်မျိုးကမှ ဒုက္ခရောက်အောင် မလုပ်နိုင်တာ အမှန်ပဲ ဖြစ်ပါတယ်။ ယုံကြည်မှုနဲ့အတူ ပုံတော်ကိုမှန်းပြီး ဂုဏ်တော်လွှမ်းကာ အမြဲမပြတ် နမော တဿနဲ့ ဘုရားရှိခိုး ရွတ်ဖတ်ပူဇော်နေကြတဲ့ သူတွေအတွက် သူတော်ကောင်းများ၊ နတ်ကောင်းနတ်မြတ်များကလည်း အမြဲမပြတ် စောင့်ရှောက် နေကြမယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ထေရဝါဒ ဗုဒ္ဓဘာသာတွေအနေနဲ့ နမော တဿ ဘုရားရှိခိုးဟာ အမြဲတမ်းရင်းနှီး ကျွမ်းဝင်မှု ရှိနေကြပေမယ့် အဓိပ္ပါယ်ကို မသိဘဲ ဖြစ်နေတာရယ်၊ ပိဋကတ်တော်လာ ဘုရားရှိခိုးမှန်း မသိဘဲ ဖြစ်နေတာရယ် ဥုံစတဲ့ အဆောင်ဂါထာတွေလောက် ယုံကြည်မှု မရှိတာတွေရယ်ကြောင့် ရကားရ၏ မသိ၊ ရွတ်ကားရွတ်၏ မမိဆိုသလို ဖြစ်ကာ အထင်ကြီးမှု၊ လေးစားမှု မရှိဘဲ ဖြစ်နေတတ်တာနဲ့ ပတ်သက်လို့ နမော တဿ ဘုရားရှိခိုးဟာ ဂုဏ်တော်နဲ့ အဓိပ္ပါယ်ကို သေချာလွှမ်းပြီး မျှော်လင့်ချက်မပါတဲ့ ယုံကြည်မှုနဲ့ အမြဲမပြတ် ရွတ်ဖတ်ပူဇော် ကုသိုလ်တော် ယူနိုင်မယ်ဆိုရင် အဲဒီလို သူတွေအတွက် အကောင်းဆုံး ဘုရားရှိခိုး တစ်ခုဖြစ်ပါကြောင်း ညွန်းဆိုရင်း နမော တဿနဲ့ ဗုဒ္ဓဘာသာအကြောင်း တစ်စေ့တစ်စောင်း ရေးသားတင်ပြလိုက်ရပါတယ်။

- [ စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး) ]

Dhamma Danã Source ►
Young Buddhist's Association



https://www.facebook.com/photo.php?fbid=666146826759292&set=a.572785052762137.1

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...