စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘဝမှာ စိတ်ချမ်းသာချင်တယ်ဆိုရင် ပစ္စုပ္ပန်မှာ ရှင်သန်ပါ





လူတိုင်းဘဝမှာ အတိတ်နဲ့ကင်းပြီး ရှင်းသန် မနေနိုင်ကြပါဘူး။ အဲဒီအတိတ်က ပစ္စုပ္ပန်ရဲ့ မိတ်ဆွေကောင်းပါ။ အတိတ်မကောင်းခဲ့ရင် ပစ္စုပ္ပန်မှာ ကောင်းဖို့တော့ မလွယ်။ ဒါပေမယ့် အတိတ်က မကောင်းခဲ့တာကို ပစ္စုပ္ပန်ထိ ယူငင်သယ်ဆောင်လာတာက ပိုပြီးမကောင်းတာပဲ ဖြစ်ပါတယ်။


အတိတ်ကို နောင်တရနေရင် ပစ္စပ္ပုန်အတွက် ခြေလှမ်းတွေဟာ အမြဲတမ်း ယိုင်နဲ့နဲ့ လှမ်းနေရတော့မှာပေါ့။ အဲဒီအတိတ်က ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် အဲဒီအတိတ်ထဲမှာ ရှင်သန်နေလို့တော့ လုံးဝ မရပါဘူး။ အထူးသဖြင့် မရေမရာ အတိတ်တွေထဲက အဟုတ်တကယ် ဖြစ်မလာခဲ့တဲ့ စိတ်ကူးယဉ် အမှားတွေအတွက် ထပ်ပြီး အိပ်မက် မက်မနေဖို့ပါ။


ပစ္စုပ္ပန်ကတော့ အနာဂတ်အတွက် ဖန်တီရှင်ဖြစ်တယ်။ ပစ္စုပ္ပန်ရဲ့ တန်ဘိုးက အနာဂတ်မှာ မရေတွက်နိုင်တဲ့ ကောင်းကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ အကြောင်းကောင်းမှ အကျိုးကောင်းတယ် ဆိုသလိုပဲ ပစ္စပ္ပုန်အချိန်လေးကို ကောင်းအောင်လုပ်ပါမှ အနာဂတ်မှာ ကောင်းကျိုးတွေကို ရမှာပါ။ ဘဝမှာ ပစ္စုပ္ပန်ထက် အရေးကြီးတာမရှိ။


စိတ်ချမ်းသာနေတဲ့ လူတိုင်းဟာ ပစ္စုပ္ပန်မှာ ရှင်သန်နေထိုင်သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ အရာရာမှာ အကောင်းမြင်တတ်တဲ့ စိတ်တံခါးတွေကို ဖွင့်ထားကြတဲ့ သူတွေလည်း ဖြစ်ကြတယ်။ လက်ရှိအချိန်မှာ စိတ်ချမ်းသာရေးထက် ဘာမှမရေးမကြီးသလို စိတ်ချမ်းသာမှုကိုပဲ ရှာဖွေနေထိုင်သူတွေလည်း ဖြစ်ကြပါတယ်။


ဘဝမှာ စိတ်ချမ်းသာဖို့ အတိတ်ကို (ရွှေထီးဆောင်ခဲ့တာပဲဖြစ်ဖြစ်) ဘာမှတွယ်ကပ်နေစရာ မလိုပါဘူး။ တွယ်ကပ်နေတယ်ဆိုရင်လည်း နောင်တအထပ်ထပ်နဲ့ သောကနေ့ရက်တွေပဲ ဖြစ်နေပါလိမ့်မယ်။ ဒီနေ့ စိတ်ဆင်းရဲနေသူအတွက် မနက်ဖြန် အတွေးတွေမှာ ချိုမြိန်စရာလည်း ပါလာမှာ မဟုတ်ပါ။ ဒါကြောင့် ပစ္စုပ္ပန်မှာ စိတ်ချမ်းသာမှုနဲ့ ရှင်သန်နိုင်အောင် ကြိုးစားပါ။


သူငယ်ချင်းတို့ရေ…………..

လူတိုင်းဘဝမှာ မျက်မှောက်အချိန်ထက် ကောင်းတဲ့အချိန်မရှိပါ။ ဒီအချိန်မှာ မိမိဘဝကို ကြိုက်သလို ဖန်တီလို့ရပါတယ်။ အတိတ်ကို ပြန်နေမယ်၊ အနာဂတ်ကို ကြံနေမယ်ဆိုရင်တော့ ပစ္စုပ္ပန်မှာ ရပိုင်ခွင့် အရာအားလုံးကို ဆုံးရှုံးတာပဲ အဖတ်တင်လိမ့်မယ်။ အတိတ်က သင်ခန်းစာတွေကို အခြေခံပြီး ပစ္စုပ္ပန်မှာ ကောင်းမွန်အောင် လုပ်နိုင်မှ အနာဂတ်မှာ မိမိတို့ မျှော်လင့်ထားတဲ့ ပန်းတိုင်ကို လှမ်းကိုင်နိုင်မယ်ဆိုတာ မမေ့ပါနဲ့။


ဘဝနဲ့ဆန္ဒ တသားတည်းကျပါစေ………..
လင်းမြတ်(ပန်းတောင်း)

စိတ်ချမ်းသာရေး နည်းလမ်းကောင်းများ - ( ၂ )

( အတိတ်က ခံစားပူလောင်မှုတွေ အနာဂါတ်တစ်ချိန်မှာ ပြန်လည်ကြုံတွေ့ ခံစားနေရဦးမှာပဲလို့ တွေးပြီး ပစ္စပ္ပုန်မှာ ပူပန်နေတဲ့ ကျနော့် သူငယ်ချင်းတစ်ယောက်ကို ရည်ရွယ်ပါသည်။ )
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...